ရခိုင်စစ်ဘေးရှောင်ပြည်သူတွေ အရေးပေါ် အကူအညီလိုအပ်နေ

 

ဒီဇင်ဘာ ၁၇ – ၂၀၂၃

SN (VOM)

ရခိုင်ပြည်နယ်မှာ လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ဦးရေ နှစ်သိန်းနီးပါး ရှိလာနေပြီး အခြေခံ စားနပ်ရိက္ခာ၊ အသုံးအဆောင်နဲ့ ဆေးဝါးတွေ အရေးပေါ် လိုအပ်နေတယ်လို့ လူမူကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

လက်ရှိမှာ စစ်ဘေးရှောင်တွေအတွက် စားဝတ်နေရေး အခက်အခဲအပြင် ဆောင်းရာသီ ရောက်ရှိလာပြီ ဖြစ်တာကြောင့် စောင်နဲ့ အနွေးထည်တွေပါ အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။

“အခုကတော့ နှစ်ရက်၊ သုံးရက်ကစပြီး အကုန်လုံး အေးလာတော့ မြေပြင်မှာလိုနေတာ စောင်တွေ၊ ပုဆိုးတွေပေါ့။ အဓိက က ပေါက်တောဘက်က လာတဲ့သူတွေဆိုရင် ဘာမှကိုမယူနိုင်ဘဲ ကိုယ်လွတ်ရုန်းပြေးလာရတဲ့သူတွေဆိုတော့ စားဝတ်နေရေး အတော်ကို ခက်ခဲနေတယ်။ ကျန်တဲ့နေရာ တော်တော်များများမှာလည်း ဒါက လိုအပ်တယ်လို့ ပြောလို့ရတယ်။ ဒါပေမယ့် ပေါက်တောဘက်ကလာတဲ့ သူတွေနဲ့ကျတော့ နည်းနည်းကွာတာပေါ့နော်။ သူတို့က ချက်ချင်းကြီး ပြေးလာရတဲ့ပုံစံမျိုးဆိုတော့ သူတို့ကပိုပြီးအခက်အခဲရှိတဲ့ပုံစံမျိုးပါ” လို့ လူမှုကူညီရေးအသင်းတသင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ရခိုင်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ကတည်းက စတင်လာတဲ့ တိုက်ပွဲတွေကြောင့် နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်ဦးရေ ကနဦး ခြောက်သောင်းလောက်ရှိနေပြီး နောက်ထပ် စစ်ဘေးရှောင်ဦးရေ တသိန်းသုံးသောင်းလောက် ထပ်တိုးလာတာကြောင့် လက်ရှိမှာ စစ်ဘေးရှောင်ဦးရေ စုစုပေါင်း နှစ်သိန်းနီးပါး ရှိနေတယ်လို့ သူက ပြောပါတယ်။

“စစ်ဘေးရှောင်လူဦး‌ရေက အတိအကျတော့ ရဖို့ခက်တာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ သိသလောက်ကတော့ အသစ်က တသိန်းသုံးသောင်းဝန်းကျင်လောက်တော့ ရှိနေပြီလို့ ပြောလို့ရတယ်။ အဟောင်းကတော့ ခြောက်သောင်းဝန်းကျင်လောက်ပေါ့။ လူဦးရေကလည်း တိုးလိုက်၊ လျော့လိုက် ပုံစံမျိုးက အမြဲတမ်း ရှိနေတာပေါ့နော်။ အခြေအနေ နည်းနည်းကောင်းရင် သူ့ရွာသူ ပြန်သွားလိုက်ကြတာဆိုတော့ အဲ့လို အနေအထားမျိုးမှာ စာရင်းကတော့ အတိအကျရဖို့က မလွယ်ဘူးပေါ့” လို့ သူက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် နစက က လက်ရှိအချိန်အထိ ကုန်းကြောင်း၊ ရေကြောင်း စတဲ့ လမ်းပန်းဆက်သွယ်ရေးတွေ အားလုံးကို ပိတ်ဆို့ထားတဲ့အတွက် စစ်ဘေးရှောင်တွေကို တခြားဒေသတွေက ကူညီထောက်ပံ့ရေးအဖွဲ့တွေ ကူညီလို့မရနိုင် ဖြစ်နေတယ်လို့ သိရပါတယ်။

“အခုကတော့ တတ်နိုင်တဲ့ရွာကနေ မတတ်နိုင်တဲ့ရွာကို ထောက်ပံ့တာမျိုးပေါ့။ အဲ့လိုမျိုးပဲ လတ်တလော ဖြေရှင်းနေရတယ်။ ပြီးတော့ တချို့လူတွေကလည်း တတ်နိုင်သလောက် ထောက်ပံ့တာမျိုးတွေ ရှိတယ်။ ဒါပေမယ့် လမ်းခရီးအနေအထားက တနေရာနဲ့ တနေရာ သွားရ၊လာရ အရမ်းကိုခက်ခဲတယ်၊ လုံးဝ အဆင်မပြေဘူး။ သွားထောက်ပံ့မယ်ဆိုရင်လည်း ထောက်ပံ့တဲ့သူတွေက လက်ရှိအနေအထားက အဆင်မပြေတော့ ထောက်ပံ့ချင်သလောက် မရနိုင်ဘူးဖြစ်နေတယ်။ ဖုန်းလိုင်းတွေကလည်း အဆင်မပြေတော့ ဘယ်နေရာမှာ ဘာပေးနေတယ်ဆိုရင်လည်း မသိလိုက်ရတာက များတယ်” လို့ သူက ပြောပါတယ်။

လက်ရှိမှာ စစ်ဘေးရှောင်တွေဟာ အသက်ဘေးအန္တရာယ်ကနေ ကင်းလွတ်မယ့် နီးစပ်ရာ ကျေးရွာတွေက စာသင်ကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ အများဆုံး ခိုလှုံနေကြရတာဖြစ်ပေမယ့် နေရာကနည်းပြီး လူဦးရေကများနေတဲ့အတွက် ဆွေမျိုးနီးစပ်တော်သူတွေနဲ့ ရင်းနှီးသူ‌တွေရဲ့အိမ်တွေမှာ သွားရောက် နေထိုင်နေကြရပြီး တချို့အိမ်တွေမှာဆိုရင် အယောက် ၂၀ ကနေ ၃၀ လောက်အထိ နေထိုင်နေကြရတာကြောင့် အဆင်မပြေမှုတွေ ပိုများလာတယ်လို့ သိရပါတယ်။

“နေရထိုင်ရတာက လူဦးရေက များများလာတော့ ဘယ်လိုမှ အဆင်မပြေတော့ဘူး။ အိပ်ရတာလည်း ဖြစ်သလိုပေါ့။ ကုန်ဈေးနှုန်းတွေကလည်း ကြီးနေတော့ စားရတာကလည်း ဖြစ်သလို စားသောက်နေရတယ်။ အိမ်ကနေ ဘာမှမယူနိုင်ဘဲ အသက်လုပြီး ပြေးခဲ့ရတာဆိုတော့ အနွေးထည်လေးတထည်တောင် ပါမလာဘူး” လို့ ပေါက်တောမြို့နယ်ကနေ စစ်ဘေးရှောင်လာသူတယောက်က ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်ဘေးတိမ်းရှောင်နေရသူတွေဟာ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ ရသေ့တောင်တို့က အများဆုံးဖြစ်နေပြီး မောင်တော၊ ဘူးသီးတောင်၊ မြေပုံတို့ဘက်မှလည်း စစ်ရှောင်သူတွေတိုးလာသလို ပေါက်တော၊ မင်းပြား၊ ပုဏ္ဏားကျွန်းဘက်တို့ကနေ ရွာလုံးကျွတ် ထွက်ပြေး နေရသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW