ဆူးငှက်
သက္ကရာဇ် ၁၃၆၀ ပြည့်နှစ် (ခရစ်နှစ် ၁၉၉၈ – ၉၉) တွင် ပရိယတ္တိ သာသနဟိတ အသင်းကြီး အနှစ် ၁၀၀ ပြည့်ပါသည်။ထိုအသင်းကြီးက သမိုင်းအရ သာမက အစဉ်အလာကြီးမားသော အသင်းကြီးမို့ မင်းကွန်း ဆရာတော်ကြီး ကိုယ်နှိက်က သာသနာ့ဖခင် အသင်းကြီးဟု တင်စားခဲ့သည်။ (ပရိယတ္တိ သာသနဟိတ အသင်းကြီးထက် သက်တမ်း ၂နှစ် ပိုကြီးသော မလွန်ဈေးဆန်လှူ အသင်းကြီးကို သာသနာ့မိခင် အသင်းကြီးဟုလည်း ဆရာတော်ကြီးက နှိုင်းခိုင်းခဲ့ပါ၏) ။ ပရိယတ္တိ သာသနဟိတအသင်းကြီးက သီပေါမင်းပါတော်မူအပြီး ၁၀နှစ်ကျော် အကြာတွင် တစ်ပါးကျွန်အောက် သာသနာမှေးမှိန်မည်ကို ကြောင့်ကြသော မန္တလေးမြို့ မိမြို့ဖကြီးများက အမြော်အမြင်ကြီးစွာ တည်ထောင်ခဲ့ကြပြီး နာမည်ကျော် သကျသီဟစာမေးပွဲဖြင့် သာသနာ့အာဇာနည်များ ကြည်ညို ပူဇော်နိုင်ခဲ့ကာ ပရိယတ္တိသာသနာ့ အကျိုးကို နှစ်ပေါင်းရာကျော် ထိန်းသိမ်းခဲ့ ထိန်းသိမ်းဆဲ ထိန်းသိမ်းလတ္တံ့ အသင်းကြီးဖြစ်သည်။
ထိုအသင်းကြီးက အနှစ် ၁၀၀ ပြည့်သောအခါ ကြုံခေါင့်ကြုံခဲ ရာပြည့်ပွဲ ကျင်းပရေးအတွက် ကော်မီတီဖွဲ့ရာတွင်ဒေါ်ဒေါ် လူထုဒေါ်အမာ က နာယက တာဝန်ယူခဲ့ပါ၏။ စာရေးဆရာ သတင်းစာ ဆရာမကြီးသာမက မြို့မိမြို့ဖ အနေနှင့်ရောအသင်းကြီး စတင်ထူထောင်သူ ၁၂ဦးတွင် ဒေါ်ဒေါ့်အဘိုး ဆေးရိုးကုန်သည်ကြီး ဦးဖြိုးအောင်လည်း ပါဝင်ခဲ့သောကြောင့်မျိုးဆက်အမွေ မြေးတစ်ယောက်အနေနှင့်ရော အသင်းကြီး၏ နာယကအနေနှင့် ဒေါ်ဒေါ့်ကို ဦးထိပ်ထားကြပါ၏။
အသင်းကြီး ရာပြည့်ပွဲအတွက် ၁၉၉၆ခုနှစ် မေလ ၁၁ရက်နေ့က မလွန်သာသနာ့ဗိမာန်တော်ကြီးတွင် အစည်းအဝေးကျင်းပခဲ့ရာ ဒေါ်ဒေါ်ကခေါ်သောကြောင့် ဆရာစိုးနိုင်(မန္တလေးတက္ကသိုလ်)နှင့် ကျွန်တော်လည်း လိုက်ပါခဲ့ရ ပါ၏။ ထိုအစည်းအဝေးတွင် မြတောင်ဆရာတော်၊ ဗန်းမော်ဆရာတော်၊ ဘုရားကြီးတိုက် ဆရာတော်ကြီးများနှင့် သြဝါဒါ စရိယဆရာတော်ကြီးများက ဒေါ်ဒေါ့်ကို ရာပြည့်အထိမ်းအမှတ် စာစောင် ထုတ်ဝေရေး၊ မော်ကွန်းကျောက်စာပြုစု၍ မော်ကွန်းကျောက်စာဗိမာန် စိုက်ထူရေးတာဝန်များ ပေးအပ်ခဲ့သည်။
အစည်းအဝေးက ပြန်ရောက်သည်နှင့် ဒေါ်ဒေါ်က သူ့စိတ်ကူးတွေကို ကျွန်တော်တို့ ပြောပြရာတွင် အထူးသဖြင့် ရာပြည့်ကျောက်စာကို စကျင်ကျောက် အရိုင်းတုံးတွင် စာသားနေရာသာ ချောပြီး ကျစ်လျစ်သော အရေးအသားများဖြင့် မြန်မာ၊အင်္ဂလိပ်၊ ပါဠိ၊ သက္ကတ္တဘာသာများနှင့် ရေးထိုးလိုသည်။ ဗိမာန်တော်ကြီးကို မကွယ်ရန်နှင့်၊ ဗိမာန်တော်ကြီး ဗိသုကာ ဆင်ဝင်နှင့်ဆရာဆိုင်ကြီးကိုယ်တိုင် ပြုလုပ်ထားသော တိုင်ဆင်းနယား ပန်းတော့လက်ရာ ကိုလည်း အနှောက်အယှက်မဖြစ်ရန်ကျောက်စာတိုင်ကို အုတ်လှေကား အလောတော် အဆင့်များအပေါ် အမိုး အဆောင်မပါ လဟာပြင်မှာ ထားလိုသည်ဟုဆိုသည်။
ထို့ကြောင့် ကျောက်စာတွင် ရေးထိုးမည့် စာသားများကို ဒေါ်ဒေါ်ကိုယ်တိုင်ပြုစုသည်။ ပြုစုပြီးသော စာများကို ကွန်ပြူတာစာစီပြီး သင့်တော်သည့် အရွယ် ချဲ့သည်။ စိတ်ကြိုက် စာလုံးအရွယ်တွင် ရရှိလာမည့် စာခွင်ဧရိယာ ပမာဏကိုတွက်ချက်ပြီးစကျင်ကျောက်တုံး အရွယ်အစား ခန့်မှန်းပုံဖော်သည်။ ထို့နောက် ဒေါ်ဒေါ်က ကျွန်တော့်ကို “ မင်း.. အဲဒီ ကျောက်တုံးပုံစံနဲ့ ဗိမာန်ကြီးရှေ့မှာ စိုက်ရမယ့် ပုံစံကို အတိုင်းအထွာတွေနဲ့ ပုံဆွဲပေး၊ ဒို့ လာမယ့်အစည်းအဝေးမှာ တစ်ခါတည်း တင်မယ်” တဲ့။ ကိုင်း…၊ကျွန်တော်က ဗိသုကာလည်း မဟုတ်၊ မြန်မာမှု ပညာရှင်လည်း မဟုတ်၊ ပန်းချီဆရာလည်း မဟုတ်၊ သို့သော် ဒေါ်ဒေါ်ကိုယ်တိုင်ခိုင်းတော့ “ကျွန်ုတော်နှင့် မတန်မရာ အလုပ်” ကို အားထုတ်ကြည့်ရမှာပေါ့။
ဤသို့ဖြင့် ဆရာကြီးဦးအေးမြင့်တို့၊ ဆရာဦးဝင်းမောင်(တမ္ပဝတီ) တို့ ဆောင်းပါးများ၊ မြန်မာမှုဒီဇိုင်းများကိုရှာဖွေ ဖတ်ရှု လေ့လာရပါ၏။ မလွန်သာသနာ့ဗိမာန်ကြီးဆီ အခေါက်ခေါက်သွားကာ အရှေ့ကွက်လပ် အကျယ်အဝန်း၊ ရှေ့ကမြင်ကွင်းတွင် နယားရုပ်နှင့် ဆင်ဝင် အနေအထား၊ ကျောက်စာအမြင့်နှင့် ဗိမာန်ကြီး ပြာသာဒ် မြင်ကွင်းအချိုး စသည်တို့ တတ်သမျှ ကြည့်ရှု တွက်ချက်ပြီး နမူနာပုံကြမ်း ရေးဆွဲလိုက်ပါသည်။ ဒေါ်ဒေါ်က ထိုပုံကြမ်းများဖြင့် အစည်းအဝေးတင် အတည်ပြုချက် ယူတော့ အားလုံးက သဘောတူကြ သတဲ့။ ထို့ကြောင့် သတ်မှတ် အရွယ်အစား စကျင်ကျောက်တုံးရှာတော့လည်းအဆင်သင့်တွေ့သတဲ့။
ကျောက်စာအတွက် ဒေါ်ဒေါ့် စာသားများကို ဗန်းမော် ဆရာတော် နှင့် ဘုရားကြီးဆရာတော်တို့က ထပ်မံ ဖြည့်စွက်၍အတည်ပြုခဲ့သည်။ ထို့နောက် ကျောက်စာ ရေးထိုးခြင်း၊ စိုက်ထူခြင်း စသည့် လုပ်ငန်းစဉ်များကို ဆက်တိုက်ဆောင်ရွက်ရာပွဲတော်အမီ ပြီးမြောက်ခဲ့ပါ၏။ ကျောက်စာနှင့် ပတ်သက်၍ စာသား ကျောက်တုံး တို့ကို ဒေါ်ဒေါ့် စိတ်ကြိုက် ဆောင်ရွက်နိုင်သော်လည်း အောက်ခံအုတ်ခုံ အချိုးက ဒေါ်ဒေါ်လိုချင်သည့် အကျယ်အဝန်းနှင့် အမြင့်ကို စရိတ်စက အကြောင်းပြကာ လျော့ချလိုက်ပြီး၊ ကျောက်စာ စကျင်ကျောက်တုံးပေါ် အဆောင်တစ်ခု အုပ်မိုးလိုက်သည်။ ဒေါ်ဒေါ့်မှာ စိတ်တိုင်းမကျသဖြင့် တပျစ်တောက်တောက် ပြောမဆုံး။ “ ဒို့ ကော်မီတီလူကြီးတွေက အမြင် တယ်ကျဉ်း တာကိုး။ သေးသေးနုတ်နုတ် အဖြစ်ပဲလုပ်တတ်တာ၊ ကျောက်တုံးက အမိုးမပါရင် ရေရှည်မခံစိုးလို့တဲ့၊ ဖြစ်သလို သွပ်မိုးလိုက်ကြတာ၊ နောက်က ဗိမာန်ကြီးမှ အားမနာ” ဟု စိတ်မကောင်းခြင်းဖြင့် ပြောပါသည်။
၁၉၉၈ခုနှစ်၊ မတ်လ ၂၈ရက်နေ့တွင် ဗြဟ္မစိုရ်အသင်းစတင်ထူထောင်ရန် တောင်စလင်းတိုက်သစ်တွင်အစည်းအဝေး ခေါ်သည်။ ဤကဲ့သို့ နာမှုကူညီရေးအသင်းတစ်သင်း မန္တလေးမှာ အရေးတကြီးလိုအပ်နေလို့ ဒေါ်ဒေါ်က ဖွဲ့ချင်နေတာကြာပြီ။ မန္တလေးမှာ သုသာန်တွေ မြို့ပြင်ပြောင်းရွေ့လိုက်တော့ နာရေးကိစ္စတွေမှာ မြို့လူထုအဖို့ အတော်ကသီလင်တ ဖြစ်ကြရ၏။ နေရေးထက် သေရေးခက်ဟု ပြောစမှတ်ပြုကြရသည့် ကာလဖြစ်သည်။ ထို့ကြောင့် ဒေါ်ဒေါ်က မြို့လူထုအတွက်မွတ်စလင်နိဗ္ဗာန်ဆော် အသင်းကဲ့သို့ နာမှု ကူညီရေးအသင်းဖွဲ့သင့်ကြောင်း ပြောဆို ရေးသားလေ့ရှိသည်။
သို့သော် အယူသီးလွန်းသော ကိုယ့်လူမျိုးများအတွက် ခက်ခဲလှသော အလုပ်ဖြစ်နေ၏။ ထိုအချိန်တွင် တောင်စလင်းတိုက်သစ်ဆရာတော် ဦးတိက္ခနှင့် လုပ်ငန်းရှင် တစ်ဦးဖြစ်သူ နဒီမြန်မာ ဦးအောင်ခိုင်တို့ ကလည်း နာမှုကူညီရေးအသင်းအတွက် စိတ်အားထက်သန်ကြသောအခါ အခြားစိတ်ဝင်စားသူ ပညာရှင်များ၊ လုပ်ငန်းရှင်များ၊ မြို့မိမြို့ဖများ၊ စာပေအနုပညာရှင်များ ပါဝင်သော အစည်းအဝေးကို တောင်စလင်း တိုက်သစ်တွင် ကျင်းခြင်းဖြစ်သည်။
ထို အစည်းအဝေးသို့ ဒေါ်ဒေါ်နှင့် အတူ ဆရာကျော်ရင်မြင့်၊ ဆရာသိုက်ထွန်းသက် နှင့် ကျွန်တော်တို့လည်းတက်ရောက်သည်။ အစည်းအဝေးက သြဝါဒါစရိယဆရာတော် ၉ပါး၊ ဒေါ်ဒေါ်အပါအဝင် နာယက ၉ဦး၊ ဥက္ကဋ္ဌ အငြိမ်းစားကောလိပ် ကျောင်းအုပ်ကြီး ဦးသန်းဗိုလ် ၊ ဒု – ဥက္ကဋ္ဌ ဦးအောင်ခိုင် ဦးဆောင်သော ကော်မီတီကို ဖွဲ့စည်းခဲ့၏။ ကျွန်တော်တို့ ၃ယောက်စလုံး အမှုဆောင်ထဲ ပါဝင်ခဲ့ကြပြီး နောက်ပိုင်းတွင် ဆရာကျော်ရင်မြင့်ပဲ ဆက်လက် ပါဝင်နိုင်ကာ ဒေါ်ဒေါ့်ကို အများဆုံး ကူညီနိုင်ခဲ့ပြီး အတွင်းရေးမှူး တာဝန်အထိ လှုပ်ရှား ထမ်းဆောင်သွားခဲ့သည်။
နောက်ပိုင်း အသင်းဖွဲ့စည်းပြီးနောက် အသင်းအမှတ်အသား လိုဂိုအတွက် ဒီဇိုင်းကို ဒေါ်ဒေါ်လူထုဒေါ်အမာ ကကျွန်တော့်အား တာဝန်ပေးပြန်ပါ၏။ ထို့ကြောင့် ယိုင်းပင်းကူညီမှု၊ ပေါင်းစည်းညီညွတ်မှု၊ ဖြေဖျောက် နှစ်သိမ့် မှု နှင့်ဗြဟ္မစိုရ်တရား ၄ ပါးကို ဖော်ဆောင်သော လိုဂိုကို လူထု ကွန်ပြူတာဒီဇိုင်း မောင်အေးချို အကူအညီဖြင့် ကျွန်တော် ရေးဆွဲပေးခဲ့ပါ၏။ ဒေါ်ဒေါ်က နှစ်သက်သဘောကျစွာဖြင့် သုံးစွဲခဲ့ရာ ယနေ့တိုင် ဗြဟ္မစိုရ်အသင်းကြီးက သုံးစွဲလျက် ရှိပါသည်။
ဆူးငှက်
#voiceofmyanmar #VOM #ဆူးငှက် #ရာပြည့်ကျောက်စာနှင့်ဗြဟ္မစိုရ်လိုဂို