မြေဆီ မြေကောင်းနှင့် ပန်းပေါင်းတစ်ရာ

 

 

ဆူးငှက်

 

 

ကုန်လွန်ခဲ့သော ဆယ်စုနှစ် လေးစုကျော် ကာလများက ဝါဆိုလပြည့်ကျော်သည့်နောက်  မန္တလေးမြို့လယ်ခေါင် က ဝါးကပ်မိုးထရံကာ၊ သက်ကယ်မိုး ထရံကာ ဇာတ်ရုံကြီးများလည်း အလျှိုအလျှို ပေါ်ပေါက်လာခဲ့၏။ တရုတ်တန်း လမ်း၈၀ ပေါ်  ၃၁လမ်းနှင့် ၃၂လမ်းကြား (ယခု ကြည်တင်ဟိုတယ်နေရာ) မှာ တစ်ရုံ၊ ၇၈လမ်း မျက်ပါးရပ်မှာ မာလာရွှေစင်အမည်ဖြင့်တစ်ရုံ၊ မြောက်ပြင် ၁၅လမ်း ထီးရိုးဝင်းမှာ တစ်ရုံ၊ ဒေးဝန်း ၃၅လမ်းမှာ မြသီတာအမည်ဖြင့် တစ်ရုံ၊ အောင်မြေသာဇံ မိုးဗြဲကွင်းမှာ တစ်ရုံ၊ ဘုရားကြီး လေးဆယ့်ငါးတာမှာ နှစ်ရုံပြိုင်။ဇာတ်ရုံကြီးများကလည်း ဧရာမ အကြီးကြီးတွေ။ အရှည်ကပင် ဆယ့်ငါးပေခန်း အခန်းနှစ်ဆယ် နီးပါးရှိမည်။ အကျယ်ကခြောက်ခန်း၊ ခုနစ်ခန်း။ ဇာတ်ရုံကြီးတွေက တချို့ ဝါးကပ်မိုး၊ တချို့ သက်ကယ်မိုး ထားပြီး  ဝါးထရံများဖြင့် ပတ်ပတ်လည် အလုံကာထားသည်။ ထိပ်မှာက ဝင်ပေါက် ထွက်ပေါက်။ ဘေးတစ်ဖက်တစ်ချက်မှာက အရေးပေါ် ထွက်ပေါက်များ ထား၏။ ဇာတ်ခုံရှိရာဘက် နောက်မှာ အပေါက်တွေ ရှိသည်။  ဇာတ်ရုံကြီးအတွင်း၌ ဇာတ်ခုံရှေ့ တည့်တည့် အလယ်ခေါင်တွင် ဖျာကြမ်းတေ ွခင်းထားသည်။ ဖျာကြမ်း တစ်ချပ်လျှင် ငါးပေပတ်လည်လောက် ရှိမှပေါ့။ နောက်တော့ တဖြည်းဖြည်း သေးသေးသွားသည်။ ထိုဖျာကြမ်းများပေါ် သဘောၤဆေးဖြင့် နံပါတ်များ ရေးကာ အစီအစဉ် အတိုင်း စေ့နေအောင် ခင်းထားသည်။ ဖျာတွေတစ်ဖက်တစ်ချက်မှာ သုံးပေခန့်ကျယ်သည့် မင်းလမ်း။ မင်းလမ်းတွေ ဘေးမှာ ဂုံနီဖျဉ်အခင်းနှင့် ပက်လက်ကုလားထိုင်တွေဆယ်လုံးတန်းခန့် ဇာတ်ရုံ နောက်ဖျာတွေ အဆုံးထိ စီတန်း ချထားသည်။ ဖျာတွေအဆုံးမှာလည်း နောက်က ပိတ်ပြီး ပက်လက်ကုလားထိုင်တွေ ချထားပြန်၏။ ထို့ကြောင့် ပက်လက် ကုလားထိုင်တွေက ဖျာတွေကို အင်္ဂလိပ် အက္ခရာယူ(U) ပုံသဏ္ဌာန် ငုံထားသည်။ ထိုဖျာတွေ၊ ပက်လက် ကုလားထိုင်တွေက ဇာတ်ရုံအခန်းထဲက အခန်းပေါင်း  ၁၂ခန်းကျော်ခန့်အထိ နေရာယူထား၏။

 

 

ထိုစဉ်က တစ်နှစ်တစ်ခါ ဆိုသလို ထိုဇာတ်ရုံကြီးများ၌ ရုံဇာတ်ပွဲကြီးများ နားရက်မရှိ ဆက်တိုက်ဝင် ကသည်ကို အားပေးကြည့်ရှုကြရလို့ မမောနိုင်သေးဘဲ ယဉ်ကျေးမှု ကဇာတ်အဖွဲ့လို လာရောက် ကပြလျှင်လည်း ကျိတ်ကျိတ်တိုး အားပေးကြပြန်၏။ထိုစဉ်က ယဉ်ကျေးမှုကဇာတ်အဖွဲ့ ဆိုသည်မှာလည်း အနုပညာ၊ အတတ်ပညာရှင်ပေါင်း အမျိုးသား(၆၀)ကျော်အမျိုးသမီး(၁၅၀)ကျော်ဖြင့် ဖွဲ့စည်းထားသည့် စံပြုအပ်သော အဖွဲ့ကြီးဖြစ်သည်။ အဖွဲ့(၁)၊ အဖွဲ့(၂) ဟုပင် ခွဲ၍ တင်ဆက်ကြ၏။ပြင်ပမှ ဇာတ်သဘင်ပညာရှင်များ၊ ပန်တျာကျောင်းဆင်း လက်ရွေးစင်များ၊ ကျွမ်းကျင်သော ဒါရိုက်တာ၊ ဇာတ်ညွှန်းဆရာများ၊မီး၊ အသံ၊ အခမ်းအနား၊ ဆက်တင်၊ ပန်းချီပညာရှင်များစသည်ဖြင့် ဖွဲ့စည်းပုံအပြည့်ဖြင့် ဖြစ်သည်။ ဇာတ်ညွှန်းဆရာများပင်ကြည့်ပါဦး… ရန်ကုန်ဘဆွေ၊ ဗိုလ်မှူးသမိန်၊ ဆင်ပေါင်ဝဲမင်းမင်း၊ ရန်နိုင်စိန်၊ ဗိုလ်ဉာဏ်မောင်၊ ဘိုကလေးလှထွန်း၊ တေးယမုန်စိုးသန်း၊ ဗိုလ်ကျော်ဆန်း၊ ဦးဟန်ဝင်းတို့ ဖြစ်၏။

 

 

ကဇာတ်များ ဇာတ်ထုပ်များ အနေဖြင့်လည်း ၁၉၆၃-၆၄ ခုနှစ် မှစ၍ ရန်ကုန်ဘဆွေ၏ ဘလ္လာတိယကဇာတ်၊ ဦးမြတ်ကျော်၊ ဦးရွှေဒေါင်းညိုတို့၏ စန္ဒကိန္ဒရီကဇာတ်၊ ဆင်ပေါင်ဝဲမင်းမင်း၏ ဘိုးရာဇာကဇာတ်၊ သစ္စာမေတ္တာကဇာတ်၊ ဗိုလ်မှူးသမိန်၏ တစ်သောင်းမက လက်များ၊ ဆင်ပေါင်ဝဲမင်းမင်း၏ ဟံသကုမ္မာ၊ ဗိုလ်ဉာဏ်မောင်၏ လှိုင်းကြီးလှေအောက်၊ ဘိုကလေးလှထွန်း၏ အဘယကုမ္မာ၊ တေးယမုန်စိုးသန်း၏ နာဂသန္ဒရ၊ ဆင်ပေါင်ဝဲမင်းမင်း၏ ရန်အောင်မြင်၊ ဝက်ထီးကန်၊ သုဝဏ္ဏသျှံ၊ စစ်ကိုင်းဦးဘိုးသင်း၏ ဖာတစ်လုံးခေါင်းကြားကို တေးယမုန်စိုးသန်း ဇာတ်ညွှန်းခွဲသည့် ပဏ္ဍိတကုမ္မာ၊ ဗိုလ်ကျော်ဆန်း၏ ပုဂံစစ်သည်၊ ဘိုကလေးလှထွန်း၏ သီရိဝံသ၊ အင်း၀ သူရဲကောင်းလေးများ၊ ဆင်ပေါင်ဝဲမင်းမင်း၏ ရာမယန၊ ဦးဟန်ဝင်း၏ စဉ့်ကူးမင်းခေါင်းလောင်းတော်၊ ဗိုလ်ကျော်ဆန်း၏ ဂီတပါလီ၊ ဆင်ပေါင်ဝဲမင်းမင်း၏ ဝန်ကြီးပဒေသရာဇာ၊ ဗိုလ်ကျော်ဆန်း၏ ကေသရာလုလင်၊ ဗိုလ်ကျော်ဆန်း၏ မြန်မာ့လူ့ဘောင်သစ်၊ ခေတ်စာဆို  စိန္တကျော်သူ၊ ဇာတိမာန်ဟုန် ရတနာပုံ၊ ပွင့်ဖူးစုံမှ အငုံလှ၊ မြအလင်္ကာမြေ၊ မဟာဂီတစာဆို၊ ငွေတောင်သစ္စာ ပန်းမေတ္တာ၊ ဘိုကလေလှထွန်း၏ လောကရတနာ၊ ဗိုလ်ကျော်ဆန်း၏ တွင်းသင်းတိုက်ဝန် စာဆိုမွန်၊ သင်္ခပတ္တ၊ ပန်းသီဟ၊ သီတာရေမြေ ဆုံးစေတော့၊ သူ့ကျွန်အဖြစ် နွံနစ်မခံ၊ စာဆိုရှင် လက်ဝဲသုန္ဒရ၊ ပန်းမကိုဋ်မြေ စသည်ဖြင့် ကဇာတ်၊ ပြဇာတ်တို၊ ဇာတ်ကြီး၊ ပြဇာတ်ကြီးများကို ၁၉၈၈ ခုနှစ်အထိ ကပြနိုင်ခဲ့၏။

 

 

ထိုစဉ်က ယဉ်ကျေးမှုကဇာတ်သည် အာရှ၊ ဥရောပတစ်ခွင်ထိ အင်နှင့်အားနှင့် ခြေဆန့်နိုင်ခဲ့သည်။ မြန်မာ့အနုပညာကို စစ်စစ်မှန်မှန် တင်ပြနိုင်ခဲ့သည်။ ထို့ကြောင့်လည်း စာရေးဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က ‘ခြေမှာစကား၊ လက်ဖျားကဗျာ မျက်နှာဇာတ်လမ်း’ဟု တစ်ခုတ်တစ်ရ မှတ်တမ်းတင်နိုင်ခဲ့သည်။ ဤသို့ ခမ်းနား ကြီးကျယ်လှသော ယဉ်ကျေးမှု ကဇာတ်ကြီးများ လာရောက် ကပြလျှင်လည်း မန္တလေးပရိသတ်က အနုပညာချစ်စိတ်ဖြင့် ရုံကွဲသည်အထိ အားပေးခဲ့ကြသည်။ လက်မှတ်များကဘယ်တော့မှ လွယ်လွယ်ကူကူမရ။

 

 

ထိုကဲ့သို့သော ဇာတ်ပွဲ အခင်းအကျင်းများနှင့်အတူ မန္တလေး၏ နံမည်ကျော် ၁၂ရာသီ ခမ်းနားသည့် ပွဲတော်ညများကိုလည်းအမှတ်ရပါသေး၏။

 

 

၁၉၇၀၊ ၁၉၈၀ ကာလများ ဇာတ်ပွဲရာသီချိန် ရောက်ပြီဆိုလျှင် မန္တလေးတစ်မြို့လုံး ဇာတ်ရုံကြီးများတွင် ဇွန်ပန်းရနံ့တို့ ကြိုင်လှောက်ခဲ့ရသည်။ ၁၉၈၁ခု ဆိုင်တန်းမီး၊ ၁၉၈၄ ဦးကျားကြီးဝင်းမီး များနောက်၊ မြို့လယ်ခေါင်တွင် သက်ကယ်မိုး၊ ထရံကာဇာတ်ရုံကြီးများ နေရာမရတော့။ ထို့ပြင် ကြောက်ခမန်းလိလိ မီးဘေးကြီးများကြောင့် ဝင်ပေါက်ထွက်ပေါက် အဆင်မပြေနိုင်သော ယာယီ ဇာတ်ရုံကြီးများအတွင်း လူသောင်းချီ၍ ကြည့်ရမည့် အခြေအနေကို နောက်ဆံတင်း စိတ်မချနိုင်ဖွယ် ဖြစ်လာသည်။ထို့ပြင် ယာယီဇာတ်ရုံများ၏ သန့်စင်ခန်း စံနစ်တွေက မလုံခြုံ၊ မသန့်ရှင်း…၊ သည်ဒုက္ခကိုလည်း ကြောက်ရွံ့လာကြသည်။ဇာတ်ရုံကြီးများက လုံခြုံမှု  စိတ်မချရသော၊ ခရီးလမ်းပန်း ဝေးကွာသော မြို့စွန်မြို့ဖျားရောက်ရှိခြင်း၊ ခြေခင်းလက်ခင်းမသာသော နေရာထိုင်ခင်းဖြစ်ခြင်း၊ ခေတ်မမီခြင်း၊ စီမံကွပ်ကဲ နေရာချထားမှု ညံ့ဖျင်းခြင်းများကြောင့် ဇာတ်ရုံများဆီ ယခင်ကလိုအုန်းအုန်းကျွက်ကျွက် မသွားလာနိုင်ကြတော့။ ပြင်ပတွင်လည်း ရုပ်မြင်သံကြားနှင့် ဗီဒီယိုပြစက်များက တွင်ကျယ်လာသည်။

 

 

မန္တလေး၏ ၁၉၈၀ခုနှစ်ကျော်ကာလ မီးဘေးများနှင့် ၁၉၈၄ခုနှစ် နံမည်ကျော် ဦးကျားကြီးဝင်း မီးဘေးများအပြီး မြို့လယ်ခေါင်မီးဘေးသင့် စီးပွားရေးရပ်ကွက်ကြိးများ၏ မြေယာ အိုးအိမ် ပိုင်ဆိုင်မှုများက ကြောက်ခမန်းလိလိ ၉ဝံ ပြောင်းလဲသွားသည်။၁၉၉၀ကျော် ဈေးကွက်စီးပွားရေးနှင့် တည်ဆောက်ပြုပြင်များကြောင့် မြို့ပေါ်ရှိ ဘုရားစေတီ ဂေါစရဂံများ လုံးဝ ပြောင်းလဲ သွားပြန်သည်။ ဘိုးဘွားမိဘပိုင် ရွာနေပြည်ထိုင်များ မဟုတ်တော့။ ဂေဇက်ရ ဘုရားပွဲတော်ကြီးများသည်ပင်လျှင် အဝေးနှင့် မြို့သစ်ကွက်သစ်များဆီ ဖရိုဖရဲ ရောက်သွားသော ရွာနေပြည်ထိုင်များက ရသလောက် အလှူငွေလေးနှင့် လာရောက် ကျင်းပရသည်။ဘုရားရိပ်ခို တိုက်ကြီးရှင် အသစ်တို့က ဘုရာပွဲရက်မှာပင် ဘိလတ်သံတံခါးစေ့ သော့ခတ်ပြီး စလောင်းတီဗွီက နိုင်ငံခြားဇာတ်ကားကြည့်နေကြသည်။ တစ်ချိန်က ကျိတ်ကျိတ်တိုးကာ ပွဲဈေးတန်းနှင့် စည်တော်ကြီးက အစ အငြိမ့်ဇာတ်ပွဲလမ်းနှင့် ဆွမ်းကြီးလောင်း သံဃာ အပါး ထောင်ချီ အတန်းနှင့် မရှိတော့။ ပွဲတော်ကို ခြောက်ကပ်ကပ်နှင့် စတိသဘောသာ ကျင်းပခဲ့ကြရသည်။

 

 

နောက် ၈၈အရေးတော်ပုံ၊ ညမထွက်ရအမိန့်၊ အနုပညာအပေါ် ကန့်သတ် နှိပ်ကွပ်မှု၊ ခက်ခဲသော ပွဲမိန့်၊ အရပ်ရပ် အခွန်အတုပ်များ၊ နိုင်ငံတကာ၏ ဖန်သားပြင်နှင့် ဒီဂျစ်တယ် ဖျော်ဖြေမှု ရေကာတာ ကျိုးပေါက်ခြင်း…..။

 

 

x                      x                      x                      x                      x

 

တကယ်တော့ အနုပညာက နိုင်ငံရေးပင်စည်ပင်မ၏ အကိုင်းအခက် မဟုတ်လား။ နိုင်ငံရေး ပင်စည်ပင်မ မဖွံ့ထွားသရွေ့ ရွှေကျောင်း ပြောင်ပြောင် ဝမ်းခေါင်ခေါင် ဖြစ်နေချေဦးမည်။

မြေဆီ မြေကောင်းတွင် ပန်းပေါင်းတစ်ရာ ဖွေးဖွေးလှုပ် ပွင့်ပါမှ ဇွန်ပန်းရနံ့တွေ ကြိုင်ကြိုင်လှိုင်တော့မည်။ မည်သို့ဆိုစေ “ပွဲကြိုက်သူတွေ” ပွဲခင်းများဆီ ပွဲသွား ကြော့ကြော့ ပွဲပြန် မော့မော့နှင့် “သားရွှေအိုးထမ်းလာမည့်” ဇာတ်ထုပ်တွေ ပျော်ပျော်ရွှင်ရွှင်ကြည့်ချင်ပါသေး၏။

 

 

ဆူးငှက်

 

#voiceofmyanmar #VOM #ဆူးငှက် #မြေဆီမြေကောင်းနှင့်ပန်းပေါင်းတစ်ရာ

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW