မီးစက်နှင့် မန္တလေး

 

 

ဆူးငှက်

 

 

 

မြန်မာလူမျိုးတို့၏ အိမ်ခန်းဖွဲ့စည်းပုံတွင် အလင်းရောင်ကို ကဲလား တံခါးရွက်များဖြင့် ဖွင့်ယူသည့် စနစ်ဖြင့် အသုံးပြုကြသည်။ နေဝင်မိုးချုပ်လျှင် ကဲလားတံခါးချပ် ပိတ်လိုက် ရုံဖြင့် လုံခြုံမှုကိုရစေ၏။ ညဉ့်အချိန်၌ အိမ်ခန်းများအတွင်း၌ လင်းလင်းချင်းချင်း ရှိမှုကို များစွာ လိုလားပုံမရချေ။

 

ထို့အတူ မြို့တွင်းလမ်းများ၌လည်း ရေနံဆီသုံး တစ်ပင်တိုင် မီးအိမ်ကြီးများပဲ စိုက်ထူကာ လင်းချင်း စေခဲ့ခြင်းကလည်းပါတော်မူပြီး ခေတ်တိုင်အောင် ဖြစ်သည်။ သီပေါမင်း လက်ထက်က ‘မီးကြပ်အရာရှိ’ ဟူသော ရာထူးဖြင့် လမ်းမီးတိုင်များညစဉ်မီးထွန်းညှိရေး ဆောင်ရွက်သည့် တာဝန်ခံကို ခန့်အပ်ခဲ့သလို ပါတော်မူပြီးနောက်တွင် လမ်းမကြီးများပေါ်မှ မီးအိမ်များတွင်ညနေစောင်းသည်နှင့် ရေနံဆီလောင်စာ ဖြည့်တင်းခြင်း၊ မီးစာစစ်ဆေး လဲလှယ်ခြင်း၊ မီးထွန်းညှိခြင်း စသော အလုပ်များအတွက်ကြီးကြပ်ရသူကိုလည်း ‘မီးတိုင်အုပ်’ ဟု ရာထူးနာမည် မှည့်ခေါ် တာဝန်ပေး ခဲ့သည်။

 

မန္တလေးတွင် အင်္ဂလိပ်သိမ်းပိုက်ပြီးနောက် ခေတ်နောက်ကျနေသော မြို့ပြကို တစ်ဆင့်ချင်း ပြုပြင်ယူရာ မြူနီစီပယ်ဖွဲ့စည်းခြင်း၊ လမ်းခင်းခြင်း၊ တယ်လီဖုန်းသွယ်တန်းခြင်း၊ ဟောင်းနွမ်းနေသော မြန်မာပိုင် တဲအိမ်များဖျက်သိမ်း၍နိုင်ငံခြားသားပိုင် အိုးအိမ်များအတွက် ဂရန်မြေများ ချထားခြင်း၊ ပြလမ်းများတွင်တစ်ပင်တိုင် ရေနံဆီ မှန်အိမ် မီးတိုင်များထွန်းညှိခြင်း၊ မီးဘေးသင့်ခံရသော ဈေးချိုတော်ကို အသစ်ပြင်ဆင် ဆောက်လုပ်ခြင်းများ ဆက်တိုက် ဆောင်ရွက်ခဲ့သည်။

 

အင်းဝ၊ အမရပူရမှ မန္တလေးအထိ အစဉ်အဆက် ပါလာသော မြို့၏ ပင်မဗဟိုချက် အသည်းနှလုံးဖြစ်သော ဈေးချိုတော်ကို အရှေ့တိုင်း၏ အကြီးအကျယ်ဆုံးသော ဈေးကြီးအဖြစ် တည်ဆောက်နိုင်ရန် ညှိနှိုင်း ဆွေးနွေးကြကာ ဆုံးဖြတ်ပြီးသည်နှင့်မန္တလေးတွင် လျှပ်စစ်ဓာတ်အား စတင်သုံးစွဲနိုင်အောင် အကောင်အထည် ဖော်ခဲ့သည်။ ထို့ကြောင့် ၁၉ဝ၂ ခုနှစ် အောက်တိုဘာလမှာပင် Mandalay Electric Company ကို စတာလင်ပေါင် တစ်သိန်းဖြင့် မ-တည်ရင်းနှီး မြှုပ်နှံလိုက်သည်။ ချက်ချင်းလက်ငင်း ဆိုသလိုပင် ဒီဇင်ဘာလ အတွင်း၌ (Messrs.Diek, Kerr and Campany)နှင့် လုပ်ငန်းဆိုင်ရာ စာချုပ်များ ချုပ်ဆိုလိုက်ကြသည်။ ဒစ်ကားကုမ္ပဏီမှာ လန်ဒန်အခြေစိုက် ဖြစ်ပြီး ဘာစီလိုနား၊ မက်ဒရစ်နှင့် ကာလကတ္တားမြို့များ၌လည်းဓာတ်ရထားနှင့် လမ်းများ ဖောက်လုပ်ပေးခဲ့သည့် ကုမ္ပဏီဖြစ်သည်။ လန်ဒန်၌ ၁၉ဝ၂ ခုနှစ် စတာလင်ပေါင် နှစ်သိန်းဖြင့် မ-တည်မှတ်ပုံတင်ခဲ့သော ကုမ္ပဏီလည်း ဖြစ်သည်။

 

တကယ်တော့ အင်္ဂလိပ်အစိုးရသည် မန္တလေးတွင် လျှပ်စစ်ဓာတ်အားကိုစတင်သုံးစွဲရန် စီမံလိုက်ပုံမှာ ၄င်းတို့၏ဓာတ်ရထားများအဆင်သင့် ပြေးဆွဲနိုင်ရေးကိုအဓိကထားခဲ့ခြင်းဖြစ်သည်။ အရင်းရှင် စီးပွားရေးစနစ်ကိုခိုင်မာစွာအခြေချအသားကျနေသောနေမဝင် တိုင်းပြည်ကြီး ဖြစ်သောကြောင့် ¤င်း၏ ကိုလိုနီမှန်သမျှတွင် ကိုယ်ကျိုးစီးပွားပဓာနကိုအခြေခံပြီးမှမြို့ပြခေတ်မီရေးကိုဆောင်ရွက် ခဲ့ခြင်း ဖြစ်၏။

 

ဤသို့ဖြင့် လျှပ်စစ်ဓာတ်အားကုမ္ပဏီ၊ ဓာတ်ရထားကုမ္ပဏီများအတွက် မန္တလေးမြို့ ၂၆ (ဘီ) အာဇာနည် လမ်းမကြီး နှင့်၇၈ လမ်းဆုံ တောင်ဘက် ကျုံးနံဘေးတွင် ရေနွေးငွေ့အားသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ဓာတ်ရထား ကုမ္ပဏီ ရုံးခန်း၊ဓာတ်ရထားများ ထားရန် ဂိုဒေါင်နှင့် ဝပ်ရှော့တို့ကို ဝင်းကြီးတစ်ဝင်းတွင် စုစည်း နေရာပေးခဲ့သည်။ ထိုဝင်းအား နှောင်းခေတ်အထိ ဓာတ်စက်ရုံဝင်းဟု ခေါ်တွင်ခဲ့ကြသည်။

 

 

ဓာတ်ရထားပြေးဆွဲမှု ကွန်ရက်မှာ မန္တလေးဈေးချိုတော်ကို မဏ္ဍိုင်ထား၍ ဈေးချို-ဂေါဝိန်၊ ဈေးချို-ဘုရားကြီး၊ ဈေးချို-ရုံးကြီးဟူ၍ လိုင်းသုံးလိုင်း ခွဲလိုက်၏။ စုစုပေါင်းအရှည် ခုနစ်မိုင်ရှိသည်။ ထိုဓာတ်ရထားလိုင်းများအတွက် လျှပ်စစ်ဓာတ်ကြိုးများ သွယ်တန်းရသည်။ ဓာတ်ရထားပြေး သံလမ်းများ ခင်းရသည်။ ဓာတ်ရထားတွဲများမှာ အရှည် ၃၅ ပေ ၄ လက်မခွဲ၊ အကျယ်၆ ပေ၊ အမြင့် ၈ ပေခန့်ရှိပြီးElectric Railway and Tramway Carriage Works, Limited  က ဆောက်လုပ် ပေးခဲ့သည်။ဓာတ်ရထားပေါင်း ၂၄ စင်းပြေးဆွဲခဲ့၏။ ဓာတ်ရထားတစ်တွဲတွင် ခရီးသည် ၄၈ ယောက် စီးနင်း လိုက်ပါ နိုင်သည်။

 

မန္တလေးတွင် လျှပ်စစ်မီးကြိုးများ သွယ်တန်းပြီး ရေနွေးငွေ့အင်ဂျင်ဖြင့် လျှပ်စစ်ဓာတ်အားပေးသည်နှင့် ၁၉ဝ၄ ခုနှစ်ဇွန်လ ၁၇ ရက်နေ့တွင် ဓာတ်ရထားများကို စတင်ဖွင့်လှစ် ပြေးဆွဲခဲ့သည်။ မန္တလေး ၇၈ လမ်းပေါ်ရှိ ဓာတ်ရထားကုမ္ပဏီ ရုံးခန်းရှေ့မှ မန္တလေးမြို့ မျက်နှာဖုံး မြို့မိမြို့ဖများ၊ အရာရှိအရာခံများ၊ မြို့သူမြို့သားများနှင့် အတူ ဘုရင်ခံဆာဟျူးဘရန့်စ်ကဓာတ်ရထားလိုင်းများ ဖွင့်လှစ်ပေးခဲ့သည်။

 

ဓာတ်ရထားများ စတင်ပြေးဆွဲပြီးနောက် မန္တလေးမြို့တွင်း၌လည်း လျှပ်စစ် မီးများ သုံးစွဲနိုင်ခဲ့သည်။ တစ်ဆင့်ပြီးတစ်ဆင့် ရုံးများ၊ လူနေအိမ်များတွင်လည်း လျှပ်စစ်မီတာများ တပ်ဆင်ကာ လျှပ်စစ်ကို တွင်ကျယ်စွာ အသုံးပြုစေ၏။ ၁၃ဝဝပြည့် အရေးတော်ပုံကြီး ပြီးနောက် အမျိုးသားရေး စိတ်ဓာတ် ပြင်းထန်လာကာ မြန်မာပိုင် ဆိုက်ကားများကို အလုံးအခဲနှင့်အားပေးလိုက်ကြသဖြင့် အင်္ဂလိပ်ကုမ္ပဏီကြီး ကျီးနှင့်ဖုတ်ဖုတ်ဖြစ်ကာ ဓာတ်ရထားများ ဖြုတ်သိမ်းပြီးနောက် ထိုဓာတ်စက်ရုံအတွင်းမှ အင်ဂျင် ဓာတ်အားပေးစက်ကြီးကို အသုံးပြု၍ မန္တလေးကို လျှပ်စစ်ဓာတ်အား ဖူလုံစွာ ပေးဝေနိုင်ခဲ့သည်။လွတ်လပ်ရေးရပြီးနောက် လောပီတ ရေအားလျှပ်စစ် စက်ရုံကြီးမှ တစ်ပြည်လုံး အတိုင်းအတာဖြင့် လျှပ်စစ်ဓာတ်အားများ ပေးသောအခါ မန္တလေးသည် ‘အလိုမဲ့ ထွန်းလင်းစေနိုင်သော’ လျှပ်စစ်ကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ခဲ့သည်။ အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် လောပီတ လျှပ်စစ်ဓာတ်အား ခေတ္တ ပြတ်တောက်လျှင်ပင် အင်ဂျင်ဓာတ်အားပေးစက်ကြီး နှိုး၍ စက္ကန့်မလပ်လျှပ်စစ်အား ဖြည့်တင်းပေးခဲ့၏။

 

ဒါကဟိုတုန်းက မန္တလေး။   ။

 

ဆူးငှက်

 

#voiceofmyanmar  #VOM  #ဆူးငှက် #မီးစက်နှင့်မန္တလေး

 

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW