ဒဂုံ (မြောက်ပိုင်း) က အိမ်‌မွေးတိရစ္ဆာန်ဂေဟာ မီးလောင်မှု တိရစ္ဆာန် တရာနီးပါး သေဆုံး

 

ဇန်နဝါရီ ၄ – ၂၀၂၄

SN (VOM)

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ (၄၈) ရပ်ကွက်၊ အောင်ဆန်းသူရိယလှသောင်းလမ်းမှာရှိတဲ့ “ဆုဇင်” အိမ်မွေးတိရစ္ဆာန်ဂေဟာ (Su Zin Pet Hotel) မှာ မနေ့ ဇန်နဝါရီ ၃ ရက်၊ ည ၇ နာရီ၊ ၄၄ မိနစ်ဝန်းကျင်က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး တိရစ္ဆာန်၈၀ ဝန်းကျင် မီးထဲပါသွားခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေနဲ့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။

ဒဂုံ (မြောက်ပိုင်း) က အိမ်‌မွေးတိရစ္ဆာန်ဂေဟာ မီးလောင်မှု တိရစ္ဆာန် တရာနီးပါး သေဆုံး
ဒဂုံ (မြောက်ပိုင်း) က အိမ်‌မွေးတိရစ္ဆာန်ဂေဟာ မီးလောင်မှု တိရစ္ဆာန် တရာနီးပါး သေဆုံး

“ခွေးတွေ၊ ကြောင်တွေကို လှောင်အိမ်လေးတွေနဲ့ ထားထားတော့ ထွက်မပြေးနိုင်ဘူးလေ။ ညဘက် လူအစောင့်လည်း မရှိဘူးလို့ကြားတယ်။ တံခါးတွေလည်း ပိတ်ထားတော့ စ ဖြစ်ဖြစ်ချင်း ရပ်ကွက်က လူတွေက အထဲဝင်ဖို့ကို ဘယ်လိုမှ ဝင်မရဘူး။ ဝင်လို့ ရတော့လည်း မီးကတအားများလာတော့ လှောင်အိမ်တွေ တခုချင်းစီလည်း လိုက်မဖွင့်နိုင်ဘူးလေ။ အဲ့တော့ အကုန်လုံးလိုလို မီးထဲပါကုန်‌တာပေါ့။ အကောင်လေးတွေ အသက်ရှင်ရက် ပြန်ရတာ ၁၀ ကောင်တောင်မပြည့်ဘူးကြားတယ်” လို့ အဲ့ဒီ့ ရပ်ကွက်မှာ နေထိုင်သူတယောက်က ပြောပါတယ်။

မီးလောင်မှုဖြစ်စဉ်၊ မီးလောင်ဆုံးရှုံးသွားတဲ့ တိရစ္ဆာန်အရေအတွက်နဲ့ ပတ်သက်လို့ Su Zin Pet Hotel ကို VOM က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် စက်ပိတ်ထားတဲ့အတွက် အဆက်အသွယ် မရခဲ့ပါဘူး။

အတည်ပြုလို့မရသေးတဲ့ သတင်းတွေအရ အဲ့ဒီ့ဂေဟာမှာ ခွေးနဲ့ ကြောင် အကောင်ရေ ရာကျော်ရှိတယ်လို့ သိရပြီး မီးလောင်မှုကြောင့် အကောင်ရေ ၈၀ ဝန်းကျင်လောက် မီးလောင်သေဆုံးခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

“မီးလောင်နေတဲ့အချိန် ဂေဟာပိုင်ရှင်တွေတော့ ရောက်လာတယ်။ ဘယ်ကနေ စလောင်တာလဲဆိုတာနဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကတော့ ပြောလို့မရသေးဘူး။ စစ်ဆေးနေတုန်းပဲ။ ဂေဟာပိုင်ရှင်ကိုတော့ မီးပေါ့ဆမှု ပုဒ်မ ၂၈၅ နဲ့ မြောက်ဒဂုံရဲစခန်းမှာ အမှုဖွင့်မှာပါ” အဲ့ဒီ့ဖြစ်စဉ်မှာ သွားရောက် ကူညီခဲ့သူတယောက်က ပြောပါတယ်။

အဲဒီ မီးလောင်မှုကို ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် မီးသတ်နဲ့ လူမှုကူညီရေးအသင်းတွေ အပါအဝင် ရပ်ကွက်နေပြည်သူတွေက ဝိုင်းဝန်း မီးငြိမ်းသတ်ခဲ့ရပြီး ၇ နာရီ၊ ၅၇ မိနစ်ဝန်းကျင်မှာ မီးထိန်းနိုင်ခဲ့ကာ ၇ နာရီ၊ ၅၈ မိနစ်မှာတော့ အပြီးသတ် မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

Photo: Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW