မူဆယ် ၁၀၅ မိုင် မှာ ပိတ်မိနေတဲ့ ကုန်ကားတွေ ဘယ်မှ ထွက်မရပဲ အခက်အခဲ ဖြစ်နေ

 

ဒီဇင်ဘာ ၂၇၊ ၂၀၂၃

Shy V (VOM)

တရုတ် – မြန်မာ နယ်စပ်၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ် ရေးစခန်းမှာ ပိတ်မိနေတဲ့ ကုန်တင်ကားတွေ ဘယ်မှ ထွက်မရပဲ အခက်အခဲ ဖြစ်နေကြောင်း နယ်စပ် ကုန်သည် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

၁၀၅ မိုင် မှာ လုံခြုံရေး စိတ်မချရတာကြောင့် တရုတ်ဘက် ဝမ်တိန်ထဲ ကားတွေ ပြန်ထားဖို့ရာလည်း လမ်းခရီး အခက်အခဲ ဖြစ်ရတဲ့ အပြင် ကုန်ကျစရိတ် အဆမတန် များနေတယ်လို့ နယ်စပ်ကုန်သည် လုပ်ငန်းရှင်တွေက ပြောပါတယ်။

“တရုတ်ပြည်ထဲကို ပြန်ဝင်တာ မဟုတ်ဘူး။ သူက မြန်မာပြည်မှာ အန္တရာယ်ရှိလို့ ကားတွေ မီးလောင်မှာ စိုးလို့ တရုတ်ပြည်ထဲကို ယွမ် ၁၀၀၀၀ ပေးပြီး ပြန်ထည့်တာ။” လို့ ကုန်သည်လုပ်ငန်း ရှင် တယောက် က ပြောပါတယ်။

မြန်မာ ဘက်ခြမ်း ကျင်စန်းကျော့ ကနေ တရုတ်ဘက် ဝမ်တိန်ဝင်ရင် တွဲကား တစီး တရုတ်ယွမ်ငွေ ၁၀၀၀၀ (မြန်မာငွေ ကျပ် ၄၈ သိန်း)၊ ၁၂ ဘီး ကား တစီး တရုတ်ယွမ် ၉၀၀၀ (မြန်မာငွေ ကျပ် ၄၃ သိန်း ကျော်) ထိ ပေးရကြောင်း ကုန်သည် လုပ်ငန်းရှင်တွေက ပြောပါတယ်။

၁၀၅ မိုင် ကနေ ကျင်စန်းကျော့ အထိယာဉ်မောင်းခ တရုတ်ငွေ ၁၅၀၀ ယွမ် (ကျပ် ၇၂၀,၀၀၀) ထိရှိနေတယ်လို့ ဆိုပါတယ်။

၁၀၅ မိုင်နဲ့ ကျင်စန်းကျော့ ကြားမှာတိုင်းရင်းသား လက်နက်ကိုင်တွေကို အခွန် ဆောင်ခိုင်းတယ် ကြားတယ် လို့ မူဆယ် ဒေသခံ တယောက်ကလည်း ပြောပါတယ်။

ကုန်ကား တစီး အတွက် AA ကို ၁၀ သိန်း ပေးရပြီး MNDAA ကိုတော့ တရုတ်ငွေ ယွမ် ၃၅၀၀ (ကျပ် ၁,၆၈၀,၀၀၀) ပေးရတယ်လို့ ကြားရပေမယ့် သူ့ အနေနဲ့ AA နဲ့ MNDAA က ဘယ်လောက် ကောက်မယ် ဆိုတာ အတိအကျ မသိရ‌သေးဘူး လို့ဆိုပါတယ်။

လက်ရှိမှာတော့ ၁၀၅ မိုင် ကနေ လားရှိုးသွားတဲ့ ကားလမ်းမ နဲ့ ၁၀၅ မိုင် ကနေ မူဆယ် သွားလမ်းကိုလည်း ပိတ်ထားတာ ဖြစ်ပါတယ်။

Photo Crd# Original Uploader

Related posts

VOM News

FREE
VIEW