ဖေဖော်ဝါရီ ၊ ၃ ၊ ၂၀၂၄
SP (VOM)
မန္တလေးတိုင်း ၊ မြင်းခြံခရိုင် ၊ မြင်းခြံမြို့နယ် ၊ စံပြကျေးရွာ အထက်တန်းကျောင်းမှာရှိတဲ့ ပြည်သူ့စစ်အဖွဲ့နဲ့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေကြား မနေ့ ဖေဖော်ဝါရီ ၂ ရက် ညနေပိုင်းက အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားပြီး အဲ့ဒီ ပစ်ခတ်မှုတွေကြောင်း နှစ်ဘက်စလုံး ထိခိုက်သေဆုံးတာတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲ့ဒီ အကြောင်းအရာနဲ့ ပတ်သက်လို့ စံပြကျေးရွာခံ ပရဟိတသမား တယောက်က ” မနေ့က ညနေပိုင်း ကျောင်းဆင်းပြီးတဲ့နောက် ၄ နာရီခွဲလောက်မှာ အထက်တန်းကျောင်းမှာ လုံခြုံရေးယူထားတဲ့ စစ်မှုထမ်းဟောင်း အဖွဲ့ဝင် ဦးတင်မြင့် ဦးစီးတဲ့အဖွဲ့ကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက လာတိုက်တယ် ၊ အဲ့ဒီမှာ အပြန်အလှန် ပစ်ခတ်ကြပြီး ပြည်သူ့စစ်အဖွဲ့ဘက်က စစ်မှုထမ်း ဟောင်းအဖွဲ့ဝင် ဦးသာဒွန်း၊ ၆၇ နှစ်၊ ဖြစ်စဉ်နေရာမှာ ဦးခေါင်းနောက်စေ့ ပွင့်ထွက်ဒဏ်ရာ တချက်နဲ့ သေ၊ဆုံးတယ် ၊ နောက်ပြီးဦးမြဌေး၊ ၆၄ နှစ်က ယာ-ခြေဖမိုး ထိမှန်ဒဏ်ရာ ၁ချက်၊ဝမ်းဗိုက် ဖောက်ဝင်ဒဏ်ရာ တချက်(စိုးရိမ်ရ)ရရှိခဲ့ပြီး ၊ အဲ့ဒီ အပြင် ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေဘက်က အသက် ၂၅ နှစ်ဝန်းကျင်အရွယ် အမျိုးသား တယောက် အရပ်ဝတ်နဲ့ သေဆုံးနေတဲ့ ရုပ်အလောင်းရတယ်၊ အဲ့ဒီအပြင် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်တွေကို နစက မှထုတ်ပေးထားတဲ့ ကာဘိုင် သေနတ် တလက်၊MA-1သေနတ် ၃ လက်၊ ပွိုင့်-၃၀ကာဘိုင်ကျည် ၆၀တောင့် ၊ ၅.၅၆ကျည် ၁၈၀ တောင့် ၊ ကျည်အိမ် ၈ ခု၊လွယ်ကြိုး ၄ ချောင်း လည်းပါသွားတယ် ” လို့ ပြောပါတယ်။
အဲ့ဒီနောက် စံပြကျေးရွာ အထက်တန်းကျောင်းမှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီးနောက် မြင်းခြံမြို့မှာ အခြေပြုတဲ့ နစက လုံခြုံရေးတပ်ဖွဲ့ဝင်တွေ စစ်ကူရောက်လာပြီးနောက် စံပြကျေးရွာရဲ့အရှေ့ဘက်မှာ ဆက်လက်ပြီး ပစ်ခတ်မှုတွေ ဖြစ်ပွားတယ်လို့ သိရပါတယ်။
အဲ့ဒီ တိုက်ပွဲဖြစ်စဥ်နဲ့ ပတ်သက်လို့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက လူမှုကွန်ရက်ပေါ်မှာ ထုတ်ပြန်ထားတာက စံပြကျေးရွာတိုက်ပွဲမှာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့ဘက်က တယောက်သေဆုံးပြီး ပြည်သူ့စစ်အဖွဲ့ဘက်က ကိုးဦးသေဆုံးတယ်လို့ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်က မြင်းခြံမြို့နယ် ၊ မြင်းခြံ – နဘူးအိုင် ကားလမ်းမှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသမီး ရုပ်အလောင်း လေးလောင်း စွန့်ပစ်ထားတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။
ဇန်နဝါရီ ၂၇ ရက်က မန္တလေးတိုင်း ၊ မြင်းခြံခရိုင် ၊ မြင်းခြံမြို့နယ် ၊ ကွမ်းစိုက်ကျေးရွာအုပ်စု၊ မကျီးသမျှားကျေးရွာရဲ့ မြောက်ဘက် ၂ မိုင်ခန့်အကွာ၊ မြင်းခြံ – မကျီးသမျှား လမ်းမှာ ပစ်သတ်ခံထားရတဲ့ ရုပ်အလောင်း ငါးလောင်းနဲ့ သစ်ရုံကျေးရွာအနီး၊ မြင်းခြံ – မြို့သာ ကားလမ်း မှာက နောက်တလောင်း တွေ့ရတာဖြစ်ပြီး သေဆုံးသူတွေဟာ အမျိုးသားတွေ ဖြစ်တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။
မြင်းခြံခရိုင် ၊ မြင်းခြံမြို့နယ်၊ တောပုကျေးရွာနဲ့ ဆင်းဂွတ်ကျေးရွာကြား၊ မြင်းခြံ-ဆီမီးခုံကားလမ်းမှာ ပြီးခဲ့တဲ့ ဇန္နဝါရီ ၂၂ ရက် ၊ညနေပိုင်းက မြင်းခြံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကနေ ဆီမီးခုံ ရဲစခန်းကို ပြန်လာတဲ့ ရဲတပ်ဖွဲ့ဝင် ငါးယောက်နဲ့ အရပ်သား တယောက်ယောက် ၊ လမ်းမှာ ပစ်သတ်ခံရပြီး သူတို့ကိုင်ဆောင်လာတဲ့ လက်နက်ခဲယမ်းတွေ ပါသွားတယ်လို့ မြင်းခြံခရိုင် လုံခြုံရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက် နေ့လယ်ပိုင်းကလည်း မြင်းခြံမြို့နယ် ၊ သက္ကယ်ကျင်းကျေးရွာအဝင် ၊ မြို့သာ – နဘူးအိုင် – မြင်းခြံ ကားလမ်းပေါ်မှာ လေးလောင်းပြိုင်လူသတ်မှုဖြစ်ခဲ့ပါသေးတယ်။
အဲ့ဒီ သေဆုံးသူတွေဟာ ငါန်းဇွန်မြို့နယ် ၊ မင်းနေကုန်း ရဲကင်းစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲသုံးယောက်နဲ့ အရပ်သားတယောက်ဖြစ်ပြီး ၊ သူတို့ဟာ စခန်းအတွက် လက်နက်မဲ့ စျေးဝယ်ထွက်သွားရင်းကနေ ပစ်သတ်ခံရတာလို့ သိရပါတယ်။
အဲ့ဒါကြောင့် ဒီရက်ပိုင်းအတွင်း မြင်းခြံမြို့နယ်ထဲမှာ လေးလောင်းပြိုင် လူသတ်မှု နှစ်ကြိမ် နဲ့ ၊ ခြောက်လောင်းပြိုင် လူသတ်မှု နှစ်ကြိမ်ဖြစ်ပွားပြီး သေဆုံရသူ ၂၀ ကျော်ရှိတယ်လို့ သိရပါတယ်။
Photo: Original Uploader