ဂန့်ဂေါနယ်က ပြည်သူ့စစ်ရွာတွေနားမှာ တိုက်ပွဲဖြစ် ၊ ထိခိုက်သေဆုံးသူ များပြား

 

ဖေဖော်ဝါရီ ၊ ၁၅ ၊ ၂၀၂၄

SP(VOM)

မကွေးတိုင်း ၊ဂန့်ဂေါခရိုင် ၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ် တောင်ပိုင်းကြားက ပြည်သူ့စစ်ရွာတွေနားမှာ မနေ့ ဖေဖော်ဝါရီ ၁၄ ရက်က နစက လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် PDFအဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး နှစ်ဘက် ထိခိုက် သေဆုံးမှုတွေ အများပြားရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်လို့ မြောက်ခင်ရန်းကျေးရွာ ဒေသခံတယောက် က ” ဂန့်ဂေါမြို့နယ် မြောက်ပိုင်းနဲ့ ကလေးမြို့နယ် တောင်ပိုင်းကြားမှာ ပြည်သူ့စစ်ကျေးရွာ ၃၀ လောက်ရှိတယ် ၊ အဲ့ဒီ ပြည်သူ့စစ်ရွာတွေ အားလုံးကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ဝိုင်းပတ်ပိတ်ဆို့ထားတာကြာပြီ ၊ လယ်ယာထွက်ကုန် ကောက်ပဲသီးနှံတွေလည်း မြို့ပေါ်တက်ပြီး မရောင်းရဘူး ၊ မြို့က ဈေးကုန်တွေလည်း အဲ့ဒီရွာတွေကို မသယ်ရဘူး ၊ အဲ့ဒါကြောင့် ပြည်သူ့စစ်ရွာတွေမှာ စားဝတ်နေရေး အခက်ခဲရတယ် ၊ နောက်ပြီး ရွာနားပတ်လည်မှာ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက လမ်းတွေဖြတ်တောက် ပိတ်ဆို့ထားပြီး ပြည်သူ့စစ်ရွာခံတွေကို ရွာအပြင်ထွက်မရအောင် ဝိုင်းထားတယ် ၊ အဲ့ဒီလို ဖြစ်နေတာကြာပြီ ၊ ဂန့်ဂေါမြို့နဲ့ မြောက်ခင်ရန်းကြားမှာ ကန်နယ်မြေရဲစခန်း နဲ့ တောင်ခင်ရန်း (သာလင်း နယ်မြေရဲကင်းစခန်း အရင်က ရှိတယ် ၊ ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းက အဲ့ဒီ ရဲစခန်းတွေ ဆုတ်ခွာသွားတယ် ၊ ဒိနောက်ပိုင်း PDF တွေက ပြည်သူ့စစ်ရွာတွေကို စစ်ရေးအရ ပိုပြီး ဖိအားပေးလာတယ် ၊ အဲ့ဒါကြောင့် မနေ့က ပြည်သူ့စစ်အဖွဲ့တွေက မြောက်ခင်ရန်းရွာရဲ့ တောင်ဘက် တောင်ခင်ရန်းရွာနဲ့ကြားမှာရှိတဲ့ ရွှေဘိုရွာ ၊ သင်တောရွာ ၊ ရေသာရွာ စတဲ့ ရွာတွေဘက်ကို နယ်မြေရှင်းလင်းရေး ထိုးစစ်တွေ လုပ်တယ် ၊ အဲ့ဒိမှာ တိုက်ပွဲတွေဖြစ်ပြီး ထိခိုက်သေဆုံးသူတွေ အများအပြား ဖြစ်တာ ” လို့ ပြောပါတယ်။

အဲ့ဒီအပြင် ရွှေဘိုရွာခံတယောက်က ” မြောက်ခင်ရန်း ၊ ကုက္ကား ၊ ဟံသာဝတီ ၊ ကြံသာ စတဲ့ရွာတွေဘက်ကို တခြား ရွာခံတွေ သွားလာလို့ မရဘူး ၊ အဲ့ဒီရွာတွေနားကို ကပ်လာရင် ဖမ်းဆီးစစ်ဆေးတယ် ၊ တခြားရွာကလူတွေက အဲ့ဒီ ပြည်သူ့စစ် ရွာတွေကို မသွားရဲကြဘူး ၊ ကလေးမြို့ကိုသွားရင် အဲ့ဒီ ပြည်သူ့စစ်ရွာတွေကို ရှောင်ကွင်းပြီး ချင်းပြည်နယ် အစပ်က တောင်တွေကြားက သွားရတယ် ၊ အဲ့ဒီလမ်းတွေက ခြေလျင်နဲ့ ဆိုင်ကယ်ပဲသွားလို့ရတယ် ” လို့ ပြောပါတယ်။

အဲ့ဒါကြောင့် ဂန့်ဂေါနယ်နဲ့ ကလေးနယ်ကြားက ပြည်သူ့စစ်ကျေးရွာတွေနဲ့ PDF အဖွဲ့တွေကြား မကြာခဏ ထိတွေ့တိုက်ပွဲတွေ ဖြစ်ရတာလို့ သိရပါတယ်။

အဲ့ဒီ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး မကွေးတိုင်း လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က ” မနေ့က ဂန့်ဂေါမြို့နယ် မြောက်ပိုင်းမှာ နယ်မြေရှင်းလင်းတဲ့အခါ ထိတွေ့တိုက်ပွဲဖြစ်တယ် ၊ သင်တောရွာမှာက အလောင်း ၇ လောင်းရတယ် ၊ သေဆုံးသူတွေက မောင်ပု ၊ ပြူသာဌေးအောင်၊ မောင်နိုင် ၊ ဖိုးသေးနောင် ၊ သက်လွင် ၊ ဘိုသန်းတို့ဖြစ်တယ် ၊ နောက်ပြီး ရွှေဘိုရွာမှာက

တိုးလွင် နဲ့ မျိုးသန့် သေတယ် ၊ ရေသာရွာမှာက ဇော်လင်းမောင် ဆိုသူ သေတယ် ၊ ဒါ့အပြင် သေနတ် ၇ လက် ၊ ကျည်ဆံ ၃၀၀ ၊ ကျည်အိမ် ၃ ခု ၊ လက်ပစ်ဗုံး ၃ လုံးနဲ့ လက်လုပ်မိုင်း ၅ လုံး သိမ်းဆည်ရမိတယ် ၊ အဲ့ဒိအပြင် ဒဏ်ရာရ လူ ၂၀ ဝန်းကျင် အရှင်ဖမ်းမိထားတယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းကစလို့ ဂန့်ဂေါမြို့နယ် တောင်ပိုင်းမှာရှိတဲ့ မင်းရွာ ရဲကင်းစခန်း တိုက်ခိုက်ခံရပြီး နစက လုံခြုံရေး တပ်ဖွဲ့ဝင် ၂၀ ဝန်းကျင် ထိခိုက်သေဆုံးရပြီး အဲ့ဒီ ရဲစခန်း မီးရှို့ဖျက်ဆီးခံရတယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ဂန့်ဂေါမြို့နယ် မြောက်ပိုင်းမှာရှိတဲ့ ကန်နယ်မြေရဲစခန်းက တပ်ဖွဲ့ဝင်တွေဟာ စခန်းကို စွန့်ခွာသွားတာကြောင့် ဒေသခံ PDF တွေက ကန်ရဲစခန်းကို ဖျက်ဆီးလိုက်တယ်လို့ သိရပါတယ်။

တောင်ခင်ရန်း ရဲကင်းစခန်းက နစက လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မြောက်ခင်ရန်း ပြည်သူ့စစ်ရွာမှာ သွားရောက် နေထိုင်တပ်ဆွဲထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက မြောက်ခင်ရန်းရွာဘက်မှာ ပြည်သူ့စစ် အဖွဲ့တွေက PDF နှစ်ယောက်ကို မီးရှို့သတ်တယ်လို့ သတင်းတွေ ပြန်နှံ့ခဲ့ပါသေးတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW