ကချင်ပြည်နယ် လိုင်ဇာအနီး ထောက်ပို့ရဟတ်ယာဉ် ပျက်ကျလို့ ခြောက်ယောက်သေဆုံး

 

ဇန်နဝါရီ ၊ ၄ ၊ ၂၀၂၄
SP ( VOM)

ကချင်ပြည်နယ် ၊ လိုင်ဇာမြို့နားက နာဖော့ နစက စစ်အခြေစိုက် စခန်းကို ရိက္ခာတွေ ထောက်ပို့ပေးခဲ့တဲ့ ထောက်ပို့ရေး ရဟတ်ယာဉ် တစင်းဟာ မနေ့ ဇန်နဝါရီ ၃ ရက် မနက် ၁၁ နာရီဝန်းကျင်က ပျက်ကျခဲ့ပြီး လိုက်ပါခဲ့တဲ့ လူခြောက်ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီ ဖြစ်စဉ်နဲ့ ပတ်သက်လို့ KIA သတင်းဌာနရဲ့ ထုတ်ပြန်ချက်အရ အဲ့ဒီ ရဟတ်ယာဉ်ကို မြေပြင်ကနေ ပစ်ချခဲ့တာဖြစ်တယ်လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။

ကချင်ပြည်နယ် ဒေသခံတယောက်က ” ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဝိုင်းမော်နယ်ထဲကို ထောက်ပို့ ရဟတ်ယာဉ် တစီး ရိက္ခာတွေလာချပေးတယ် ၊ နေရာမှားပြီး ချသွားတယ် ၊ ရွှေဖီဦးး တီးမစ်ထုပ်တွေအပါအဝင် စားသောက်စရာတွေကို KIAဘက်က ရခဲ့တယ် ၊ အဲ့ဒီ ရဟတ်ယာဉ်ဟာ မနေ့က မနက်ပိုင်း ၁၁ နာရီ ၅၀ မှာ ပစ်ချခံရတယ်လို့ ကြားရတယ် ၊ အဲ့ဒီ ရဟတ်ယာဉ်ပေါ်မှာ ပါလာတဲ့ လေတပ်က ခြောက်ယောက်စလုံး သေတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ဖြစ်စဉ်ကို သေချာစိစစ်နေတုန်းဖြစ်တယ် ၊ ကနဦး သိရတာက စက်ချို့ယွင်းလို့ ပျက်ကျတာလား ၊ ပစ်ချခံရလို့ ပျက်ကျတာလား အဖြေမသိရသေးဘူး ၊ လေသူရဲတွေ ထိခိုက်ကျဆုံးမှုရှိတယ်လို့ ကနဦး သိရတယ် ” လို့ ပြောပါတယ်။

အဲ့ဒီ အပြင် နစက စစ်တပ်နဲ့ နီးစပ်သူ အသိုင်းအဝိုင်းက ” အဲ့ဒီ ရဟတ်ယာဉ် ပျက်ကျမှု ဖြစ်စဉ်မှာ DSA အပါတ်စဉ် ၄၅ က ဗိုလ်မှူး ဇော်မျိုးသန့် အပါအဝင် တပ်ဖွဲ့ဝင် ခြောက်ယောက် သေဆုံးတယ် ” လို့ ပြောပါတယ်။

ကချင်ပြည်နယ်ထဲမှာ မနေ့က ပျက်ကျသွားတဲ့ ရဟတ်ယာဉ်တစီးနဲ့ ပတ်သက်လို့ နစက သတင်းမှန် ပြန်ကြားရေးအဖွဲ့က အခုထိ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး ။

ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက် ညနေပိုင်းက ကယားပြည်နယ် ၊ ဖရူဆိုမြို့နယ်မှာ လေယာဉ်မှူး နှစ်ဦး စီးနင်းလိုက်ပါလာတဲ့ တိုက်ခိုက်ရေးသုံး အပေါ့စား လေယာဉ်တစင်း စက်ချို့ယွင်းပြီး ပျက်ကျသွားတယ်လို့ ဖရူဆိုဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ တုန်းက လေ့ကျင့်ရေးသုံး တိုက်ခိုက်ရေး လေယာဉ်တစီးဟာ စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊ ဆားတောင်မြို့နယ်ခွဲထဲက ရေခါးအင်းအတွင်း စက်ချို့ယွင်းပြီး ပျက်ကျလို့ လေယာဉ်မှူးနဲ့ တွဲဘက် လေယာဉ်မှူး တဦး သေဆုံးတာဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW