ရန်ကုန်၊ ဒီဇင်ဘာ ၁၃ -၂၀၂၃
GG (VOM)
ပဲခူးတိုင်း၊ ဖြူးမြို့နယ် ၊ ရန်ကုန် မန္တလေး လမ်းဟောင်းပေါ်က ညောင်ပင်သာရွာ ရဲစခန်း ဒီနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ မနက်စောပိုင်းက တိုက်ခိုက်ခံရပြီး စခန်းထဲကလက်နက်တွေ သိမ်းခံလိုက်ရတဲ့အပြင် စခန်းတွင်းမီးရှို့ဖျက်ဆီးခံရတာတွေရှိခဲ့တယ်လို့သိရပါတယ်။
“ညောင်ပင်သာရဲစခန်းက ကညွတ်ကွင်းနဲ့ ဖြူးကြားကပေါ့။ မနက် ၄ နာရီလောက်မှာဝင်တိုက်ခံရတာ၊ စခန်းလည်းမီးရှိုးခံရတယ်၊ လက်နက်တွေလည်းသိမ်းခံရတယ်ဆိုပြီး ပုံတွေလည်းတွေ့ရတယ်။ ကျနော်တို့ကတော့ သွားလည်းကြည့်မရဘူးလေ၊အခုကတော့ စစ်တပ်နဲ့ရဲက စခန်းကိုပြန်ထိန်းထားတယ်။စစ်တောင်းမြစ်နဲ့ကျွန်တော်တို့က နီးတာကိုး၊အရပ်သား ၃ ယောက်သေတယ်လို့လည်းသိရတယ် ” လို့ ကညွတ်ကွင်း ဒေသခံတစ်ဦးကပြောပြပါတယ်။
ညောင်ပင်သာရဲစခန်း တိုက်ခိုက်ခံရမှုမှာ ရဲတပ်ဖွဲ့က ဒုရဲအုပ်အပါ ၂ ယောက်နဲ့ စစ်တပ်က ၃ ယောက်သေ ဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ လုံခြုံရေးအဖွဲ့နဲ့နီးစပ်သူတွေဆီကသိရပါတယ်။
” ဒုရဲအုပ်နိုင်လင်းထွန်းနဲ့ ရဲတပ်သားသူရအောင် ကျဆုံးခဲ့တယ်၊နောက်ထပ် တပ်မတော်သား ၃ ဦးကျတယ်။ဒုရဲအုပ်ရဲ့အမျိုးသမီး လက်နက်ကျည်ထိဒဏ်ရာရတယ်။အခုတော့ စခန်းကို ပြန်ထိန်းချုပ်ထားပါတယ်။ ” လို့ သူကပြောပါတယ်။
ညောင်ပင်သာရဲစခန်း တိုက်ပွဲမှာ နစက ဘက်က လေကြောင်းပစ်ကူ တိုက်ခိုက်မှုလုပ်ခဲ့တယ်လို့သိရပါတယ်။
တိုက်ပွဲကတော့ မနက် ၇ နာရီလောက်ကတည်းက ငြိမ်သက်သွားတာကြောင့် ရန်ကုန် မန္တလေးလမ်းဟောင်းလည်း သွားလာလိုရနေပြီဖြစ်ပေမယ့် စစ်ဆေးမှုကတော့ တင်းကြပ်နေတယ်လို့သိရပါတယ်။
ညောင်ပင်သာရွာမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက်လောက်ကလည်း PDF တွေနဲ့ စစ်တပ်အကြားတိုက်ပွဲတွေဖြစ်ပွားခဲ့တာရှိတယ်လို့သိရပါတယ်။
PDF တွေဘက်ကလည်း ညောင်ပင်သာ ရဲစခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊လက်နက်တွေသိမ်းဆည်းရမိခဲ့ကြောင်း ၊ လုံခြုံရေးတပ်ဖွဲ့ဝင် တွေဘက်ကသေဆုံးမှုရှိကြောင်း သတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။
နစက ဘက်ကတော့ ညောင်ပင်သာရွာရဲစခန်းတိုက်ခိုက်ခံရပြီး မီးရှို့ခံရတာ၊ လုံခြုံရေးတပ်ဖွဲ့ဝင် တွေသေဆုံးမှုရှိတာတွေနဲ့ပတ်သက်ပြီး နစက ဘက်ကတော့ သတင်းထုတ်ပြန်တာမတွေ့ရှိရသေးပါဘူး။
ကျောက်တံခါးမြို့နယ်မှာလည်း ရထားလမ်းဖောက်ခွဲခံရလို့ မန္တလေးရန်ကုန် ရထားတိမ်းမှောက်ပြီး ရထားတွဲထိခိုက်ခဲ့သလို ရထားလမ်း ပျက်စီးခဲ့တာကြောင့် ရထားခရီးစဥ်တွေဖျက်သိမ်းထားတယ်လို့သိရပါတယ်။