ဒေါ်မာမာအေး ကွယ်လွန်ခြင်းအတွက် အနုပညာရှင်တချို့ရဲ့ ရင်ထဲက အမှတ်တရစကားများ

 

ဇန်နဝါရီ ၉ – ၂၀၂၄

SN (VOM)

နိုင်ငံကျော် ဂန္ထဝင်အဆိုတော်ကြီး ဒေါ်မာမာအေးဟာ မနေ့ ဇန်နဝါရီ ၈ ရက်၊ အမေရိကန် အရှေ့ဘက်ကမ်းရိုးတန်း စံတော်ချိန် ညနေ ၆ နာရီ ၂၈ မိနစ်၊ မြန်မာစံတော်ချိန် ဒီကနေ့ ဇန်နဝါရီ ၉ ရက် မနက် ၅ နာရီ ၅၈ မိနစ်မှာ အင်ဒီယားနားပြည်နယ်၊ ဖို့ဝိန်းမြို့နေအိမ်မှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ သိရပါတယ်။

ဒေါ်မာမာအေးဟာ မြန်မာ့ဂန္ထဝင်ဂီတသမိုင်းမှာ အအောင်မြင်ဆုံး အမျိုးသမီးအဆိုတော်တယောက်ဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၈၁ နှစ်ရှိပြီဖြစ်ပါတယ်။

အခုလို ဒေါ်မာမာအေး ကွယ်လွန်သွားတာနဲ့ ပတ်သက်လို့ ခေတ်ပြိုင် ဂန္ထဝင်အဆိုတော်ကြီးတယောက်ဖြစ်တဲ့ သလ္လာဝတီ (ဒေါ်) လှလှရီက “ကြားတယ်လေ မအေးမြင့်အကြောင်းကို။ မာမာအေးလေ၊ အမေတို့ကတော့ ငယ်နာမည်ပဲခေါ်တာပါ။ မြေးလုပ်တဲ့သူက လှမ်းပြောလို့ သိရတာပါ။ ဘယ်စိတ်ကောင်းမလဲသမီးရယ်၊ ရင်ထဲမှာမချိအောင် ခံစားရတာပေါ့။ မြန်မာ့အသံက ကိုလှထွဋ်တို့၊ သူတို့က မြန်မာ့အသံကအမြဲပါတော့ အမေ့ကိုလည်း ခေါ်တယ်။ အဲ့တော့ အမေတို့က အတူသွားလာ၊ အတူဆိုဖက်၊ ငယ်ငယ်လေးကတည်းက ညီအစ်မလိုနေလာတာ။ သူ ၁၇ နှစ်၊ ၁၈ နှစ်သမီးကတည်းကလေ။ အမေ့ထက် မအေးမြင့်က ငါးနှစ်လောက်ငယ်တယ်။ ခေတ်ကလည်းပဲ ထား ရယ်၊ ခင်သစ်လွင်ရယ်၊ အမေကြီးရယ်၊ မအေးမြင့် (မာမာအေး) ရယ်၊ နောက် ယောင်္ကျားလေးထဲက အဆိုတော် ကိုသိန်းဆောင်ပေါ့၊ နောက် ရှိသေးတယ်။ အဲ့ဒါတွေက တခေတ်တည်းထွက်တာပေါ့သမီးရယ်။ ကုမ္ပဏီလည်းတူတယ်။ သွားရင်လာရင်လည်း မြစ်သားပွဲ၊ ပြည်ထောင်စုပွဲ တကယ့်အခမ်းအနား၊ တပ်မှူးညီလာခံဆို အမေတို့ နှစ်တိုင်းပါတယ်။ ဘယ်သွားသွား အတူ။ အဲ့တော့ အရမ်းခင်တာပေါ့သမီးရယ်၊ ရင်ထဲလည်း မချိအောင် ခံစားရတယ်။ နီးသာနီးရင် ပို့ချင်တာ။ အရင်တုန်းကတော့ ပွဲဟေ့ ဆိုရင်တော့ အမေတို့ခေတ်ကိုး။ မအေးမြင့်ကတော့ သူကတော့ ကဝေမလေးလေ။ သူကတော့ ပြောစရာမရှိအောင်ကောင်းတာ။ ပါရမီထူးတာမှ နှစ်ယောက်မရှိဘူး။ မြန်မာတပြည်လုံး ရှားမှ ရှား၊ ရှားလိုက်တာမှ တခေတ်မှာတယောက်၊ တကမ္ဘာမှာတယောက်ဆို တို့(ဒို့)မြန်မာပြည်မှာ တယောက်ပဲ” လို့ ငိုသံစွတ်တဲ့ တုန်ယင်‌နေတဲ့အသံနဲ့ ဝမ်းနည်းစကား ပြောရှာပါတယ်။

စွယ်စုံရ အနုပညာရှင်တယောက်ဖြစ်တဲ့ ဒေါ်မာမာအေးဟာ ကာလပေါ်၊ ခေတ်ဟောင်း စတဲ့ တေးသီချင်းတွေကို သီဆိုခဲ့ပြီး ၁၉၅၅ မှာ ထွက်ရှိတဲ့ “သက်တန့်ပေါ်မှာ ကစားမယ်” ဆိုတဲ့ တေးသီချင်းနဲ့ လူသိများခဲ့ကာ နိုင်ငံပိုင် မြန်မာ့အသံဌာနမှာလည်း ထုတ်လွှင့်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်လို့ သိရပါတယ်။

အောင်မြင်ကျော်ကြားခဲ့တဲ့ သီချင်း‌တွေထဲကမှ ဂန္ထဝင်တေးသီချင်းတပုဒ်ဖြစ်တဲ့ “မေ့ကွက်ကိုရှာ” သီချင်းကို အသံသွင်းခဲ့စဉ်က အသက်အရွယ်အားဖြင့် ၁၈ နှစ်ဝန်းကျင်သာ ရှိသေးတယ်လို့လည်း သိရပါတယ်။

ဒေါ်မာမာအေး ကွယ်လွန်ခြင်းနဲ့ ပတ်သက်လို့ အဆိုတော် မီမီဝင်းဖေကလည်း “အန်တီ မာမာအေး။ ဖေဖေ့အတွက် မိတ်ဆွေဟောင်း မိတ်ဆွေရင်း။ ဖေဖေအထင်ကြီးလေးစား တန်ဘိုးထားတဲ့ဂီတပညာရှင်။ ကျွန်မအတွက် အထူးရိုသေလေးစား တန်ဘိုးထားရတဲ့ ဂီတမိခင်ကြီး။ ကောင်းရာသုဂတိ ရရှိခံစားရပါစေ။ နှမျောတသ ဝမ်းနည်းရပါတယ်အန်တီရယ်” လို့ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။

ဒေါ်မာမာအေးကို ဖခင် နှဲဆရာကြီး ဦးအေး၊ မိခင် အဆိုတော် မြောင်းမြသန်း (ခေါ်) ဒေါ်သန်းနှစ်တို့က ၁၉၄၂ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့မှာ ဧရာဝတီတိုင်း၊ မြောင်းမြမြို့မှာ ဖွားမြင်ခဲ့ပြီး မွေးချင်း သုံးယောက် ရှိတယ်လို့ သိရပါတယ်။

မိဘနှစ်ပါးနဲ့အတူ ဇာတ်ခုံတွေပေါ် ကြီးပြင်းခဲ့သူဖြစ်တာကြောင့် ငယ်စဉ်ကတည်းက ဂီတနဲ့ အကျွမ်းတဝင် ရှိခဲ့သူဖြစ်ပြီး “စန္ဒကိန္နရီ” သီချင်းကို အခါခါ ကြားပြီးနောက် အဆိုတော်ဖြစ်ချင်လာမိကြောင်း ဒေါ်မာမာအေးက ပြောကြားခဲ့ဖူးပါတယ်။

ဒေါ်မာမာအေး ကွယ်လွန်ခြင်းနဲ့ ပတ်သက်လို့ အဆိုတော် ကော်နီကလည်း “အစားထိုးမရပါသော ဂန္ဓဝင်တေးသံရှင်ကြီး မေမေအေး၊ အမေမာမာအေး ဆုံးသွားပါပြီတဲ့။ ရင်ထဲမှာမကောင်းလိုက်တာ မေမေအေးရယ်။ ကောင်းရာဘုံဘဝမှာ အေးချမ်းပါစေနော်” လို့ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။

ဒေါ်မာမာအေးဟာ ငယ်စဉ်ကတည်းက ဆရာကြီး စိန်ဝေလျံ၊ ရွှေတိုင်အေး၊ ရွှေပြည်အေး၊ စောင်း ဦးဘသန်းတို့ဆီမှာ ဂီတပညာတွေ ဆည်းပူးခဲ့သူလို့ သိရပါတယ်။

ရဲသီဟ ကိုသန်းအောင်က “မာမာအေး” ဆိုတဲ့ နာမည် ပေးပြီးနောက် ရဲသီဟအဖွဲ့မှာ သီချင်းတွေ စတင်သီဆိုခဲ့ပြီး ၁၉၅၅ ခုနှစ်မှာ မာမာအေးဆိုတဲ့ နာမည်ကို တဟုန်ထိုးကျော်ကြားလာစေတဲ့ သီချင်းကတော့ “သက်တန့်ပေါ်မှာ ကစားမယ်” ဆိုတဲ့ သီချင်းဖြစ်ပြီး အဲ့ဒီ့ သီချင်းကို မောင်ဥက္ကာ ရေးသားကာ လင်းခေးလုလင်က သံစဉ်ထည့်ခဲ့တာလို့ သိရပါတယ်။

ဒေါ်မာမာအေးဟာ မေ့ကွက်ကိုရှာ၊ သျှောင်နောက်ဆုံးထုံးပါ၊ ပိတောက်လမ်း၊ တရေးချစ်ခွင့်မြင်ရနိုး စတဲ့ သီချင်းတွေအပြင် တခြား ထင်ရှားကျော်ကျားတဲ့ ဂန္တဝင်တေးသီချင်းပေါင်း များစွာ၊ သီချင်းပေါင်း ထောင်နဲ့ချီကို သီဆို အသံသွင်းခဲ့ကာ ဘယ်သံစဉ်၊ ဘယ်လိုသီချင်းမျိုးကိုပဲဖြစ်ဖြစ် ပိုင်နိုင်စွာ သီဆိုနိုင်တဲ့ ရှားပါးလွန်းတဲ့ အနုပညာရှင်တယောက် ဖြစ်တယ်လို့ သိရပါတယ်။

သူမ ကွယ်လွန်ခြင်းနဲ့ ပတ်သက်လို့ အဆိုတော် ဘိုဖြူကလည်း “တကယ့် ပါရမီရှင်ကြီးပါ။ ကောင်းမွန်ရာဘုံဘဝ ရရှိပါစေဗျာ” လို့ ဆုတောင်းစကား ဆိုထားပါသေးတယ်။

စွယ်စုံရ အနုပညာရှင် ဒေါ်မာမာအေးဟာ တေးသီချင်း သီဆိုခြင်းအပြင် မြခြူသံ၊ သူ့ကိုမှချစ်သည်၊ မန်ဒါလီ စတဲ့ ရုပ်ရှင်တွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

၁၉၉၈ ခုနှစ်မှာ အင်္ဂလန်ကတဆင့် အမေရိကန်ပြည်ထောင်စုကို ရောက်ရှိလာပြီး ကွယ်လွန်ချိန်အထိ အင်ဒီယားနားပြည်နယ်၊ ဖို့ဝိန်းမြို့မှာ နေထိုင်ရင်း ဘာသာရေး၊ မြန်မာအသိုင်းအဝိုင်းအရေးတွေမှာ ပါဝင် ကူညီဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

ပြည်ပမှာ ရောက်ရှိနေထိုင်စဉ်အချိန်အတွင်း မြန်မာဂီတ ထွန်းကားရေးအတွက်လည်း အခမဲ့ သင်တန်းတွေလည်း ပို့ချသင်ပြပေးခဲ့ပြီး ကွယ်လွန်ချိန်မှာ သမီး တယောက်၊ သား တယောက်၊ မြေး လေးယောက်နဲ့ မြစ် တယောက် ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။

Photo: Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW