အိမ်သုံးမီတာလျှောက်ခ အရင်ထက် နှစ်ဆပေးရလို့ ပြည်သူတွေ အခက်တွေ့

 

ဒီဇင်ဘာ ၅ – ၂၀၂၃

SN (VOM)

ရန်ကုန်မှာ အိမ်သုံးမီတာတွေ အသစ်ပြန်လည်လျှောက်ထားရာမှာ အရင်က တပ်ဆင်ခ ကျပ် တသိန်းနှစ်သောင်းသာ ပေးရပေမယ့် အခုအခါ ကုန်ကျစရိတ် နှစ်သိန်းခွဲအထိရှိပြီး နှစ်ဆနီးပါးတက်သွားတာကြောင့် အခက်တွေ့နေရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အိမ်သုံးမီတာလျှောက်ထားရာမှာ သတ်မှတ်ကြေး နှုန်းထားတွေကို ဒီဇင်ဘာ ၁ ရက်မှစတင်ကာ ကျပ် နှစ်သိန်းခွဲအထိ တိုးမြှင့်ကောက်သွားမယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

“အစစအရာရာ ကြပ်တည်းနေတဲ့ အချိန်မှာ မီတာတပ်ဆင်ခက နှစ်ဆ ကျော်ကျော်လောက် ဖြစ်သွားတာတော့ လွန်တာပေါ့။ ဒါပေမယ့်လည်း ‌သူတို့တောင်းသမျှ ဒီအချိန်မှာက မပေးလို့မှ မရတာ။ ပြန်လျှောက်ရတာတော့ လွယ်ပါတယ်။ ပိုက်ဆံ ဖောဖောသီသီ သုံးနိုင်ရင် လျှောက်ရ လွယ်ပါတယ်။ ဖောင်ကြေးကတော့ အရင်က တထောင်ပဲပေးရပေမယ့် အခု တသောင်းဖြစ်သွားပြီ။ အဓိက က ပိုက်ဆံသုံးနိုင်ဖို့ပဲ။ ပိုက်ဆံသုံးနိုင်ရင်တော့ မြန်တယ်၊ အဆင်ပြေတယ်” လို့ လှိုင်သာယာမြို့နယ်မှ ပြည်သူတယောက်က ပြောပါတယ်။

ပြင်ဆင်သတ်မှတ်လိုက်တဲ့ အိမ်သုံးမီတာနှုန်းထားမှာ အိမ်သုံးမီတာသတ်မှတ်ကြေး ကျပ် တသိန်းခွဲ၊ မီတာပုံးခွံ (Tran Box) လေးသောင်းကျပ်၊ Breaker တသောင်းကျပ်၊ အခြားကုန်ကျစရိတ် ငါးသောင်းကျပ်၊ အာမခံစပေါ်ငွေ ကျပ် တသောင်းခွဲ၊ ကြိုးသွယ်ခ တသောင်းကျပ်၊ မီးဆက်ခ ငါးသောင်းကျပ်၊ ကြီးကြပ်ခ ငါးထောင်ကျပ်နဲ့ မီတာလျှောက်လွှာမှတ်ပုံတင်ကြေး တသောင်းကျပ် စုစုပေါင်း ကျပ် နှစ်သိန်းခွဲ ကုန်ကျမှာဖြစ်တယ်လို့ သိရပါတယ်။

အရင်က အိမ်သုံးမီတာသတ်မှတ်ကြေးနှုန်းမှာ အိမ်သုံးမီတာ သတ်မှတ်ကြေး ရှစ်သောင်းခွဲကျပ်၊ မီတာပုံးခွံ (Tran Box) တသောင်းခုနစ်ထောင်ကျပ်၊ Breaker ရှစ်ထောင်ကျပ်၊ တခြားကုန်ကျစရိတ် တသောင်းကျပ်၊ အာမခံစပေါ်ငွေ လေးထောင်ကျပ်၊ ကြိုးသွယ်ခ နှစ်ထောင်ကျပ်၊ မီးဆက်ခ နှစ်ထောင်ကျပ်၊ ကြီးကြပ်ခ တထောင်ကျပ်နဲ့ မီတာလျှောက်လွှာမှတ်ပုံတင်ကြေး တထောင်ကျပ် စုစုပေါင်း ကျပ် တသိန်းနှစ်သောင်းသာ ကုန်ကျတာဖြစ်ပါတယ်။

“မီတာမဆောင်နိုင်လို့ မီတာဖြုတ်ခံရတယ်။ ဆောင်လိုက်တော့ သုံးသိန်းကျော်၊ လေးသိန်းနီးပါးပေးရတယ်။ အဲ့လို မီတာဆောင်ပြီးတာကို မီတာလာမတပ်ဘူး။ အသစ်ပြန်လျှောက်ခိုင်းနေတယ်။ အခုခေတ် ကုန်ဈေးနှုန်းကလည်း သိတဲ့အတိုင်း၊ တခုပြီးတခု တိုးတောင်းနေတယ်။ ကိုယ်‌တွေ ပြည်သူတွေကတော့ လှိမ့်နေအောင်ခံရဦးမှာပေါ့” လို့ မြောက်ဒဂုံမြို့နယ်မှ ပြည်သူတယောက်က ပြောပါတယ်။

လက်ရှိမှာ အိမ်သုံးမီတာအသစ် တပ်ဆင်ခြင်းတခုသာ နှုန်းထားပြောင်းလဲ ကောက်ခံခြင်းဖြစ်ပြီး ကျန်တဲ့ ပါဝါမီတာ၊ စီတီမီတာများကို ပုံမှန် စည်းကြပ်ကောက်ခံနေတဲ့ နှုန်းထားတွေအတိုင်း ဆက်လက်စည်းကြပ် ကောက်ခံမှာဖြစ်တယ်လို့ သိရပါတယ်။

Photo Crd: Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW