ကျိုင်းတုံ အိမ်မီးလောင်မှု အိမ်ရှင်အမျိုးသားမီးလောင်သေဆုံး

ဇန်နဝါရီ ၂၁ – ၂၀၂၅
GG (VOM)
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ နောင်ခေ့လမ်းမှာ ဒီနေ့ဇန်နဝါရီ ၂၁ ရက်နေ့မနက်ပိုင်းက နေအိမ်မီးလောင်မှုဖြစ်ပွားပြီး အိမ်ပိုင်ရှင်အမျိုးသားမီးလောင်သေဆုံးခဲ့တယ်လို့သိရပါတယ်။
မီးလောင်မှုက မနက်အစော ၁ နာရီကျော်လောက်မှာစတင်ဖြစ်ပွားခဲ့တာဖြစ်ပေမယ့် မီးသတ်ကားတွေက မနက်၃ နာရီလောက်မှသိရှိပြီး ရောက်ရှိလာတာကြောင့် မီးလောင်ချိန်ကြာမြင့်ပြီးမှ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့မျက်မြင်ဒေသခံတွေပြောပြချက်အရသိရပါတယ်။
“မြို့မရဲစခန်းထောင့် လမ်းဆုံက အောင်နိုင်စတိုးအိမ်မီးလောင်တာပါ။ မီးက ၁ နာရီကျော် လောက်ကတည်းကစလောင်တာကို ၃ နာရီကျော်လောက်မှမီးသတ်ကားတွေရောက်တယ်။ဆက်သွယ်တာနောက်ကျလို့ပဲလားဘာလားသေချာမသိဘူး။အိမ်ရှင်ဦးလေးကြီး ဦးအောင်နိုင်လည်းမီးထဲပါသွားတယ်။အိမ်လည်းမီးထဲအကုန်ပါသွားတယ်။” လို့ မျက်မြင်ဒေသခံတယောက်ပပြောပြပါတယ်။
အဆိုပါ နေအိမ်မီးလောင်မှုက ဝါယာကြိုးရှော့ဖြစ်ပြီး မီးလောင်ကျွမ်းခဲ့တာဖြစ်ကြောင်းနဲ့ ဆုံးရှုံးမှုတန်ဖိုးကိုတော့ မသိရသေးဘူးလို့ သိရပါတယ်။
မီးလောင်မှုကိုတော့ ကျိုင်းတုံခရိုင်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ကျိုင်းတုံမြို့နယ်မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်(၃)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေက ၃နာရီ ၅၃ မိနစ်မှာ မီးစတင်ငြှိမ်းသတ်ခဲ့ပြီး၄နာရီ၃၀မိနစ်မှာမီးငြိမ်းခဲ့တယ်လို့သိရပါတယ်။
ဇန်နဝါရီ ၁၈ ရက်နေ့ကလည်း တနင်္သာရီတိုင်း ၊မြိတ်မြို့နယ်၊ အလယ်ကျွန်းရပ်ကွက် ၊ မင်္ဂလာလမ်းသွယ်မှာ နေအိမ်သုံးလုံး မီးလောင်ခဲ့ပြီး အမျိုးသားတယောက်မီးလောင်သေဆုံးခဲ့ပါတယ်။
Photo – MFSD

Related posts

Leave a Comment

VOM News

FREE
VIEW