ဘန်ကောက်၊ ဖေဖော်ဝါရီ-၁၆-၂၀၂၄
မျိုးဆက်(VOM)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကွန်ဒိုတိုက်ခန်းတခုမှာ မြန်မာစီးပွားရေးလုပ်ငန်းရှင် တယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ သံသယရှိတဲ့ နိုင်ငံခြားသားနှစ်ယောက်ကို ဖမ်းဆီးနိုင်ရေးအတွက် ထိုင်းရဲတပ်ဖွဲ့ဟာ နိုင်ငံတကာရဲတပ်ဖွဲ့(အင်တာပိုလ်) နဲ့ ပူးပေါင်းလုပ်ဆောင်နေပါတယ်။
သံသယရှိသူနှစ်ယောက်ဟာ ကင်မရွန်းနိုင်ငံသားတွေဖြစ်ပြီး မြန်မာလုပ်ငန်းရှင်ကို သတ်ကာ ဘတ်ငွေငါးသန်းကို ယူဆောင်ပြီး စင်ကာပူကို ထွက်ပြေးသွားတယ်လို့ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။
ကင်မရွန်းနိုင်ငံသားနှစ်ယောက်ကတော့ အသက် ၃၂ နှစ်အရွယ် ဝီလျံနဲ့ ၃၆ နှစ်အရွယ် ဂျွန်တို့ဖြစ်ကြောင်း ထိုင်းရဲတွေက ပြောပါတယ်။ သူတို့ဟာ ကမ္ဘာ့လှည့်ခရီးသွားတွေအဖြစ် ထိုင်းနိုင်ငံကို ဝင်ရောက်ခဲ့တာဖြစ်ပြီး ဆက်သွန်ခရိုင်မှာရှိတဲ့ တိုက်ခန်းတခန်းမှာ နေထိုင်ခဲ့ကြပြီး မြန်မာလုပ်ငန်းရှင်ရှိရာ အိမ်ကိုလည်း ဝင်ရောက်ပြီးထွက်ခွာသွားတာကို နောက်ဆုံးမြင်တွေ့ခဲ့ရတယ်လို့ဆိုပါတယ်။
သေဆုံးသူမြန်မာလုပ်ငန်းရှင်ဟာ ကွန်ဒိုတိုက်ခန်း ၂၃ လွှာက အခန်းထဲမှာ မျက်နှာ၊ နားနဲ့ ဦးခေါင်းတွေမှာ သွေးထွက်ဒဏ်ရာတွေနဲ့ သေဆုံးလျက်တွေ့ရှိခဲ့ပါတယ်။ သံသယရှိသူတွေဟာ သူ့ရဲ့မွေးစားအမေဖြစ်သူကိုလည်း သတိမေ့အောင် လည်ပင်းညှစ်ခဲ့တယ်လို့ သူမက ထွက်ဆိုပါတယ်။
ရဲတွေဟာ အဲဒီကွန်ဒိုတိုက်ခန်းကနေ ခရီးဆောင်အိတ်နှစ်လုံးတွေ့ရှိခဲ့ပြီး တလုံးမှာတော့ သေဆုံးသူရဲ့ စာရွက်စာတမ်းတွေ တွေ့ရှိခဲ့ပြီး နောက်အိတ်ထဲမှာတော့ ငွေစက္ကူအတုပြုလုပ်ရာမှာအသုံးပြုတဲ့ ဓာတုဗေဒ ဆေးမှုန့်အချို့နဲ့ ငွေစက္ကူအရွယ် စက္ကူတွေ တွေ့ရှိခဲ့တယ်လို့ ရဲတွေကပြောပါတယ်။
မြန်မာလုပ်ငန်းရှင်ဟာ ထိုင်းနိုင်ငံကို မကြာခဏလာရောက်လေ့ရှိသူဖြစ်ပြီး ဘန်ကောက်-ရန်ကုန် ၊ ဘန်ကောက်-ဟနွိုင်းကို ၅၂ ကြိမ်လောက်အသွားအပြန်လုပ်ခဲ့ဖူးတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။
Ref: Bangkok Post
Photo: Bangkok Post