ရမ်းကားနေဆဲ YBS တွေနဲ့ လမ်းပေါ်က လူ့အသက်များ

 

ဇန်နဝါရီ-၂-၂၀၂၄

SN (VOM)

လက်ရှိ ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေးစနစ်ကို ပြန်ကြည့်ရင် လုံခြုံစိတ်ချရမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု အားနည်းနေဆဲအခြေအနေကို မြင်တွေ့ရမှာဖြစ်ပါတယ်။

ခရီးသွားပြည်သူတွေ အားလုံး မျှော်လင့်နေတဲ့ ပိုမိုကောင်းမွန်တဲ့ မြို့ပြသယ်ယူပို့ဆောင်မှု စနစ်သစ်တခု ဖြစ်ပေါ်လာဖို့ နှစ်ပေါင်း (၅၀) ကျော် သက်တမ်းရှိခဲ့တဲ့ မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှုဗဟိုကော်မတီ (မထသ) စနစ်ကို ဖျက်သိမ်းပြီး၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်နေ့မှာ YBS (Yangon Bus Service) စနစ်အသစ်ကို စတင်ပြောင်းလဲ လုပ်ကိုင်လာခဲ့တာဟာ အခုဆိုရင် သက်တမ်းအားဖြင့် ခုနစ်နှစ်နီးပါး ကာလကို ရောက်ရှိလာပေမယ့် လက်ရှိအချိန်အထိ ယာဉ်လုပ်

သားတချို့က YBS ပုံရိပ်ကို ကျဆင်းစေတဲ့၊ ထိခိုက်စေတဲ့ အပြုအမူတွေကို ပြုလုပ်နေဆဲဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း မထသကနေ အသွင်ပြောင်းလာခဲ့တဲ့ YBS စနစ်ဟာ ဒီကနေ့အထိတော့ အရင် မထသစနစ်နဲ့ နှိုင်းယှဉ်ရင် ဘာမှ ကွာခြားမှု မရှိသေးပါဘူး။

ရန်ကုန်တိုင်း ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC က ရရှိတဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ၁၁ လတာကာလအတွင်းမှာ YBS ယာဉ်တွေအနေနဲ့ ယာဉ်တိုက်မှု၊ ယာဉ်မတော်တဆဖြစ်မှု ၇၁ မှု ဖြစ်‌ပွားခဲ့ပြီး လူဦးရေ စုစုပေါင်း ၂၉ ယောက် သေဆုံးခဲ့ကာ လူအယောက် ၁၁၀ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ့ ယာဉ်တိုက်မှုတွေထဲက အဆိုးရွားဆုံးဖြစ်စဉ်တခုကတော့ စော်ဘွားကြီးကုန်းနားမှာ နိုဝင်ဘာလအတွင်းက ဖြစ်ပွားခဲ့တဲ့ YBS ၄၃ ယာဉ်တိုက်မှုပဲ ဖြစ်ပါတယ်။ အငှားယာဉ်နဲ့ YBS တို့ ကားချင်း မတော်တဆ တိုက်မိခဲ့ရာကနေ ကားမောင်းသူချင်း စကားများ ရန်ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။ အဲ့ဒီ့နောက်မှာတော့ အငှားယာဉ်မောင်းကို YBS ယာဉ်မောင်းက ကားနဲ့တိုက်သတ်မှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အငှားယာဉ်မောင်းဟာ YBS ကားနဲ့ ချိတ်ဆွဲ ပါသွားခဲ့ပြီး ဦးခေါင်းတခြား၊ ကိုယ်တခြားဖြစ်ကာ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

အဲ့ဒီ့ ဖြစ်စဉ်ဟာ နိုဝင်ဘာ ၃ ရက်၊ မနက် ၉ နာရီဝန်းကျင်က မင်းဓမ္မလမ်း၊ စော်ဘွားကြီးကုန်းအနီး၊ ကျောက်တော်ကြီး မှတ်တိုင်နားမှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ အငှားယာဥ်ရဲ့ နောက်ပိုင်းကို YBS ၄၃ ခရီးသည်တင်ယာဥ်က ဝင်တိုက်မိတာကြောင့် အငှားယာဥ်မောင်းက ကားပေါ်မှဆင်းကာ ဖြေရှင်းပေးဖို့ ပြောဆိုရာကနေ စကားများခဲ့ကြတာဖြစ်တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

အဲ့ဒီ့နောက်မှာတော့ YBS ယာဥ်မောင်းက အငှားယာဥ်မောင်းကို ကားနဲ့တိုက်ကာ ဆွဲချိတ်မောင်းနှင်သွားခဲ့ပြီး ၁၀ မိုင် ကားမှတ်တိုင်အရောက်မှာ YBS ယာဥ်ပေါ်ပါ ခရီးသည်တွေကို ချပေးခဲ့တယ်လို့ သိရပါတယ်။

“ကားနဲ့တိုက်ပြီး တရွတ်တိုက် ဆွဲခေါ်သွားတာ။ လူကတော့ တစစီ ဖြစ်သွားတယ်။ ခေါင်းတခြား၊ ကိုယ်တခြား၊ လမ်းမှာလည်း အသားစတွေ ပြန့်ကျဲနေတယ်။ မျက်နှာလည်း ကြေနေတာပါ” လို့ အဲ့ဒီ့ အခင်းဖြစ်နေရာကို ရောက်ရှိ ကူညီခဲ့တဲ့ ပရဟိတအဖွဲ့တဖွဲ့မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

YBS ယာဥ်မောင်းမှာ အခင်းဖြစ်ပွားပြီးနောက် ထွက်ပြေး တိမ်းရှောင်သွားခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ အဲ့ဒီ့ဖြစ်စဥ် ဖြစ်ပွားခဲ့တာဟာ နှစ်လနီးပါး ကြာမြင့်နေပြီဖြစ်ပေမယ့် YBS ယာဉ်မောင်းကိုတော့ အခုအချိန်အထိ ဖမ်းဆီးရမိခြင်း မရှိ‌သေးဘူးလို့ သိရပါတယ်။

သေဆုံးသူ အငှားယာဥ်မောင်းဟာ အသက် ၅၂ နှစ်အရွယ်ဖြစ်ပြီး သမီးနှစ်ယောက်နဲ့ ဇနီးဖြစ်သူ ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသူဟာ မိသားစုရဲ့ အားကိုးရာ ဖြစ်တဲ့အတွက် အမှုမှန် အမြန်ဆုံး ပေါ်ပေါက်စေဖို့ မိသားစုဝင်တွေက လိုလားနေကြပါတယ်။

ဒီဖြစ်စဥ်ဟာ လူအများအပေါ် စိုးရိမ်ထိတ်လန့်မှု များစွာကို ဖြစ်ပေါ်စေခဲ့ပြီး လူထုအကြား ဝေဖန်မှုများစွာ မြင့်တက်စေခဲ့ပါတယ်။ YBS ယာဉ်လိုင်းတွေရဲ့ စည်းကမ်းလိုက်နာမှု အားနည်းချက်တွေကြောင့် မြို့ပြသယ်ယူပို့ဆောင်ရေးရဲ့ လုံခြုံစိတ်ချရမှုအပိုင်းတွေကို ခရီးသွားပြည်သူတွေအနေနဲ့ မေးခွန်းထုတ်စရာ ဖြစ်လာနေပါတယ်။

အဲ့ဒီ့လို ဒေါသ မထိန်းချုပ်နိုင်ခြင်းမျိုးက စိတ်ပိုင်းဆိုင်ရာနဲ့ ဆက်စပ်နေတဲ့အတွက် အများနဲ့ဆိုင်တဲ့ ဝန်ဆောင်မှုပေးမယ့် သူတွေကို စိတ်အေးချမ်းနိုင်မယ့် အစီစဥ်တွေနဲ့ လေ့ကျင့်ပေးသင့်တယ်လို့ အကြံပြု ပြောဆိုမှုတွေလည်း ရှိနေပါတယ်။ စာနာစိတ်ရှိရင် စည်းကမ်းလည်း ရှိလာမှာဖြစ်တာကြောင့် အရေးယူခြင်းအပြင် ကြိုတင်ကာကွယ်ဖို့၊ စိတ်ပိုင်းဆိုင်ရာ သန်စွမ်းဖို့လည်း လိုအပ်တယ်လို့ ထောက်ပြပြောဆိုကြပါတယ်။

YBS ယာဉ်မောင်းတွေရဲ့ စည်းကမ်းမဲ့မှုတွေ၊ ရမ်းကားမှုတွေကို ထပ်မံ ရေးသားရရင်တော့ အနီးစပ်ဆုံးကာလဖြစ်တဲ့ ဒီဇင်ဘာလ ၂၇ ရက် နေ့လယ်ပိုင်းက “တမင်တိုက်တာ ဆင်းခဲ့ကွာ” ဆိုတဲ့ အင်းစိန်၊ ဖော့ကန် ယာဉ်တိုက်မှုကို ဆက်လက် ဖော်ပြချင်ပါတယ်။

လမ်းလယ်ကြောပေါ်မှာ စည်းကမ်းမဲ့စွာ ခရီးသည်တင်နေတဲ့ YBS ၃၉ ယာဉ်က လူမှုကူညီကယ်ဆယ်ရေးအသင်းကားကို ဝင်တိုက်ခဲ့မှု ဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်လို့ အတိုက်ခံရတဲ့ လူမှုကူညီကယ်ဆယ်ရေးအသင်း တာဝန်ရှိသူက “လမ်းလယ်ကြောမှာ မှတ်တိုင်မဟုတ်ပဲ လူတင်တယ်။ လမ်းလယ်ကြောမှာ လူတင်နေပြီး အပေါ်ကြောလမ်းပိတ်နေလို့ အောက်ကနေဖြတ်ဆင်းတာကို ရပ်နေရာကနေ ဒီဘက်ကကားထွက်မှ ချက်ချင်းဖြတ်ပြီး တမင်တိုက်တာ ဆင်းခဲ့ကွာဆိုပြီး စိန်ခေါ်သွားတာ။ အစ်ကို လူတင်နေလို့ ကျွန်တော်တို့ထွက်တာလေ၊ အစ်ကိုက ကျွန်တော့်ကားကိုတိုက်တာလေလို့ ရှင်းတော့ ဟုတ်တယ် သက်သက်တိုက်တာဘာဖြစ်လဲတဲ့။ ကျွန်တော်တို့ကပဲ ပြန်တောင်းပန်ပေးလိုက်ပါတယ်” လို့ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ အသိပေး ရေးသားထားပါတယ်။

အဲဒီ့ ယာဉ်တိုက်မှုဖြစ်စဉ်မှာ လူထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ဘဲ လူမှုကူညီရေးအသင်းကားရဲ့ ဘေးကိုယ်ထည် ချိုင့်ဝင်သွားခဲ့တယ်လို့ ဓါတ်ပုံနဲ့အတူ ဖော်ပြထားတာလည်းဖြစ်ပါတယ်။

အဲ့ဒီ့ဖြစ်စဉ်ကို ကြည့်မယ်ဆိုရင် YBS ယာဉ်မောင်းတချို့ရဲ့ လူမိုက်ဆန်ဆန် ပြုမူပြောဆိုမှု၊ ရမ်းကားမှုတွေကို အထင်းသား တွေ့မြင်ရမှာဖြစ်ပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၂၈ ရက်၊ ည ၈ နာရီခွဲဝန်းကျင်ကလည်း အင်းစိန်မြို့နယ်၊ တညင်းကုန်းမီးပွိုင့်မှာ တောင်းရမ်းစားသောက်နေတဲ့ အသက် ၆၀ အရွယ် အဖွားအိုတယောက်ကို YBS ၁၃၁ ယာဥ်က ကြိတ်မိခဲ့တာကြောင့် အဘွားအိုဟာ နေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ့အဖွားအိုဟာ တညင်းကုန်းမီးပွိုင့်မှာ တောင်းရမ်းနေစဉ် YBS ၁၃၁ ယာဥ်က တညင်းကုန်းဈေးဘက်ကို ချိုးကွေ့ရာကနေ တိုက်မိခဲ့ပြီး ကားဗိုက်အောက်ကို ပါသွားတာကြောင့် အလောင်းကိုထုတ်ယူနိုင်ဖို့ YBS ကားကို ကရိန်းနဲ့မပြီး ဆွဲထုတ်ခဲ့ရတယ်လို့ သိရပါတယ်။

သေဆုံးသူအဖွားအိုမှာ အသက် ၆၀ ကျော်အရွယ်ဝန်းကျင် ရှိတယ်လို့ သိရပြီး အလောင်းကို အင်းစိန်ဆေးရုံ ပို့ဆောင်ထားကြောင်းနဲ့ YBS ၁၃၁ ယာဥ်မောင်းကိုလည်း

အင်းစိန်မြို့မရဲစခန်းမှာ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၁၇ ရက်၊ မနက် ၁၁ နာရီဝန်းကျင်ကလည်း မင်္ဂလာဒုံမြို့နယ်ရှိ အလှူခံမဏ္ဍပ်တခုကို YBS ၉၂ က ဘရိတ်ပေါက်ပြီး ဝင်တိုက်ခဲ့တာကြောင့် မဏ္ဍပ်အတွင်း ထိုင်နေတဲ့ အသက်ကြီးပိုင်း အမျိုးသားတယောက် ကားအောက်ရောက်ကာ သေဆုံးခဲ့ပြီး ကားအောက်ထဲ ညပ်နေတာကြောင့် ပုလဲအရန်မီးသတ်က သွားရောက်ကူညီခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂ ရက်၊ ညနေ ၄ နာရီခွဲဝန်းကျင်ကလည်း မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ဂျပန်တံတားပေါ်မှာ YBS ၉ ယာဉ်လိုင်းက အမြန်ချောပို့စက်ဘီးစီးသမားကို တိုက်မိမှုဖြစ်ပွားခဲ့ပြီး အမြန်ချောပို့ စက်ဘီးသမားလူငယ်ဟာ အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားခဲ့တဲ့ ဖြစ်စဉ်တခု ဖြစ်ပွားခဲ့ပါသေးတယ်။

အောက်တိုဘာလ ၂၇ ရက်၊ မနက် ၉ နာရီကျော်ဝန်းကျင်ကလည်း YBS ယာဉ်နှစ်စီး တိုက်မိချိန်မှာ လွတ်နေတဲ့ နေရာကြားထဲကို ကွန်တိန်နာကားက ထပ်မံ တိုက်မိမှုဖြစ်ပွားခဲ့တာကြောင့် YBS ကားပေါ်က ခရီးသည် သုံးယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ့နေမှာပဲ ညနေ ၄ နာရီဝန်းကျင်မှာ ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်း၊ စာတိုက်မှတ်တိုင်အနီးမှာ လှိုင်သာယာ- သခင်မြပန်းခြံ ပြေးဆွဲတဲ့ YBS ၁၃၀ ကို မြောက်ဥက္ကလာ- သခင်မြပန်းခြံ ပြေးဆွဲတဲ့ YBS ၁၉ က အနောက်ကနေ ဝင်တိုက်ခဲ့ပြီး အဲ့ဒီ့နောက်မှာ YBS ၁၉ ကို ကုန်တင်တွဲကားက ထပ်မံ တိုက်မိခဲ့တဲ့ ဖြစ်စဥ်တခု ဖြစ်ပွားခဲ့ပါတယ်။

“YBS နှစ်စီး တိုက်နေချိန်မှာ အနောက်က တွဲကားက လမ်းလွတ်တယ်အထင်နဲ့ ဖြတ်မောင်းရင်း ထပ်တိုက်မိကြတာ” လို့ အဲ့ဒီ့ဖြစ်စဥ်မှာ သွားရောက်ကူညီခဲ့တဲ့ ပရဟိတအဖွဲ့တဖွဲ့မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

အဲ့ဒီ့လို ကားသုံးစီး ဆင့်တိုက်ခဲ့တာကြောင့် YBS ၁၉ ပေါ်ပါ ခရီးသည် အမျိုးသား ‌တယောက်မှာ ထိခိုက်မှု ပြင်းထန်ဒဏ်ရာ၊ အမျိုးသမီး နှစ်ယောက်မှာ မစိုးရိမ်ရဒဏ်ရာတွေ ရရှိခဲ့ပြီး ကယ်ဆယ်ရေးအသင်းယာဉ်တွေနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် သြဂုတ်လ ၁၇ ရက် ၊ မနက် ၈ နာရီဝန်းကျင်ကလည်း မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်လမ်းဆုံအနီးမှာ ဆွမ်းခံကြွလာတဲ့ သံဃာတော်တပါး လမ်းဖြတ်ကူးနေချိန် YBS ၃၅ ယာဉ်တစီးက ဝင်ရောက် တိုက်မိခဲ့တာကြောင့် အဲ့ဒီ့ကိုယ်တော် နေရာမှာတင် ပျံလွန်တော်မူခဲ့ရတဲ့ ဖြစ်စဥ်တခုလည်း ဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် ဧပြီလ ၉ ရက်နေ့၊ မနက် ၅ နာရီဝန်းကျင်ကလည်း သာကေတမြို့နယ်၊ ရတနာလမ်းမကြီးနဲ့ လယ်ယာ ၂ လမ်းထောင့်၊ တိုင်းရင်းသားမှတ်တိုင်နားမှာ ရပ်ထားတဲ့ တွဲကားကို YBS ၄ ယာဉ်လိုင်းကားတစီးက နောက်ကနေ ဝင်ရောက် တိုက်မိခဲ့တာကြောင့် YBS ယာဉ်ပေါ် လိုက်ပါလာတဲ့ ခရီးသည် ၁၀ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

အဲ့ဒီ့ ဖြစ်စဉ်အတွင်း ခရီးသည် အမျိုးသား သုံးယောက်နဲ့ အမျိုးသမီး ခုနစ်ယောက်မှာ လက်ကျိုးဒဏ်ရာ၊ ခေါင်းကွဲထိပ်ပေါက်ဖူးယောင်ဒဏ်ရာတွေ ရရှိခဲ့တဲ့အပြင် YBS ၄ ယာဉ်ရဲ့ ညာဘက်ခေါင်းပိုင်း၊ ရှေ့ဘီး‌နေရာတွေ ပျက်စီးသွားတယ်လို့ သိရပါတယ်။

ဧပြီလ ၂ ရက်နေ့၊ မွန်းလွဲ ၃ နာရီဝန်းကျင်ကလည်း မင်္ဂလာတောင်ညွန့်မြိုနယ်၊ တော်ဝင်ပလာဇာမှတ်တိုင်ရှေ့ ကားလမ်းပေါ် မှာ မူးလဲနေတဲ့ သက်ကြီးအဘွားအိုတယောက်ရဲ့ ခြေထောက်ကို မှတ်တိုင်ကိုဝင်လာတဲ့ YBS ၁၃ ယာဥ်က ပွတ်တိုက် ကြိတ်မိမှု ဖြစ်ပွားခဲ့ပြီး အဘွားအိုမှာ ခြေဖနောင့် ကွဲကြေ ဒဏ်ရာ၊ ခြေဖမိုး အရိုးပေါ် ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ့လိုပဲ ဖေဖော်ဝါရီ ၂ ရက်နေ့ကလည်း အလုံဆင်မင်းစျေးမှတ်တိုင်အနီးမှာ YBS ၈၉ ယာဥ်တစီးက အသက် ၇၀ ကျော်အရွယ် ခရီးသည် အမျိုးသမီးတယောက်ရဲ့ ပေါင်ကို ကြိတ်မိခဲ့တဲ့ ဖြစ်စဉ်တခု ဖြစ်ပွားခဲ့ပါသေးတယ်။ ကားကြိတ်ခံရတဲ့ ဒဏ်ရာကြောင့် အဘွားအိုရဲ့ ခြေထောက်ကို ဒူးအထက်ကနေ ဖြတ်တောက်လိုက်ရတယ်လို့ သိရပါတယ်။ ယာဉ်မောင်းကတော့ အခင်းဖြစ်ပြီးနောက် ထွက်ပြေး တိမ်းရှောင်သွားခဲ့တယ်လို့ သိရပါတယ်။

အခုဖော်ပြခဲ့တဲ့ ဖြစ်စဉ်တွေဟာ ၂၀၂၃ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှု၊ ယာဉ်မတော်တဆမှု ဖြစ်စဉ်တွေထဲကမှ တချို့ကိုသာ ထုတ်နှုတ်တင်ပြထားခြင်း ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်အတွင်း ယာဉ်တိုက်မှု ဖြစ်စဉ်တွေဟာ ဒီဆောင်းပါးရဲ့ အစပိုင်းမှာ ဖော်ပြထားခဲ့သလို ယာဉ်တိုက်မှု၊ ယာဉ်မတော်တဆဖြစ်မှု စုစုပေါင်း ၇၁ မှုအထိ ရှိခဲ့တာ ဖြစ်ပါတယ်။

အရင် ၂၀၂၂ ခုနှစ်တုန်းကတော့ YBS ယာဉ်တိုက်မှု ၆၅ မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး လူဦးရေ စုစုပေါင်း ၃၁ ယောက် သေဆုံးခဲ့ကာ ၈၆ ယောက် ဒဏ်ရာရရှိခဲ့တဲ့အတွက် ၂၀၂၃ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် သေဆုံးသူအရေအတွက် အနည်းငယ် လျော့နည်းခဲ့တာကို တွေ့ရပါတယ်။

“YBS ယာဉ်တချို့ဟာ ပြိုင်မောင်းတာတွေ၊ မီးနီဖြတ်တာတွေ၊ အရှိန်ပြင်း မောင်းနှင်တာတွေကြောင့် ခရီးသည်သေဆုံးတာ၊ လမ်းဖြတ်ကူးသူ သေဆုံးတာတွေရှိခဲ့တယ်။ အဲဒီလိုဖြစ်စဉ်တွေ တွေ့ရှိရင် ယာဉ်မောင်းကို YBS ယာဉ်မောင်းနှင်ခွင့်ကတ် ပြန်သိမ်းတာ၊ ယာဉ်လိုင်းကနေ ရာသက်ပန် ထုတ်ပယ်တာတွေ လုပ်ဆောင်နေတယ်” လို့ YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်းအတွင်း ပြေးဆွဲလျက်ရှိတဲ့ YBS ယာဥ်လိုင်းတွေ စည်းကမ်းမဲ့ မောင်းနှင်ပါက Viber ကတဆင့် တိုင်ကြားနိုင်ပြီဖြစ်တယ်လို့ YRTC က အောက်တိုဘာ ၂၇ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

YBS ယာဥ်လိုင်းတွေ လိုက်ပါစီးနင်းသူ ခရီးသွားပြည်သူတွေ အနေနဲ့ စည်းကမ်းမဲ့ YBS ယာဉ်တွေနဲ့ ပတ်သက်ပြီး တိုင်ကြားရာမှာ ရန်ကုန်တိုင်း ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ ဖုန်းနံပါတ်တွေဖြစ်တဲ့ ၀၉၄၄၈၁၄၇၁၄၉၊ ၀၉၄၄၈၁၄၇၁၅၃ နဲ့ ၀၉၄၄၈၁၄၇၁၅၄ တို့ကို ဓာတ်ပုံ (ဒါမှမဟုတ်) ဗီဒီယိုမှတ်တမ်းတွေနဲ့တကွ အချိန်၊ နေ့စွဲ၊ မှတ်တိုင်နေရာတွေနဲ့ ဆက်သွယ် တိုင်ကြားနိုင်တယ်လို့ သိရပါတယ်။

YBS ယာဉ်လိုင်းတွေ စည်းကမ်းမဲ့ မောင်းနှင်ခြင်းနဲ့ ပတ်သက်ပြီး အရင်က ဖုန်းနဲ့ တိုက်ရိုက်ဆက်သွယ် တိုင်ကြားမှုကိုသာ အရေးယူခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ Viber ကနေတဆင့် တိုင်ကြားမှုတွေကို တိုးချဲ့လက်ခံ အရေးယူဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ရဲ့ ကြီးကြပ်မှုအောက်မှာ YBS ခရီးသည်တင်ယာဉ် ၃၅၀၀ ခန့် နေ့စဉ် ပြေးဆွဲလျက်ရှိပြီး ပျမ်းမျှအားဖြင့် နေ့စဉ် ခရီးသွားပြည်သူ ၁ ဒသမ ၄ သန်းဝန်းကျင်ကို ဝန်ဆောင်မှုပေးလျက်ရှိတယ်လို့ သိရပါတယ်။

YRTC က ရရှိတဲ့ အချက်အလက်‌တွေအရ ၂၀၂၃ ခုနှစ်အတွင်း YBS ယာဥ်လိုင်းတွေရဲ့ စည်းကမ်းဖောက်ဖျက်မှုပေါင်း သုံးသောင်းကျော်ရှိတယ်လို့ သိရပါတယ်။ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကတော့ မှတ်သားဖမ်းဆီးမှု ၂၃၉၈၅ မှု၊ ခရီးသည်တွေတိုင်ကြားမှု ၈၆၄ မှု၊ Facebook လူမှုကွန်ယက်မှတဆင့် တိုင်ကြားမှု ခြောက်မှု၊ မီးနီဖြတ်မောင်းမှု ၂၂၀၃ မှု၊ သတ်မှတ်ကီလိုမီတာအထက် ကျော်လွန်မောင်းနှင်မှု ၂၅၂၆ မှု၊ သတ်မှတ်လမ်းကြောင်းအတိုင်း မောင်းနှင်ခြင်းမရှိမှု ၃၁၇ မှု၊ မဆင်မခြင်မောင်းနှင်မှု ၆၅၃ မှု၊ အခြားအမှု ၈၅၁ မှု၊ နယ်ကျော်မှု တမှု၊ ရပ်နားချိန် ကြာမြင့်မှု ၅၀၅ မှု၊ ယာဥ်တစီးနဲ့တစီး ယှဥ်ပြိုင်ကျော်တက် မောင်းနှင်မှု ၇၅၂ မှုနဲ့ မချေမငံပြောဆိုမှု ငါးမှု၊ စုစုပေါင်း ၃၂၆၆၈ မှုရှိတယ်လို့ သိရပါတယ်။

အချုပ်အားဖြင့် ဆိုရရင် လက်ရှိ ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းတွေဟာ အရင် မထသ လက်ထက်ကလိုပဲ ပြိုင်ကားသဖွယ် အပြိုင်အဆိုင် အလုအယက် မောင်းနှင်တာ၊ စီးနင်းသူတွေအဖို့ နေ့စဉ်ဘုရားတ စီးနင်းရတာ၊ လမ်းလယ်ခေါင်မှာ ရပ်၊ မှတ်တိုင်ကျော်ရပ်ပြီး ခရီးသည် အတင်၊ အချ ပြုလုပ်တာ၊ အတင်းကျော်တက်တာတွေ၊ လမ်းပြောင်းပြန် ကျော်တက်မောင်းနှင်တာတွေ၊ ရှေ့ကနေ လမ်းမဖယ်ဘဲ မောင်းရင်း ရန်စကာ လူမိုက်ဆန်ဆန် ဆင်းရိုက်တဲ့ဖြစ်စဉ်တွေ၊ ခရီးသည်တွေကို မချေမငံ ပြောဆိုဆက်ဆံတာတွေ၊ ယာဉ်စီးခပိုတောင်းတာတွေက အခုအချိန်အထိ ဖြစ်နေဆဲ၊ ဆက်လက် ရှိနေဆဲ ဖြစ်ပါတယ်။

တယောက်နဲ့တယောက် အလျှော့ပေးခြင်းမရှိဘဲ ပြိုင်ဆိုင်ကာ ရမ်းကားမောင်းနှင်တာ၊ စည်းကမ်းလိုက်နာမှု အားနည်းတာ၊ ထိရောက်တဲ့ အရေးယူမှုအပိုင်း အားနည်းတာတွေကြောင့် ရန်ကုန်မြို့က လမ်းမတွေပေါ်မှာ ယာဉ်တိုက်မှုဖြစ်စဉ်တွေဟာ မကြာခဏဆိုသလို ဖြစ်ပွားလျက် ရှိနေပြီး ဒါတွေကို ထိထိရောက်ရောက် နိုင်နိုင်နင်းနင်းနဲ့ ဘယ်လိုမျိုး ပြုပြင် ပြောင်းလဲနိုင်မလဲ ဆိုတာက‌တော့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ။

 

Related posts

Leave a Comment

VOM News

FREE
VIEW