၂၀၂၃ ခုနှစ်အတွင်း တိုက်ပွဲရှောင်ရင်း မိဘတွေနဲ့ ကွဲပြီး ပျောက်ဆုံးနေတဲ့ ကလေးသူငယ်ပေါင်း ၂၀၀ ကျော်ရှိ

 

ဇန်နဝါရီ ၊ ၇ ၊ ၂၀၂၄

SP ( VOM)

ချင်းပြည်နယ် ၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေမှာ ပြီးခဲ့တဲ့ ၂၀၂၃ အတွင်း တိုက်ပွဲရှောင် ပြေးလွှားရင်း မိဘတွေနဲ့ ကွဲပြီး ပျောက်ဆုံးနေတဲ့ ကလေးသူငယ်ပေါင်း ၂၀၀ ကျော်ရှိတယ်လို့ ဒေသခံ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။

” အထူးသဖြင့် အသက် ၁၅ နှစ်အောက် ကလေးတွေပျောက်တယ် ၊ တချို့လည်း ပြန်တွေ့တယ် ၊ တချို့လည်း အခုထိ ပြန်မတွေ့ဘူး ၊ အဲ့ဒီလို ကလေးပျောက် ဖြစ်စဉ်ပေါင်း ပြီးခဲ့တဲ့နှစ် ၂၀၂၃ မှာ စစ်ကိုင်းတိုင်းမှာ ၁၃၂ ယောက် ၊ မကွေးတိုင်း ၊ ပခုက္ကူခရိုင်နဲ့ ဂန့်ဂေါခရိုင်မှာ ၆၂ ယောက် နဲ့ ချင်းပြည်နယ် ၄၃ ယောက်ရှိတယ် ၊ အဲ့ဒီ အရေအတွက်ဟာ အခုထိ ပြန်မတွေ့ရတဲ့ ကလေးပျောက် အရေအတွက်ဖြစ်တယ် “လို့ ပရဟိတသမား တယောက်က ပြောပါတယ်။

စစ်ကိုင်းတိုင်မှာရှိတဲ့ ပရဟိတသမားတယောက်က ” ယာယီတိုက်ပွဲရှောင် ပြေးလွှားနေရတဲ့ နယ်တွေမှာအဖြစ်များတယ် ၊ ဒီပဲယင်း ၊ ရေဦး ၊ ခင်ဦး ၊ တန့်ဆည် ၊ ကန့်ဘလူ ၊ ကောင်လင်း ၊ ထီးချိုင့် ၊ ဝက်လက် ၊ မြောင် ၊ ဆားလင်းကြီး စတဲ့မြို့နယ်တွေမှာ ကလေးအပျောက်များတယ် ၊ ပြီးခဲ့တဲ့ ၂၀၂၁ နဲ့ ၂၀၂၂ ဒီပဲယင်းအနောက်ခြမ်းက ဆပ်ပြာကျင်း တိုက်ပွဲမှာ နယ်ခံ ကလေး ၄၀ ကျော်လောက် ပျောက်တယ် ၊ တချို့လည်း ပြန်တွေ့တယ် ၊ တချို့လည်း ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေနဲ့ လိုက်သွားတယ် ၊ တချို့လည်း အခုထိ ဆက်သွယ်မရပဲ ပျောက်ဆုံးနေတယ် ၊ သေလား ၊ ရှင်လား မသိရဘူး ” လို့ ပြောပါတယ်။

ဒီပဲယင်းနဲ့ ရေဦးမြို့နယ်ကြားက ဒေသခံတယောက်က ” ၂၀၂၃ ထဲမှာ ကျမရဲ့သား နှစ်ယောက် ပျောက်သွားတယ် ၊ အသက် ၁၄ နှစ်နဲ့ ၁၇ နှစ်အရွယ်တွေ ဖြစ်တယ် ၊ နောက်တော့ သားကြီးကောင်ရဲ့ ရုပ်အလောင်းကို မူးလက်တံ ရေမြောင်းထဲက ပြန်ရတယ် ၊ သားငယ်ကောင်ကတော့ အခုထိ ပြန်ရှာမတွေ့ဘူး ” လို့ ပြောပါတယ်။

မကွေးတိုင်း ၊ ပခုက္ကူမြို့ခံ ပရဟိတသမားတယောက်က ” ပေါက်မြို့နယ် ၊ မြိုင်မြို့နယ် နဲ့ ရေစကြိုမြို့နယ်တွေမှာ ကလေးပျောက်တွေရှိတယ် ၊ ဆိတ်ကျောင်း ၊ နွားကျောင်းသွားရာကနေ ပျောက်နေတာဖြစ်တယ် ၊ မြိုင်နယ်မှာဆိုရင် အကောင် ၇၀ ကျော် ဆိတ်(သိုး) အုပ်နဲ့အတူ ကလေးနှစ်ယောက်ပျောက်နေတယ် ၊ နောက်ပြီး ရေနံတွင်းတွေဘက်မှာလည်း ကလေးတွေပျောက်နေတယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ပခုက္ကူဘက်ကနေ မန္တလေးဘက်ကို ခြေလျင်သွားနေတဲ့ ကလေးသုံးယောက်ကို ပရဟ်တသမားတွေက ကူညီပေးတဲ့အခါ ချင်းပြည်နယ် မင်းတပ်မြို့နယ်ကနေ မန္တလေးဘက်ကို မိသားစုလိုက် ယာယီ တိုက်ပွဲရှောင်ထွက်လာရင်း မိသားစုနဲ့ ကွဲခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် ပဲခူးမြို့မှာလည်း စာသင်တိုက်က တလကျော်ကြာ ကိုရင်လေး လေးပါးပျောက်ဆုံးခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်ကစလို့ ပလက်ဝမြို့နယ် ၊ မြောက်ပိုင်းမှာရှိတဲ့ ဟာလဝ၊ ကန့်လာဝ၊ တွီကင်းဝ၊ တွီကင်းအလောင်း၊ ဒလက်စာဝနဲ့ ဥရင်ဝ စတဲ့ရွာတွေမှာ ကျောင်းသား ကျောင်းသူ (၁၅ နှစ်အောက်) အယောက် ၃၀ ကျော် အခုထိ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

နေပြည်တော် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်ရုံးနဲ့ နီးစပ်သူတယောက်က ” တနိုင်ငံလုံး အတိုင်းအတာနဲ့ဆို ပြီးခဲ့တဲ့ ၂၀၂၃ မှာ လူပျောက်မှု အမှတ်စဉ် ငါးရာကျော်လောက်ရှိတယ် ၊ အဲ့ဒီထဲက ၂၀၀ ကျော်လောက်ဟာ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေဖြစ်တယ် ၊ ဖြစ်စဉ်တွေသုံးသပ်ချက်အရတော့ လူပျောက်မှု အဖြစ်အများဆုံးနေရာတွေက ပဋိပက္ခ ဖြစ်နေတဲ့ ဒေသတွေဖြစ်တယ် ” လို့ ပြောပါတယ်။

ဓာတ်ပုံ ၊ စစ်ကိုင်းတိုင်းက ယာယီတိုက်ပွဲရှောင် ဒေသခံတွေမြင်တွေ့ရစဉ်(ဒေသခံတဦး)

 

Related posts

Leave a Comment

VOM News

FREE
VIEW