ညီနောင်မဟာမိတ် ၃ ဖွဲ့ ရဲ့ အကောက်ခွန် နှုန်းထားတွေကြောင့် ပြည်သူတွေခက်ခဲ

ညီနောင်မဟာမိတ် ၃ ဖွဲ့ ရဲ့ အကောက်ခွန် နှုန်းထားတွေကြောင့် ပြည်သူတွေခက်ခဲ
ညီနောင်မဟာမိတ် ၃ ဖွဲ့ ရဲ့ အကောက်ခွန် နှုန်းထားတွေကြောင့် ပြည်သူတွေခက်ခဲ

ဖေဖော်ဝါရီ ၁၄၊ ၂၀၂၄

Shy V(VOM)

ညီနောင်မဟာမိတ် ၃ ဖွဲ့ ရဲ့ အကောက်ခွန် နှုန်းထားတွေကို သတ်မှတ် ဖော်ပြထားတဲ့ စာရွက် ဒီရက်ပိုင်းအတွင်း လူမှုကွန်ယက်မှာ ပျံ့နှံ့ ထွက်ပေါ်လာပါတယ်။

အဲဒီစာရွက်မှာ သွင်းကုန်ကားတွေ အတွက် ဘီးလှိမ့်ခွန်၊ စက်ယန္တရားတွေဖြစ်တဲ့ ကုန်ကားအသစ်တွေ၊ စက်ပစ္စည်း တွေ၊ ကုန်မာတွေဖြစ်တဲ့ အိမ်ဆောက်ပစ္စည်း အမျိုးမျိုး၊ ကုန်စုံ ပစ္စည်း၊ ကုန်စိမ်း စတဲ့ သွင်းကုန်တွေကို ကားအမျိုးအစား အလိုက် ကောက်ခံမယ့် နှုန်းထားတွေကို အသေးစိတ် ဖော်ပြထားပါတယ်။

ဘီးလှိမ့်ခွန်အနေနဲ့ ၁၈ ပေအောက် ၆ ဘီး ကား တစီးကို ၄၅၀,၀၀၀ ကျပ်၊ ၁၈ ပေ အထက် ၆ ဘီး ကား တစီးကို ၆၀၀,၀၀၀ ကျပ်၊ ၁၂ ဘီးကား တစီးကို ၁,၂၀၀,၀၀၀ ကျပ်၊ ၂၂ ဘီးကား တစီးကို ၂,၁၀၀,၀၀၀ ကျပ်၊ သရီးကရောင်း ကားတစီးကို ၇၅၀,၀၀၀ ကျပ် နှုန်း ပေးဆောင်ရမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

“ဘီးလှိမ့်ခွန်အတွက် သပ်သပ်၊ ကုန်အတွက် သပ်သပ်ပေးရတယ်။ ကားကတော့ တနှစ်စာပေါ့။ ကုန်အတွက်က တခေါက်ချင်း ပေးရတယ်။ ကုန်ပေါ်မူတည်ပြီး ဈေးနှုန်းမတူဘူး။ ကားပေါ် ကက်ခြံပါရင်လည်း ဈေးတမျိုး ဟုတ်တယ်။ မုံးကိုး – မူဆယ် ကြား ကားငယ်ဆိုရင်တော့ ကုန်တွေ မှန်ဘောင်ကျော်ရင်လည်း ဈေးတမျိုးဟုတ်တယ်။ လူနဲ့ ကုန်ပေါ်မူတည်တယ်။ TNLA အဖွဲ့ကို တခေါက် တသိန်းခွဲ ပေးရတယ်။ KIA ကို သုံးသောင်းပေးရတယ်။ ပုံသေတော့မရှိဘူး” လို့ ယာဉ်မောင်း တယောက်က ပြောပါတယ်။

စက်ယန္တရားတွေဖြစ်တဲ့ ကုန်ကားသစ် တွဲကားခေါင်း တစီးကို ၁၀,၅၀၀,၀၀၀ ကျပ်၊ ဆီဘောက်ဆာ တစီးကို ၆၀၀,၀၀၀ ကျပ်၊ သုံးထပ်တွဲကား တစီး ၆,၃၀၀,၀၀၀ ကျပ်၊ ကျောက်တင်ကား Dump Truck တစီး ၆,၀၀၀,၀၀၀ ကျပ်၊ ကျောက်ကွင်းသုံး ကျောက်တင်ကားကြီး တစီး ၉,၀၀၀,၀၀၀ ကျပ်၊ ဟိုက်ဂျက် အကြီး တစီး ၂,၄၀၀,၀၀၀ ကျပ်၊ ဟိုက်ဂျက် အသေး ၁,၈၀၀,၀၀၀ ကျပ် ပေးဆောင်ရန် သတ်မှတ်ချက်မှာ ဖော်ပြထားပါတယ်။

စက်ပစ္စည်းတွေကိုတော့ ၁၈ ပေ အောက် ၆ ဘီး ကားတစီး ၃,၀၀၀,၀၀၀ ကျပ်၊ ၁၈ ပေ အထက် ၆ ဘီးကား တစီး ၄,၅၀၀,၀၀၀ ကျပ်၊ ၁၂ ဘီးကား တစီး ၇,၅၀၀,၀၀၀ ကျပ်နဲ့ ၂၂ ဘီးတွဲကားတစီး ၉,၀၀၀,၀၀၀ ကျပ် ပေးဆောင်ရန် သတ်မှတ်ထားတာကို တွေ့ရပါတယ်။

ကုန်မာဖြစ်တဲ့ အိမ်ဆောက်ပစ္စည်း တွေကျတော့ ၁၈ ပေ အောက် ၆ ဘီး ကားတစီးကို ၂,၄၀၀,၀၀၀ ကျပ်၊ ၁၈ ပေ အထက် ၆ ဘီးကား တစီးကို ၃,၉၀၀,၀၀၀ ကျပ်၊ ၁၂ ဘီးကား ၅,၇၀၀,၀၀၀ ကျပ်၊ ၂၂ ဘီးတွဲကား တစီး ၆,၉၀၀,၀၀၀ ကျပ် ဆိုပြီး သတ်မှတ်ထားပါတယ်။

ကုန်စုံပစ္စည်း ၁၈ ပေ အောက် ၆ ဘီး ကားတစီး ၁,၈၀၀,၀၀၀ ကျပ်၊ ၁၈ ပေ အထက် ၆ ဘီးကား တစီး ၂,၁၀၀,၀၀၀ ကျပ်၊ ၁၂ ဘီးကား တစီး ၄,၈၀၀,၀၀၀ ကျပ်၊ ၂၂ ဘီးတွဲကား တစီး ၆,၀၀၀,၀၀၀ ကျပ် သတ်မှတ်ထားပါတယ်။

ကုန်စိမ်းတွေကိုတော့ ၁၈ ပေ အောက် ၆ ဘီး ကားတစီး ၁,၈၀၀,၀၀၀ ကျပ်၊ ၁၈ ပေ အထက် ၆ ဘီးကား တစီး ၂,၄၀၀,၀၀၀ ကျပ်၊ ၁၂ ဘီးကား တစီး ၄,၅၀၀,၀၀၀ ကျပ်၊ ၂၂ ဘီးတွဲကား တစီး ၆,၀၀၀,၀၀၀ ကျပ် သတ်မှတ်ထားတာပါတယ်။

“နောက်ဆုံး စားသုံးသူ ပြည်သူတွေပဲ ခံရမှာ။ ဘယ် အရောင်းအဝယ် သမားမှ အရှုံးခံပြီး ရောင်းမှာမဟုတ်ဘူး။ ကား ပိုင်ရှင်တွေလည်း အရှုံးခံပြီး တင်မှာမဟုတ်ဘူး။ ကားခ ဈေးတက်မယ်။ ကုန်တွေ ဈေးတက်မယ်။ ဒီလိုပဲ ဖြစ်လာမှာ။ ဘယ်အဖွဲ့ကမှ ပြည်သူတွေအတွက် ထည့်သွင်းစဉ်းစားတာမရှိဘူး။ မူဆယ်မှာဆိုရင် အခွန်တွေ၊ ဆက်ကြေးတွေ မဆောင်နိုင်တော့လို့ ဆိုင်တွေ ပိတ်လိုက်ရသူတွေ ရှိတယ်။ အဖွဲ့က တဖွဲ့တည်း မဟုတ်ဘူးလေ။ အစိုးရကိုဆောင်ရတယ်၊ KIA, TNLA, SSPP/SSA အားလုံးကို ဆောင်ရတယ်။ အားလုံးကို မပေးနိုင်ရင် ဘာမှ လုပ်ဖို့ မစဉ်းစားနဲ့။ KIA နဲ့ TNLA အဖွဲ့က အဆိုးဆုံးပဲ။” လို့ မူဆယ်ဒေသခံ အမျိုးသမီးက ပြောပါတယ်။

ဒါ့ပြင် KIA အဖွဲ့ကလည်း ကုန်သွယ်ရေးကားတွေ နဲ့ လုပ်ငန်းရှင်တွေအပေါ် အခွန်ဆက်ကြေးကောက်ခံတဲ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းက လားရှိုးမြို့‌မှာ စန်းရွှင် ‌ဟိုတယ်ကို အခွန်ဆက်ကြေး မပေးဆောင်နိုင်လို့ ဗုံးခွဲတာလို့ လုပ်ငန်းရှင် တဦးက ပြောပါတယ်။

လားရှိုးမှာတော့ KIA, TNLA, SSPP/SSA စတဲ့အဖွဲ့တွေက စီးပွားရေးလုပ်ငန်းရှင်တွေကို အခွန်စာရွက်ပေးပြီး ဖြစ်ဖြစ်၊ ဖုန်းဆက်ပြီးဖြစ်ဖြစ် ဆက်ကြေးတောင်းလေ့ရှိကာ သတ်မှတ်ရက်အတွင်း မပေးနိုင်ရင် ဗုံးခွဲတာမျိုး အမြဲလုပ်လေ့ရှိကြပြီး တချို့က အဖွဲ့အစည်း အယောင်ဆောင်ပြီး အုပ်စုဖွဲ့ ဆက်ကြေးတောင်းတာလည်း ရှိတယ်လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

Photo Crd# Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW