တောင်ငူမှာ ခှိုလှုံနေတဲ့ ဇရပ်ကြီးစစ်ရှောင်တွေ အကူအညီတွေ လိုအပ်နေ

 

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ၊ ၂၀၂၄

GG (VOM)

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့တိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်သူထဲက ဒေသခံအချို့သာ နေရပ်ပြန်သူရှိပေမယ့်လည်း တောင်ငူမှာ စစ်ရှောင်ထောင်နဲ့ချီပြီး အများအပြားကျန်နေသေးတာကြောင့် အစား့သောက်တွေ လိုအပ်မှုရှိနေဆဲဖြစ်တယ်လို့ ဒေသခံလူမှုကူညီရေးအဖွဲ့တွေဆီကသိရပါတယ်။

စစ်ရှောင်ပြည်သူတွေများပြီး စစ်ဘေးရှောင်ရတဲ့ရက်ကြာလာတာနဲ့အမျှ ဇရပ်ကြီးစစ်ရှောင်ပြည်သူတွေအတွက် နေ့စဉ်စားနပ်ရိက္ခာ လိုအပ်ချက်၊သောက်ရေသန့်၊ တစ်ကိုယ်ရေသုံးပစ္စည်း စတဲ့လိုအပ်ချက်တွေ အများအပြားရှိနေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့ လူမှုကူညီရေးအဖွဲ့ဝင်တယောက်ကပြောပါတယ်။

” ထမင်းထုတ်တွေ လိုအပ်လို့ အရေးပေါ်အကူအညီတောင်း ရတာတွေရှိတယ်၊ နေ့တိုင်းဆိုတော့လိုအပ်ချက်ကတော့ရှိနေတာပဲ၊ ခုဆိုရင် စစ်ရှောင်တွေရောက်ကြတာ ၆ ရက်လောက်ရှိပြီ၊ အဓိက စားစရာ ၊ အိပ်ဖို့ ခြင်ထောင် စောင်ပေါ့။ လိုအပ်တာတွေလည်း အလှူရှင်တွေရှိတာနဲ့မရှိတာ အကူညီတွေခံရတာပေါ့။အခု နယ်ပြန့ကျရင်လည်း စောင်ခြင်ထောင်တွေ ပြန်အပ်ခဲ့ဖို့ ပြောထားပါတယ် ၊နောက်လူတွေအတွက်လည်းအဆင်ပြေအောင်ပေါ့ ” လို့ သူကပြောပါတယ်။

ဇရပ်ကြီးမြို့မှာ တိုက်ပွဲတွေဖြစ်ပွားတာမရှိတော့တာကြောင့် စစ်ရှောင်ပြည်သူတွေအချို့က မတ်ပဲတွေရိတ်သိမ်းဖို့အတွက် နေရပ်ကိုပြန်ကြတာဖြစ်ပြီး ကျန်စစ်ရှောင် အများအပြားကတော့ ခုချိန်ထိ တောင်ငူမှာ ရှိနေသေးတာဖြစ်တယ်လို့သိရပါတယ်။

” ပဲတွေကလည်းနူတ်ရတော့မယ့်အချိန်ရောက်နေပြီဆိုတော့ မပြန်မဖြစ်ပြန်ရတာပါ။ ပြီးတော့တိုက်ပွဲတွေကလည်း မဖြစ်တော့ဘူး မြို့ကလည်း ပြန်ပြီးသွားလာနေကြပြီဆိုတော့ ပြန်ဖို့ လုပ်တာပါ။ ဒီမှာနေရတာအဆင်ပြေပါတယ်။ဒါပေမယ့်လည်း လယ်ယာလုပ်ငန်းကရှိသေးတော့ ပြန်ရတာပါ ” လို့ ဇရပ်ကြီး ဒေသခံတယောက်က ပြောပါတယ် ။

လက်ရှိအချိန်ထိ ဇရပ်ကြီး စစ်ရှောင်ပြည်သူတွေကို တောင်ငူမြို့ရှိ ဘုန်းကြီးကျောင်း ၊စာသင်ကျောင်း နဲ့ ပြည်သူတွေရဲ့ ပိုင်ဆိုင်တဲ့ ခြံတွေ၊ အိမ်တွေမှာ ကယ်ဆယ်ရေးစခန်းတွေအဖြစ်ပြုလုပ်ကာ နေထိုင်နေကြဆဲ ဖြစ်ပါတယ်။

ဇရပ်ကြီးမြို့မှာတော့ ဖေဖော်ဝါရီလ ၇ ရက်နေ့ မနက်အစောပိုင်းကနေ ၈ ရက်နေ့အထိ KNLA၊ PDF ပူးပေါင်းတပ်တွေနဲ့ နယ်မြေခံ စစ်တပ်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် မြို့ကိုစွန်ခွာထွက်ပြေးတိမ်းရှောင်တဲ့ စစ်ဘေးရှောင်အများအပြားရှိခဲ့တာဖြစ်ပါတယ်။

လတ်တလောမှာတော့ ဇရပ်ကြီးမြို့မှာ အခြေအနေတွေတည်ငြိမ်နေပြီး ပစ်ခတ်မှုတွေ မရှိတော့ဘူးလို့သိရပါတယ်။

ဇရပ်ကြီး တိုက်ပွဲအတွင်း မှာ စစ်ရှောင်ပြည်သူအများအပြားရှိခဲ့တဲ့အပြင် အရပ်သားပြည်သူတွေသေဆုံးမှုရှိခဲ့သလို နေအိမ်အပျက်အစီး တွေလည်းရှိခဲ့ပါတယ်

Related posts

Leave a Comment

VOM News

FREE
VIEW