ကိုရီးယားရောက်မြန်မာတွေ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရင် ဝင်ငွေခွန်တွေ တပါတည်း ထမ်းဆောင်ရမယ်

 

ဒီဇင်ဘာ ၉ – ၂၀၂၃

SN (VOM)

ကိုရီးယားရောက် PJ (Job Passport) နဲ့ PB (Business Passport) ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပါက ဝင်ငွေခွန်တွေကိုပါ တပါတည်း ထမ်းဆောင်ရမှာဖြစ်တယ်လို့ ဆိုးလ်မြို့ရှိ မြန်မာသံရုံးက မနေ့ ဒီဇင်ဘာ ၈ ရက်က အသိပေး ကြေညာထားပါတယ်။

ပြည်ပနေနိုင်ငံသားတွေရဲ့ ပြည်ပမှာ နိုင်ငံခြားငွေနဲ့ရရှိတဲ့ လစာဝင်ငွေအပေါ် အရင်က ဝင်ငွေခွန်ကင်းလွတ်ခွင့် ပြုခဲ့ပေမယ့် ၂၀၂၃ ခုနှစ်၊ ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေနဲ့ အောက်တိုဘာ ၁ ရက်နေ့မှစတင်ကာ ဝင်ငွေခွန်ကင်းလွတ်ခွင့်ကို ပယ်ဖျက်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အဲ့ဒီ့ ပြင်ဆင်တဲ့ဥပဒေနဲ့ ပြည်ပနေနိုင်ငံသားတွေရဲ့ လစာဝင်ငွေအပေါ် တွက်ချက်ရမယ့် ဝင်ငွေခွန်နှုန်းထား၊ ပေးဆောင်ရမယ့် ဝင်ငွေခွန်ပမာဏ၊ သတ်မှတ်ရမယ့် နည်းလမ်းနဲ့ ပေးဆောင်ရမယ့် ငွေကြေးအမျိုးအစား သတ်မှတ်ချက်တို့ကိုလည်း ပြဋ္ဌာန်းခဲ့တယ်လို့ သိရပါတယ်။

ဒါ့ကြောင့် ကိုရီးယားသမ္မတနိုင်ငံမှာ ရောက်ရှိနေထိုင် အလုပ်လုပ်ကိုင်လျက်ရှိကြတဲ့ မြန်မာနိုင်ငံသားတွေအနက် PJ နဲ့ PB ကိုင်ဆောင်ထားသူတွေအနေနဲ့ လာမယ့် ဒီဇင်ဘာ ၁၁ ရက်နေ့မှစတင်ကာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးဖို့အတွက် မြန်မာသံရုံးကို လာရောက်ရာမှာ မိမိထမ်းဆောင်လိုတဲ့ ကာလတွေအတွက် ဝင်ငွေခွန်တွေကိုပါ တပါတည်း ထမ်းဆောင်ရမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါနဲ့ ပတ်သက်လို့ ကိုရိးယားရောက် မြန်မာနိုင်ငံသားတယောက်က “သူတို့ကလည်း မရမချင်း အတင်းတွေ တောင်းနေတာ။ ဘာအတွက်ကောက်ပြီး ဘယ်နေရာမှာသုံးမှာလဲလည်း သေချာမသိရဘူး။ အခွန်ဆိုတာ နိုင်ငံအကျိုးပြုဖို့အတွက် ဆောင်ကြရတာ။ ပွင့်လင်းစွာ ချပြရင်တော့ ဆောင်ကြမှာပေါ့။ အခုလို ပတ်စပို့စ်နဲ့ ချည်ပြီးတုပ်ပြီး လုပ်တာလည်း မကောင်းဘူး” လို့ ပြောပါတယ်။

အလုပ်သမားဝန်ကြီးဌာနအနေနဲ့ ပြည်ပရောက် မြန်မာလုပ်သားတွေကို လစဥ် လစာရဲ့ ၂၅ ရာခိုင်နှုန်းကိုဖြစ်စေ၊ အများဆုံး သုံးလစာရဲ့ ၂၅ ရာခိုင်နှုန်းဖြစ်စေ လွှဲပို့ရမယ်လို့ အခု ၂၀၂၃ ခုနှစ်၊ သြဂုတ်လကုန်ပိုင်းက ညွှန်ကြားချက် ထုတ်ပြန်ခဲ့သလို အောက်တိုဘာ ၁ ရက်မှ စတင်ကာ ပြည်ပရောက် မြန်မာလုပ်သားတွေရဲ့ လစာအပေါ် ရရှိတဲ့ နိုင်ငံခြားငွေ အမျိုးအစားအလိုက် ဝင်ငွေခွန် ပေးဆောင်ရမယ်လို့လည်း ကြေညာထားတာ ဖြစ်ပါတယ်။

“ပတ်စ်ပို့ သက်တမ်းတိုးအတွက်က အခွန်ကင်းရှင်းကြောင်း အထောက်အထား ပြဖို့လိုတယ်။ မပြနိုင်ရင်တော့ သက်တမ်းတိုးဖို့ အခက်အခဲ ရှိနိုင်တယ်။ ဒါကိုလည်း အစကတည်းက ရှင်းပြထားပြီး ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ နှုန်းအတိုင်း အခွန်မဆောင်ရင်တော့ သက်တမ်းတိုးလို့မရဘူးပေါ့။ အခွန်မဆောင်ရသေးသူတွေ၊ ပြည်ပမှာ သက်တမ်းတိုးလိုသူတွေ အနေနဲ့လည်း သက်ဆိုင်ရာသံရုံးတွေမှာ အခွန်တခါတည်း ဆောင်ပြီးမှ သက်တမ်းတိုးနိုင်မှာပါ” လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီတခုမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ပြင်ပမှာ နေထိုင်အလုပ်လုပ်ကိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ပြင်ဆင်ထားတဲ့ အခွန်ကောက်ဥပဒေအရ မိမိတို့ရဲ့ ပြည်ပမှာ နိုင်ငံခြားငွေနဲ့ ရရှိတဲ့ လစာဝင်ငွေအပေါ် နည်းလမ်းနှစ်မျိုးနဲ့ အခွန်ပေးဆောင်ရမှာဖြစ်တယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာနက အောက်တိုဘာ ၇ ရက်မှာ ထပ်မံ ထုတ်ပြန် ကြေညာထားပါတယ်။

အဲ့ဒီ့နည်းလမ်းတွေကတော့ ဝင်ငွေခွန်ဥပဒေအရ ခွင့်ပြုထားတဲ့ သက်သာခွင့်တွေကို နုတ်ပယ်ပြီး ဝင်ငွေအလွှာအလိုက်

အခွန်နှုန်းထားနဲ့ တွက်ချက်ခြင်းနည်းလမ်း၊ ဝင်ငွေခွန်ဥပဒေအရ ခွင့်ပြုထားတဲ့ သက်သာခွင့်တွေကို နုတ်ပယ်ခြင်းမပြုဘဲ အခွန်နှုန်း ၂ ရာခိုင်နှုန်းနဲ့ တွက်ချက်ခြင်းနည်းလမ်း စတဲ့ နည်းလမ်း နှစ်မျိုး ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ့ နည်းလမ်းနှစ်မျိုးထဲမှာမှ ပိုနည်းတဲ့ အခွန်ပမာဏကိုသာ ပေးဆောင်ရမှာဖြစ်ပြီး သက်ဆိုင်ရာပြည်ပနိုင်ငံရဲ့ အခွန်ဥပဒေအရ ပေးဆောင်ခဲ့ရတဲ့ ဝင်ငွေခွန်ပမာဏကိုလည်း နှိမ်ပေးမှာဖြစ်သလို လစာဝင်ငွေခွန်ကို မိမိရရှိတဲ့ နိုင်ငံခြားငွေအမျိုးအစားနဲ့သာ ပေးဆောင်ရမှာဖြစ်တယ်လို့ သိရပါတယ်။

ပြည်ပရောက် မြန်မာလုပ်သားတွေအနေနဲ့ ပေးဆောင်ရမယ့် လစာဝင်ငွေခွန်ပမာဏကို သိရှိနိုင်ဖို့ ပြည်တွင်းအခွန်များဦးစီးဌာန ဝက်ဘ်ဆိုက်ဖြစ်တဲ့ http://www.ird.gov.mm ရဲ့ Home page ရှိ လစာဝင်ငွေခွန် တွက်ချက်ရန် (ပြည်ပနေနိုင်ငံသား) Menu Link မှတဆင့် ဝင်ရောက်တွက်ချက်နိုင်တယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးထားပါတယ်။

အလုပ်သမားဝန်ကြီးဌာနရဲ့ စာရင်းတွေအရ တောင်ကိုရီးယားနိုင်ငံမှာ မြန်မာလုပ်သား ငါးသောင်းကျော် ရောက်ရှိ အလုပ်လုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။

Photo-Myanmar Embassy, Seoul

 

Related posts

Leave a Comment

VOM News

FREE
VIEW