ပြည်ပထွက်ခွာဖို့ ပြင်ဆင်နေသူတွေ ကန့်သတ်ချက်တွေကြောင့် အခက်တွေ့နေ

ဖေဖော်ဝါရီ ၁၅ – ၂၀၂၄
SN (VOM)
လက်ရှိမှာ ပြည်ပနိုင်ငံတွေဆီ သွားရောက် အလုပ် လုပ်ကိုင်ဖို့ ကြိုးစားနေသူတွေဟာ နစက ရဲ့ အခုရက်ပိုင်းအတွင်း ထုတ်ပြန်လိုက်တဲ့ ကန့်သတ်ချက်အသစ်တွေကြောင့် အခက်တွေ့နေရတယ်လို့ သိရပါတယ်။
ပြည်တွင်းက လူငယ်အများစုဟာ လက်ရှိမှာ ထိုင်း၊ မလေးရှား၊ စင်ကာပူ အပါအဝင် ပြည်ပနိုင်ငံတွေဆီ သွားရောက် အလုပ်လုပ်ကိုင်ဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။
လက်ရှိမှာ ထိုင်းသံရုံးက ဗီဇာထုတ်ပေးခြင်းကို လူဦးရေ ကန့်သတ်လိုက်သလို တဖက်မှာလည်း အလုပ်သမားဝန်ကြီးဌာနက ထိုင်း MoU အပါအဝင် ပြည်ပအလုပ်အကိုင်တချို့ကို ယာယီ ပိတ်ပင်လာတာကို တွေ့ရပါတယ်။
အခု ရက်ပိုင်းအတွင်း ထိုင်းသံရုံးမှာ ဗီဇာလျှောက်သူ များပြားလာတာဖြစ်တာကြောင့် တရက်ကို လူ ၄၀၀ သာ လက်ခံပြီး တိုကင်စနစ်နဲ့ သွားမှာဖြစ်တယ်လို့ ထိုင်းသံရုံးက မနေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ အသိပေး ထုတ်ပြန်ထားပါတယ်။
ထိုင်းဗီဇာ လာရောက်လျှောက်ထားရာမှာ တိုကင်နဲ့ တန်းစီစနစ်ကို ကျင့်သုံးမှာဖြစ်တာကြောင့် ထိုင်းသံရုံးမှာ လာရောက် တန်းစီသူများပြားနေတယ်လို့ ဗီဇာ သွားရောက် လျှောက်ထားသူတွေနဲ့ မျက်မြင်တွေ့ရှိသူတွေက ‌ပြောပါတယ်။
ရုံးဖွင့်ရက်တိုင်း နေ့စဉ် ရုံးဖွင့်ချိန်မတိုင်မီ မနက် ၈ နာရီခွဲအချိန်ကစပြီး တိုကင်နံပါတ်ပေးမှာဖြစ်တာကြောင့် ထိုင်းသံရုံးရှေ့မှာ မနက် အစောပိုင်းကတည်းက လာရောက်တန်းစီသူ များပြားနေတာဖြစ်တယ်လို့ သိရပါတယ်။
“မနက် ၈ နာရီခွဲ တိုကင်ပေးမယ်ဆိုလို့ ၈ နာရီမတိုင်ခင် မနက်အစော ကြီးကတည်းက တိုကင်လာစောင့်‌ကြတာတဲ့။ တော်ဝင်လမ်း တောက်လျှောက် အများကြီးပဲ။ ‌ပြည်ထောင်စုရိပ်သာလမ်းမအထိ ရောက်တယ်။ စစ်မှုထမ်းဥပဒေလည်း ကြေညာပြီးရော သိသိသာသာကို များလာတာ။ အနီးစပ်ဆုံးက ထိုင်းပဲရှိတာဆိုတော့ ထိုင်းကိုပဲ သွားကြဖို့ ပြင်ဆင်နေကြတာဖြစ်မယ်” လို့ မျက်မြင်တွေ့ရှိသူ အငှားယာဉ်မောင်းတယောက်က ‌ပြောပါတယ်။
ထိုင်းဗီဇာအတွက် တိုကင်ပေးတာမှာ နိုင်ငံကူးလက်မှတ်နဲ့ တိုက်ဆိုင်စစ်ဆေးမှာဖြစ်ပြီး ဗီဇာလျှောက်မယ့် လူကိုယ်တိုင် တိုကင်ထုတ်ရမှာဖြစ်သလို လက်လွှဲပေးတာမျိုး မလုပ်ရဘူးလို့ ထိုင်းသံရုံးက တားမြစ်ထားပါတယ်။
တိုကင်နံပါတ်တခုဟာ လျှောက်ထားမယ့်သူ တယောက်အတွက်သာ အကျုံးဝင်ပြီး တိုကင်နံပါတ်ကို အလွဲသုံးစားလုပ်ရင် ဗီဇာလျှောက်ထားခွင့် ပိတ်ပင်ပြီး နာမည်ပျက်စာရင်းသွင်းမယ်လို့ ထိုင်းသံရုံးရဲ့ကြေညာချက်မှာ ပါရှိပါတယ်။
ဗီဇာလျှောက်လွှာတွေကို မနက် ၉ နာရီမှာ စတင်လက်ခံမှာဖြစ်ပြီး လျှောက်လွှာတင်မယ့်သူနဲ့ တိုကင်နံပါတ်ပေးထားသူရဲ့ ပတ်စ်ပို့နဲ့ကိုက်ညီမှသာ ဗီဇာလျှောက်ထားခြင်းကို လက်ခံမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဗီဇာကောင်တာမှာ ဗီဇာ‌လျှောက်ထားပြီးရင် တိုကင်နံပါတ်ကို ဗီဇာကောင်တာရှိ တာဝန်ရှိသူဆီ ပြန်ပေးရမှာဖြစ်‌ပြီး တိုကင်နံပါတ် ပျောက်ဆုံးပျက်စီးရင်တော့ ဗီဇာလျှောက်လွှာတွေကို လက်ခံမှာမဟုတ်‌ဘူးလို့ အဲ့ဒီ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“အစကတည်းက ထိုင်းမှာအလုပ်သွားလုပ်ဖို့ ပြင်ဆင်နေတာပါ။ မနေ့ကတည်းက လာစောင့်နေတာ။ အဆင်မပြေတာနဲ့ ဒီနေ့တခေါက် ထပ်လာရတာ။ မနေ့ကတင် လူဦးရေ ရာချီတယ်။ လူဦးရေ ကန့်သတ်လိုက်တော့ လူတွေက ဒီနေ့ ပိုများလာတယ်။ တိုကင်မရမှာစိုးလို့ မနက် ၇ နာရီလောက်ကတည်းက သံရုံးရှေ့ ရောက်နေတာ။ တချို့ဆို မနက် ၃ နာရီလောက်ကတည်းက ရောက်နေတဲ့သူတွေတောင် ရှိတယ်။ ဒီနေ့လည်း ဗီဇာလျှောက်လွှာရဖို့ အဆင်ပြေပါ့မလား မသိဘူး” လို့ ထိုင်းဗီဇာ လျှောက်ထားသူတယောက်က ပြောပါတယ်။
ဗီဇာလျှောက်ထားရာမှာ လိုအပ်တဲ့ အချက်အလက်တွေကို ထိုင်းသံရုံးရဲ့ ထုတ်ပြန်ချက်မှာ ပါရှိတဲ့ QR Code မှာ scan ဖတ်ပြီး စစ်ဆေးနိုင်ကာ စာရွက်စာတမ်းမပြည့်စုံခြင်း၊ တိုကင်နံပါတ်တွေ ပျောက်ဆုံး (ဒါမှမဟုတ်) ပျက်စီးခဲ့ရင်တော့ လျှောက်လွှာတွေကို လက်ခံမှာမဟုတ်ဘူးလို့ ထိုင်းသံရုံးက အသိပေးထားပါတယ်။
ဒါ့အပြင် အလုပ်သမားဝန်ကြီးဌာန အနေနဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ (MoU) နဲ့ ပို့ဆောင်နေတဲ့ လုပ်ငန်းတွေကို ယာယီရပ်ဆိုင်းထားဖို့ ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေဆီ ညွှန်ကြားထားတယ်လို့ အဲ့ဒီ့ အေဂျင်စီတွေဆီက သိရပါတယ်။
“မနေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ကစပြီး ဧပြီလအထိ ရပ်ဆိုင်းထားဖို့ ညွှန်ကြားထားတာပါ။ ဘယ်နေ့ ပြန်ဖွင့်မယ်ဆိုတာ အတိအကျတော့ မသိရဘူး” လို့ ပြည်ပ အလုပ်အကိုင်အေဂျင်စီမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
အလုပ်သမားဝန်ကြီးဌာနက အေဂျင်စီတွေဆီ ပေးပို့စာမှာ ပြည်ပကို အလုပ်သမားစေလွှတ်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှစတင်ကာ ခေတ္တရပ်ဆိုင်းထားရမှာဖြစ်ကြောင်း ပါရှိတယ်လို့ သိရပါတယ်။
လက်ရှိမှာ နစကအနေနဲ့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေဆီက ပြည်ပကို အလုပ်သမားစေလွှတ်တဲ့ လချုပ်စာရင်းတွေကိုလည်း တောင်းခံနေတယ်လို့ သိရပါတယ်။
နိုင်ငံခြားတိုင်းပြည်တွေဆီ အလုပ်သွားရောက် လုပ်ကိုင်မယ့် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအနေနဲ့ Overseas Worker Identification Card (OWIC) ကဒ် မဖြစ်မနေ ပြုလုပ်ရမှာဖြစ်ပေမယ့် လက်ရှိမှာ အလုပ်သမားတွေအနေနဲ့ လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပေးတဲ့ စလစ်တခု ထပ်မံ ဖြည့်ပေးရမှာဖြစ်တယ်လို့ သိရပါတယ်။
ရွှေ့ပြောင်း အလုပ်သမားတွေအနေနဲ့ မှတ်ပုံတင် (မူရင်း) ကို ယူဆောင်လာရမှာဖြစ်ပြီး လဝကမှာ ရှိနေတဲ့ အချက်အလက်နဲ့ တိုက်ဆိုင် စစ်ဆေးမှာဖြစ်ကာ အချက်အလက်အမှား တစ်စုံတစ်ရာရှိပါက OWIC ကဒ် ပြုလုပ်ပေးမှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။
မနေ့ ဖေဖော်ဝါရီ ၁၄ ရက်၊ နေ့လယ်ပိုင်းက ခေတ္တ ရပ်ဆိုင်းခဲ့တဲ့ ပြည်ပနိုင်ငံတွေကနေ လုပ်သားခေါ်ယူတဲ့ အလုပ်ခေါ်စာ လက်ခံတာကိုတော့ ဒီကနေ့ ဖေဖော်ဝါရီ ၁၅ ရက်၊ နေ့လယ်ပိုင်းမှာ ပြန်လည် ခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနက သိရပါတယ်။
“Demand letter အသစ်တွေ အရင်ပုံမှန်အတိုင်း တင်ပြနိုင်ပါပြီ။ ဖေဖော်ဝါရီ ၁၃ ရက်နေ့ကတင်ထားတဲ့ DL တွေ ထပ်တင်စရာမလိုပါဘူး” လို့ အဲ့ဒီ့ ဝန်ကြီးဌာနက တာဝန်ရှိသူတယောက်က ပြောပါတယ်။
မြန်မာအလုပ်သမားတွေ ပြည်ပနိုင်ငံကို စေလွှတ်ခွင့် ပိတ်ပင်လိုက်ခြင်းဟာ ပြည်ပနိုင်ငံတိုင်းကိုဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း လက်ရှိမှာ ထိုင်းနဲ့ မလေးရှားကိုသာ ပိတ်ပင်ထားခြင်းဖြစ်တယ်လို့ သိရပါတယ်။ဒီလိုအခြေအနေမှာ နိုင်ငံကူးလက်မှတ်လျှောက်ထားမှုတွေမှာလည်း အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် နောက်ပိုင်းကတည်းက ပြည်ပမှာ သွားရောက် အလုပ် လုပ်ကိုင်တဲ့ လူဦးရေ မြင့်တက်လာတာဖြစ်ပြီး လက်ရှိမှာတော့ အတည်ပြုလိုက်ပြီဖြစ်တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေကြောင့် အရင်ထက် ပိုမိုများလာနိုင်တယ်လို့ ပြည်ပ အလုပ်အကိုင်အေဂျင်စီတွေက သုံးသပ်ထားပါတယ်။
မြန်မာနိုင်ငံမှာ ပြည်ပနိုင်ငံတွေဆီ တရားဝင် အလုပ်သမားစေလွှတ်နိုင်တဲ့ လိုင်စင်ရအေဂျင်စီ ၅၀၀ ဝန်းကျင်ရှိပြီး တလကို အလုပ်သမားဦးရေ တသောင်းနီးပါး ပို့ဆောင်ပေးလျက်ရှိကာ များသောအားဖြင့် လုပ်သားတွေဟာ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ကိုရီးယားနဲ့ ဂျပန် စတဲ့ နိုင်ငံတွေဆီ သွားရောက် အလုပ် လုပ်ကိုင်နေကြတာဖြစ်တယ်လို့ သိရပါတယ်။
Photo Crd : Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW