အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ဂါဇာတောင်ပိုင်းမှာ ၂၄ နာရီအတွင်း လူ ၁၀၀ ကျော်သေဆုံး

 

တဲလ်အဗစ်၊ ဇန်နဝါရီ-၄-၂၀၂၄

မျိုးဆက်(VOM)

ဂါဇာကမ်းမြှောင်ဒေသမှာ အစ္စရေးရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ အရှိန်မြှင့်နေတာကြောင့် ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း သေဆုံးသူ ၁၀၀ ကျော်ထိရှိခဲ့ပါတယ်။

အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့နေ့က သေဆုံးသူ ၁၂၈ ယောက်ထိရှိခဲ့တာကြောင့် လက်ရှိချိန်ထိ သေဆုံးသူစုစုပေါင်း ၂၂၃၁၃ ယောက်ထိရှိလာကြောင်း ဂါဇာကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။

ဂါဇာတောင်ပိုင်း ခန်းယွန်နစ်မြို့မှာ ဟားမတ်စ်တို့နဲ့ တိုက်ပွဲတွေပြင်းထန်နေကြောင်း အစ္စရေးကပြောပါတယ်။ အစ္စရေးဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ကလည်း စစ်ရှောင်တွေ ခိုလှုံနေတဲ့ ဆေးရုံဝန်းကျင်ကို တိုက်ခိုက်ခဲ့ပါသေးတယ်။

ဒီတိုက်ခိုက်မှုအတွင်း အသက် ၅ နှစ်အရွယ် ကလေးငယ်တယောက်အပါအဝင် လူငါးယောက်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း လခြမ်းနီအဖွဲ့က ထုတ်ပြန်ထားပြီး အစ္စရေးအနေနဲ့ အရပ်သားတွေ ဘေးကင်းရေးဦးစားပေးဖို့ တိုက်တွန်းထားပါတယ်။

ဒီအတောအတွင်း လက်ဘနွန်မှာ အစ္စရေးရဲ့ မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်မှုအတွင်း ဟားမတ်စ်အဖွဲ့ရဲ့ လက်ထောက်ခေါင်းဆောင်တယောက် သေဆုံးခဲ့ပါတယ်။

Ref:NHK

Photo:Getty Images

Related posts

VOM News

FREE
VIEW