ဆင်ပေါင်ဝဲမြို့နယ် တရားသူကြီး ပစ်သတ်ခံရ

ဖေဖော်ဝါရီ ၊ ၁၃ ၊ ၂၀၂၄
SP (VOM)

မကွေးတိုင်း ၊ အောင်လံခရိုင် ၊ ဆင်ပေါင်ဝဲမြို့နယ်မှာ မြို့နယ်တရားသူကြီး တာဝန်ထမ်းဆောင်နေသူဟာ ဒီကနေ့ ဖေဖော်ဝါရီ၁၃ရက် မနက်ပိုင်းက ဇာတိရွာကို အလည်ပြန်လာရာကနေ သူ့ရဲ့မိတ်ဆွေရဲ့ နေအိမ်ထဲမှာ ပစ်သတ်ခံလိုက်ရတယ်လို့ ဆင်ပေါင်ဝဲ တရားရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်လို့ ဆင်ပေါင်ဝဲ တရားရေး ဝန်ထမ်းတယောက်က
” တရားသူကြီး ဦးထွန်းထွန်းနိုင်က မူဆယ်မြို့ တရားရေး ဌာနကနေ ဆင်ပေါင်ဝဲမြို့နယ်ကို တာဝန်ကျတာ မကြာသေးဖူး ၊ အဲ့ဒါ သူ့ရဲ့ ဇာတိကျေးရွာဖြစ်တဲ့နတ်မောက်မြို့နယ်ထဲက ၊ ကမ်းပြိုရွာသစ်ကျေးရွာကို မိသားစုနဲ့ အမျိုးတွေဆီကို အလည်အပတ်သွားတာ ၊ ဒီမနက် ၁၀ နာရီဝန်းကျင်လောက်က ပစ်သတ်ခံရတယ်လို့ သိရတယ် ၊ ကနဦး သိရတာက ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ကြိုတင်သတင်းရလို့ တရားသူကြီးကိုလာပစ်တာဖြစ်တယ် ၊ ကျည်ဖောက်ဝင်ဒဏ်ရာ ငါးချက်နဲ့ သေဆုံးသွားတယ် ” လို့ ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ဒေသတွင်း လူမှုကွန်ရက်တွေပေါ်မှာ ဖော်ပြထားတာက ကမ်းပြိုရွာသစ်ကျေးရွာကို အလည်ပြန်လာတဲ့ တရားသူကြီးကို သွားရောက်ရှင်းလင်းတဲ့အခါ တရားသူကြီးက သံတုတ်နဲ့ ပြန်လည်ခုခံတာကြောင့် အသေပစ်ရှင်းလိုက်တာလို့ ဖော်ပြထားပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ မကွေးခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က
” ဒီကနေ့ မနက်ပိုင်းက နတ်မောက်မြို့နယ်မှာ တရားသူကြီးတယောက် ပစ်သတ်ခံရတယ် ၊ မနေ့ ( ဖေဖော်ဝါရီ ၁၂ ရက်)ကလည်း တောင်တွင်းကြီးမြို့ ၊ ရခိုင်ဘုရားဝန်းနားမှာ နေ့လယ် ၂ နာရီဝန်းကျင်က ပင်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းအောင် အပါအဝင် လူ သုံးယောက် ပစ်သတ်ခံရတယ် ၊ အဲ့ဒီ အပြင် နတ်မောက်မြို့နယ် ၊ ကုလားရှင်စံပြကျေးရွာက အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဌေး ဆိုသူလည်း ပစ်သတ်ခံရတယ် ” လို့ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ အောက်တိုဘာ ၆ ရက် ညနေ ၅ နာရီဝန်းကျင်က ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်၊ မူဆယ်မြို့ ဟိုမွန်ရပ်ကွက် မူဆယ်-နမ့်ခမ်းသွား ပြည်ထောင်စုလမ်းမကြီး ကံ့ကော်မီးပွိုင့်နားက Taste စူပါမားကက်ရှေ့မှာ မူဆယ်တရားသူကြီး ဦးရာဇာမင်းစိုး ဆိုသူရဲ့ မတ်ခ်တူးရွှေငါးကားကို အမည်မသိ လူနှစ်ယောက်က သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် တရားသူကြီး ဦးရာဇာမင်းစိုး ဆိုသူနေရာမှာပဲ သေဆုံးခဲ့ပါသေးတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW