တောင်ကိုရီးယားမှာ ခွေးတွေကို သတ်ဖြတ်ရောင်းချတာ တားမြစ်တဲ့ဥပဒေ အတည်ပြု

 

ဆိုးလ်၊ ဇန်နဝါရီ-၉-၂၀၂၄

မျိုးဆက်(VOM)

တောင်ကိုရီးယားနိုင်ငံမှာ ခွေးသားအတွက် ခွေးတွေကိုသတ်ဖြတ်ရောင်းချတာကို ၂၀၂၇ ခုနှစ်မှာ အဆုံးသတ်မယ့် ဥပဒေတရပ်ကို ဇန်နဝါရီ ၉ ရက်မှာ အတည်ပြုလိုက်ပါတယ်။

အဲဒီဥပဒေဟာ နိုင်ငံတွင်းမှာ ရာစုနှစ်များစွာကြာ ခွေးသားစားတဲ့ အလေ့အထကို အဆုံးသတ်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ ခွေးသားစားတဲ့ အလေ့အထဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်အတွင်း ကျဆင်းသွားခဲ့ပြီး အထူးသဖြင့် လူငယ်တွေက ရှောင်ရှားလာကြပါတယ်။

လက်ရှိပြဌာန်းလိုက်တဲ့ ဥပဒေအရ ခွေးသားဖြန့်ဖြူးရောင်းချတာလိုမျိုး ခွေးသားအတွက် ခွေးတွေကို မွေးမြူတာနဲ့ သတ်ဖြတ်တာတွေကို တားမြစ်ထားပြီး ကျူးလွန်သူတွေကို ထောင်ချအပြစ်ပေးနိုင်ပါတယ်။

အသားအလို့ငှာ ခွေးသတ်သူတွေအနေနဲ့ ထောင်သုံးနှစ်ထိ ကျခံရနိုင်ပြီး ရောင်းချသူတွေကတော့ ထောင်နှစ်နှစ်ကျခံရနိုင်ပါတယ်။ ခွေးမွေးတဲ့ လယ်သမားတွေနဲ့ စားသောက်ဆိုင်ပိုင်ရှင်တွေရဲ့ အလုပ်အကိုင်နဲ့ ဝင်ငွေအတွက် အခြားရွေးချယ်မှုတွေပြုလုပ်ဖို့ ပြင်ဆင်ချိန်အတွက် ဥပဒေဟာ လာမယ့် သုံးနှစ်ကစပြီး သက်ဝင်မှာဖြစ်ပါတယ်။

အစိုးရအနေနဲ့ ခွေးသတ်ပြီးရောင်းချသူတွေနဲ့ ခွေးသားရောင်းတဲ့ စားသောက်ဆိုင်ပိုင်ရှင်တွေကို အပြည့်အဝပံ့ပိုးကူညီပေးမယ်လိုပ ကတိပြုထားကြပေမယ့် လျော်ကြေးပေးမယ့် အစီအစဉ်အသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။

Ref:BBC

Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW