တအာင်းတိုင်းရင်းသားတွေကို TNLA က တအိမ်တယောက် စစ်မှုမထမ်းမနေရ ခေါ်နေတာ ကြာပြီဖြစ်ပြီး သုံးနှစ် ထမ်းဆောင်ရမယ်လို့ ပြောပေမယ့် ပြန်ထွက်ဖို့ခက်

 

ဖေဖော်ဝါရီ ၆၊ ၂၀၂၄

Shy V (VOM)

TNLA ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးက သူတို့ထိမ်းချုပ်ရာနယ်မြေတွေမှာ လူငယ်ေတွ စစ်မှုထမ်းဖို့ စစ်မှုထမ်း ဥပဒေဆိုတာကို ဖေဖော်ဝါရီ ၄ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထဲမှာပါတဲ့ တအိမ်တယောက် စစ်မှုမထမ်းမနေရဆိုတာ တအာင်းလူမျိုးတွေအနေနဲ့ တအိမ် တယောက် TNLA စစ်မှုမထမ်းမနေရ ခေါ်နေတာ ကြာပြီဖြစ်ပြီး သုံးနှစ် ထမ်းဆောင်ရမယ်လို့ ပြောပေမယ့် သုံးနှစ်ပြည့်လည်း ပြန်မထွက်ခိုင်းကြောင်း တအာင်းတိုင်းရင်းသားတွေဆီက သိရပါတယ်။

“သူတို့က ပါးစပ်ကပဲ ရှိတာပါ။ ဘယ်လိုလဲ ဆိုလို့ ရှိရင် ကျနော် ပြောမယ်ဗျာ သူတို့က သုံးနှစ်လို့ ပြောလိုက်တာပဲ ရှိတယ်။ ကျနော့် အသိတွေလည်း ရှိတယ်။ ပညာတတ်တာ၊ မတတ်တာ အကုန် တအိမ် တယောက်နဲ့ ဆွဲခေါ်သွားတဲ့ ဥစ္စာ သုံးနှစ် ထမ်းဆောင်ပေးရမယ် ဆိုပြီး။ အခု သုံးနှစ် ပြည့်သွားပြီလေ။ သူတို့မှ မထွက်ရတာကြီး။ သူတို့ဆီ ရောက်သွားရင်တော့ မထွက်ခိုင်းတော့ တာမျိုးရှိတယ်။ ဘာလို့လဲ ဆိုတော့ သူတို့ဆီမှာလည်း အခုက အင်အားလျော့သွားတာတို့ ဘာတို့ ရှိတာကိုး။ အဲဒါကြောင့် ပိုဆိုးမှာပေါ့။” လို့ တအာင်းအမျိုးသား တယောက်က ပြောပါတယ်။

စစ်မှုထမ်းတာမှာလည်း ပညာတတ်ပါရင် ပိုကောင်းတာဖြစ်ပေမယ့် လက်ရှိမှာ ကျောင်းတက်တာ၊ မတက်တာ မဆိုင်ပဲ တက္ကသိုလ် တက်တဲ့ အရွယ်ဆိုရင် စစ်မှုထမ်းရပြီး စစ်ဝင်သွားရင် ပြန်ထွက်ခိုင်းတာမျိုးလည်း မရှိတာကြောင့် မိဘတွေက အချိန်ကုန်၊ ငွေကုန် ခံပြီး ပြုစုပျိုးထောင်ခဲ့ရပေမယ့် မိဘတွေ တလှည့် ပြန်အားကိုး ရမယ့်အချိန်မရှိလို့ စိတ်မကောင်းဘူးလို့ သူကပြောပါတယ်။

“မိဘတွေက သားသမီးကို မျှော်ကိုးတာပဲလေ။ ပညာတတ် ဖြစ်စေချင်တယ်ဗျာ။ နောက် အိမ်မှာလည်း အထောက်အကူ ပြုအောင် သူတို့ကိုလည်း တလှည့် ပြန်အားကိုးရမယ့် အချိန်လည်း ရောက်လာပြီ ဆိုလို့ ရှိရင် ဒီသားသမီးက ကိုယ့် ဆီမှာ မရှိတော့ ပဲနဲ့ သူတို့ကို ပေးလိုက်ရတယ် ဆိုတော့ ဘယ်မိဘက မွေးပြီးတော့မှ ကြီးပြင်းလာအောင်၊ ပညာတတ်လာအောင် ပြုစု ပျိုးထောင်လာပြီးတော့မှ သူများကို ဒီလို ပြန်ထည့်ပေးရတယ် ဆိုတော့ ဒီဟာကြီးကတော့ မဖြစ်သင့်ဘူးလို့ ကျနော်က ထင်တာပဲ။” လို့သူက ပြောပြပါတယ်။

တချို့က စစ်မှုမထမ်းချင်လို့ ရှောင်တိမ်းတာမျိုး ပြည်မထဲ ရှောင်တိမ်းတာမျိုး၊ ပြည်ပ သွားပြီး အလုပ်လုပ်လိုက်တာမျိုး အများအပြားရှိနေတာတွေ့ရတယ်လို့ နောက်ထပ် အမျိုးသား တယောက်က ဆိုပါတယ်။

“ကျောင်းတက်တာတွေ၊ မတက်တာတွေ သူတို့ အဲလောက်ထိ ထည့်မစဉ်းစားဘူး။ သူတို့ လူအင်အားရှိဖို့လောက်ပဲ၊ အင်အားဖြည့်ဖို့ပဲ သူတို့ ခေါ်တဲ့ ပုံစံမျိုး။ တအိမ် တယောက်က သူတို့က စစ်မှုထမ်း ခေါ် လာတာကြာပြီ။ မဝင်မနေရဆိုတာ။ ဒီမှာလည်း ရှောင်နေတဲ့ ပလောင်တိုင်းရင်းသွားတွေ အများကြီးပါပဲ။ မိသားစုလိုက် ရှောင်နေကြတာလေ။ သူက ညီအစ်ကို မောင်နှမ ကျန်ခဲ့လို့ လည်းမရဘူး။ ဆွေမျိုး အသိုင်းအဝိုင်း ကျန်ခဲ့လို့ လည်းမရဘူး။ သူက မိသားစု တစ်စုလုံး မရှောင်နိုင်ဘူးဆိုလို့ ရှိရင် လုံးဝ မရဘူး။” လို့ သူက ပြောပါတယ်။

နမ့်ခမ်းမြို့နယ်မှာလဲ နေအိမ်တွေကိုပါ စွန့်ခွာပြီး မိသားစုလိုက် ရှောင်ပြေးနေတဲ့ ရွာတွေရှိနေပြီး အိမ်ခြေ ၂၀၀ လောက်မှာ ၅၀ လောက်ပဲ ကျန်တာမျိုး ရှိတယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေဖြစ်တဲ့ TNLA, KIA, SSPP/SSA, MNDAA စတဲ့အဖွဲ့အစည်းအားလုံးဟာ တအိမ်တစ်ယောက် စစ်မှုထမ်းနေရတဲ့ ပုံစံမျိုး စစ်သား စုဆောင်းနေတာ ဖြစ်ကာ ဘယ်အဖွဲ့ မဆို ကျောင်းတက်နေတဲ့ ကလေးတွေကိုပါ ခေါ်ဆောင် စစ်သား စုဆောင်းသွားတာမျိုး ရှိပြီး မုံးကိုးမြို့နယ်ရှိ တရုတ်လူမျိုးတွေလည်း စစ်သားစုဆောင်းခံရမှာ စိုးရိမ်လို့ မိသားစုလိုက် ရှောင်တိမ်းနေရသူတွေ ရှိသူသလို နမ့်ခမ်းမြို့နယ်ရှိ ရှမ်းလူမျိုးတွေလည်း စစ်သားစုဆောင်းခံရမှာစိုးရိမ်လို့ တရုတ်နယ်စပ်ဘက် အလုပ်သွားရောက်လုပ်ကိုင် နေကြရသူတွေရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။

တအာင်းလူမျိုးတွေကို စစ်မှုထမ်းဥပဒေမှာ B ပိုး၊ C ပိုးရှိတဲ့သူတွေကလွဲလို့ တအာင်းလူမျိုးတိုင်း အသက် ၁၆ နှစ်ပြည့်ပြီး ကျန်းမာရေး ကောင်းမွန်သူတိုင်း စစ်မှုထမ်းနိုင်ပြီး မိသားစု တစု ထဲမှာ အသက် ၁၈ နဲ့ ၃၅ နှစ်ကြား ညီအစ်ကို နစ်ယောက်၊ ညီအစ်မ သုံးယောက်နဲ့အထက်ရှိရင် တယောက်က မဖြစ်မနေ စစ်မှုထမ်းရမှာဖြစ်ကာ အဲဒီအရွယ်ထဲက သာသနာ့ဘောင်ထဲ နေထိုင်သူ ဒါမှမဟုတ် ကျန်းမာရေး ချို့ယွင်းသူ ဒါမှမဟုတ် အရပ်ဖက် အဖွဲအစည်းတွေထဲ ဗဟိုကော်မတီဝင်ဖြစ်နေသူ ဖြစ်နေရင်တော့ စစ်မှုထမ်းတာကနေ ကင်းလွတ်ခွင့်ရမှာဖြစ်ပြီး TNLA ရဲ့ နိုင်ငံရေးနဲ့ စစ်ရေး ရပ်တည်ချက်တွေကို နှစ်သက်ကြိုဆိုသူ မည်သူမဆို စစ်မှုထမ်းနိုင်ကြောင်း ဖေဖော်ဝါရီ ၄ ရက်နေ့မှာ PSLF/TNLA ကထုတ်ပြန် အသိပေးထားကြောင်း သတင်းဖော်ပြချက်အရ သိရပါတယ်။

#Photo #TNLA ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်၊ တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူးကြီး တားအိုမ်တမာဝ်းနှင့် အုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးကြီး တားဂူဇားတို့ ကွတ်ခိုင်မြို့နယ်အတွင်းသွားရောက်ကြည့်ရှု့ကြီးကြပ်သည့် ပုံရိပ်

#PSLF/TNLA

#သတင်းနှင့်ပြန်ကြားရေးဌာန

 

Related posts

Leave a Comment

VOM News

FREE
VIEW