မြှင့်တင်ဖို့ လိုအပ်နေသေးတဲ့ တောင်သူလယ်သမားတွေ ဘဝ

 

ရန်ကုန် ၊ မတ် ၂ – ၂၀၂၃

GG (VOM)

ဒီနေ့ မတ်လ ၂ ရက်နေ့ဟာ ၆၂ ကြိမ်မြောက်ကျရောက်တဲ့ ” တောင်သူလယ်သမား နေ့ ” ပဲဖြစ်ပါတယ်။ တနည်းအားဖြင့်ဆိုရရင် တောင်သူလယ်သမားနေ့ဆိုပြီး ဖြစ်တည်လာတာ ၆၂ နှစ်မြောက်ရှိပြီလို့ဆိုလိုတာပါ။

” တောင်သူလယ်သမားနေ့ ” ဆိုတာဟာ

တောင်သူလယ်သမား၊ အလုပ်သမားတွေ ခေါင်းပုံဖြတ်ခံဘဝမှ လွတ်မြောက်ဖို့အတွက် အဓိကရည်ရွယ်ပြီး တောင်သူ ဆွေးနွေးပွဲ၊နှီးနှောဖလှယ်ပွဲတွေကျင်းပရာကနေ ဖြစ်ပေါ်လာခဲ့တဲ့ တောင်သူတွေကို ကျေးဇူးရှင်ဦးကြီးတွေအဖြစ် ဂုဏ်ပြုတဲ့နေ့တနေ့ဖြစ်ပါတယ်။

တောင်သူလယ်သမားနေ့ကို ၁၉၆၃ ခုနှစ်ကစပြီး နှစ်စဉ် ဇန်နဝါရီလ ၁ ရက်နေ့မှာ စတင် ကျင်းပ ပြုလုပ်ခဲ့ကြပေမယ့် ဇန်နဝါရီလဟာ တောင်သူလယ်သမားတွေရဲ့ လယ်ယာရိတ်သိမ်းချိန်နဲ့ တိုက်ဆိုင်နေခြင်း၊ အင်္ဂလိပ်နှစ်သစ်ကူးကာလကို ဂုဏ်ပြုသလို ဖြစ်နေတာကြောင့် တောင်သူလယ်သမားနေ့ကို ၁၉၆၅ ခုနှစ်မှစပြီး တော်လှန်ရေးကောင်စီ စတင်အာဏာရယူခဲ့တဲ့ မတ်လ ၂ ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် ပြောင်းလဲ ကျင်းပခဲ့တာလို့သိရပါ တယ်။

ဒါကြောင့် ဒီနေ့ရောက်တိုင်း သက်ဆိုင်ရာအစိုးရဌာနအဖွဲ့အစည်းတွေက တောင်သူလယ်သမားနေ့အခမ်းအနားတွေကျင်းပကြ သလို တနိုင်ငံလုံးက လုပ်ငန်းရှင်ပြည်သူအများစုက လည်း တောင်သူလယ်သမားနေ့မှာ တောင်သူဦးကြီးတွေကို ကျေးဇူးရှင်ဦးကြီးတွေဆိုပြီး အသိအမှတ်ပြု ဂုဏ်ပြုတဲ့ အကြောင်း လူမှုကွန်ယက်မှာ အပြိုင်အဆိုင် ရေးသားလေ့ရှိ ပါတယ်။

ကျန်တဲ့ ရက်ပေါင်း ၃၆၄ ရက်မှာတော့ ကျေးဇူးရှင်ဦးကြီးတွေဆိုပြီး ခေါ်ခဲ့ကြတဲ့ တောင်သူလယ်သမားတွေကို စာနဲ့တောင်သတိမရတော့တာကလည်း ရိုးရာမပျက်ပါဘူး။

တောင်သူလယ်သမား နေ့ဆိုတာဟာ တောင်သူတွေ ဆွေးနွေးပွဲ နှီးနှောဖလှယ်ပွဲတွေကနေ ဖြစ်ပေါ်လာတာမှန်ပေမယ့် လက်ရှိမှာတော့ အဲ့ဒီလိုတောင်သူအများစု တက်ရောက်နိုင်တဲ့ နှီးနှောဖလှယ်ပွဲတွေမရှိသလို တောင်သူတွေဘဝကလည်း ခေါင်းပုံဖြတ်ခံဘဝကနေ မလွတ်မြောက်နိုင်သေးပါဘူး။

နိုင်ငံတော်ကသာ တောင်သူလယ်သမားနေ့ဆိုပြီး ကျင်းပနေပေမယ့် တောင်သူလယ်သမားတွေအတွက်ကတော့ အကျိုးမရှိတဲ့နေ့ဖြစ်လို့ တောင်သူလယ်သမားနေ့ကို စိတ်မဝင်စားသလို မသိသူလည်းများတာလို့ ဆိုပါတယ်။

တောင်သူလယ်သမားတွေရဲ့ဘဝက ရွှံ့နွံထဲကနေ ရုန်းထွက်နိုင်ဖို့ ကြိုးစားရင်း နစ်သထက်နစ်လာနေရ ပါတယ်။

ဒါကြောင့် တောင်သူလယ်သမားအများစုကတော့ မတ်လ ၂ ရက်နေ့ဟာ တောင်သူလယ်သမားနေ့ တနည်းအားဖြင့် တောင်သူလယ်သမားတွေကို ဂုဏ်ပြုတဲ့ သမိုင်းဝင်နေ့ဆိုတာ စိတ်ဝင်စားမှုမရှိတဲ့အပြင် မသိရှိကြသလို သတိလည်းမရကြဘူးလို့ ဆိုကြပါတယ်။

တောင်သူတွေရဲ့အပေါ်ကို အစိုးရရဲ့ထိရောက်တဲ့ ပံ့ပိုးမှု၊အကူအညီတွေ ရရှိမှုအရမ်းနည်းသလို သီးနှံဈေးကွက်ပျက်တဲ့အခြေအနေတွေကြောင့် တောင်သူတွေရဲ့ ဘဝဟာ ရွှံ့နွံထဲမှာပဲ ကြီးပျင်းရခဲ့ရပြီး ဘဝရဲ့ ချမ်းသာပြည့်စုံကြွယ်ဝမှုကို မခံစားရဘဲ ရွှံ့နွံထဲမှာပဲ ရုန်းကန်လှုပ်ရှားရင်း နင်းပြားဘဝနဲ့ပဲ ကုန်ဆုံးနေကြရတာ ကြောင့်ဖြစ်ပါတယ်။

” လယ်သမားတွေလိုက်မေးကြည့် တောင်သူလယ်သမားနေ့က ဘယ်နေ့လဲဆိုတာ သိသူဘယ်လောက်ရှိမလဲ ဘယ်နှစ်ယောက် စိတ်ဝင်စားမလဲဆိုတာသိရတာပေါ့။တောင်သူလယ်သမားနေ့ဆိုတာကို သိသူကသပ်သပ်ရှိမယ် ဥပမာဝန်ထမ်း တွေ၊ကလေးတွေ၊ ခုနပွဲလုပ်တဲ့အစိုးရလူကြီးမင်းတွေပေါ့။ ဘာလို့ဆို ဒီနေ့ဆိုရုံးပိတ်တယ်လေ ဒီတော့ရုံးပိတ်ရက်မျှော်နေသူတွေကပိုသိမှာပေါ့။ကျနော်တို့တောင်သူအတွက်ကတော့ ကျေးဇူးရှင်ဦးကြီးများဆိုပြီးသာ နာမည်တပ်ခံရပြီး လက်တွေ့မှာ ကုန်သည်က လှည့်စားလိုက်၊တခါအစိုးရက ထိန်းချုပ်လိုက် ၊ငွေရှင်ကြီးရှင်တွေကဂုတ်သွေးစုတ်လိုက်နဲ့ ဘဝက အမြင့်ရောက်ရတယ်မရှိဘူး နင်းပြားကနင်းပြားဖြစ်နေဆဲပဲ ” လယ် ၅ ဧက ပိုင်ဆိုင်တဲ့ ပဲခူးတိုင်းထဲက တောင်သူတစ်ဦးကပြောပါတယ်။

အရင်ကတည်းက ယနေ့အချိန်ထိဆိုရင် ငွေကြေးပြည့်စုံတဲ့ တောင်သူလယ်သမားကြီးတွေကသာ တောင်သူလုပ်ငန်းလုပ်ကိုင်ရင်း အဆင်ပြေလာတယ်လို့် ဆိုနိုင်ပေမယ့် ငွေကြေးမပြည့်စုံတဲ့အပြင် အခြားလုပ်ငန်းမရှိဘဲ တောင်သူလုပ်ငန်းကိုသာ အဓိကလုပ်ကိုင်နေရ တဲ့ တောင်သူငယ်တွေဘဝကတော့ ကြီးမြင့်လာတဲ့ကုန်ဈေးနူန်း ၊မြင့်တက်လာတဲ့စိုက်ပျိုးရေးကုန်ကျစရိတ်၊သီးနှံပေါ်ချိန် ဈေးကွက်ပျက်ခြင်း ၊ စိုက်ပျိုးစရိတ်ရင်းနှီးမြုတ်နှံမှုအတွက် ကြီးမြင့်တဲ့ အတိုးနူန်းရယူကာ လုပ်ဆောင်ရခြင်းတွေကြောင့် တောင်သူငယ်အများစု ဘဝတွေက ဆင်းရဲမွဲ တေမှုဘုံမှာ နစ်မွန်းနေရဆဲဖြစ်ပါတယ်။

ခုနှစ်မှာဆိုရင် တောင်သူတွေဘဝကပိုဆိုးပါတယ်၊ နိုင်ငံတွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တောင်သူတွေဒုက္ခ ရောက်ရသလို အစိုးရရဲ့မတည်ငြိမ်တဲ့ မူဝါဒအပြောင်းအလဲတွေကြောင့်လည်းဆန်၊ ပဲ ၊ ပြောင်း ၊ ကုန်စိမ်းသီးနှံအပါအဝင် စိုက်ပျိုးရေးထွက်ကုန်တွေ အားလုံးနီးပါးလောက် ဈေးကွက်ပျောက် ကာ ပိုပြီး ဒုက္ခရောက်ရလို့ တောင်သူတွေအတွက် အရှုံးကြီးတဲ့ နှစ်တနှစ်လည်း ဖြစ်ပါတယ်။

” ဆန် ၊စပါးကတော့ တိုက်ပွဲမဖြစ်တဲ့နေရာတွေမှာ ခုနှစ်ဈေးကွက်သိပ်မဆိုးဘူးပြောနိုင်ပေမယ့် တခြားနေရာမတည်ငြိမ် တဲ့ဒေသနဲ့ ကျန်တဲ့ သီးနှံတွေကတော့ ဈေးကျပြီး အရှုံးပေါ်နေ တယ်။အခုက ဘယ်လိုဖြစ်နေလဲဆို တောင်သူတွေသီးနှံပေါ်ရင် ဈေးကိုဆွဲချလိုက်ကြတယ်။ တောင်သူလက်ထဲ ပစ္စည်းမရှိသလောက်ဖြစ်ပြီဆိုရင် ဈေးကတက်ပြီ၊ဒါကအရင်ထဲကခုထိဖြစ်နေတုန်းပဲ။ဒါကို သူတို့အစိုးရတရပ်အနေနဲ့ မထိန်းတဲ့အပြင် သူတို့ကပါ ဈေးကွက်ဝင်ပြီးကစားချင်ကြတယ်။တောင်သူတွေဘဝ ကောင်းမွန်လာအောင်၊မြင့်မားလာအောင်လုပ်ပေးဖို့မရှိတဲ့အပြင် နွံထဲကနေမတက်နိုင်အောင် တက်လာတာမြင်တိုင်း အပေါ်ကနေ လှံနဲ့ပြန်ထိုးချနေသလိုဖြစ်နေတယ် ” လို့ မတ်ပဲစိုက် တောင်သူတယောက်ကပြောပါတယ်။

ခုဆိုရင် ကုန်စိမ်းသီးနှံ ဖြစ်တဲ့ ပန်းဂေါ်ဖီ ၊မုံညှင်း၊ဂေါ်ဖီထုတ်၊ခရမ်းချဉ်သီး ဈေးတွေထိုးကျပြီး အရောင်းအဝယ်မရှိသလောက်ကိုဖြစ်လို့ တောင်သူတွေမှာ နွားကျွေးနေရတဲ့အထိ အရှုံးပေါ်ဒုက္ခရောက်နေရပါတယ်။

” အဆိုးဝါးဆုံးခရမ်းချဉ်ပဲ တပိဿာ ၁၀၀ ဖြစ်နေလို့ နွားကျွေးနေရတယ်၊ခူးရင်လည်း သယ်ယူစရိတ်၊ အလုပ်သမားခနဲ့ ရှုံးတယ်၊ဒီအခြေအနေတွေကို တနိုင်ငံလုံးသိမြင်ကြားနေတာပဲ ၊ ဘယ်ဌာနအဖွဲ့အစည်းကမှ ဂရုမစိုက်သလို ဘာမှလည်းလုပ်ပေးတာမရှိဘူး။ဒီတော့ ဈေးထိုးကျရင်၊ ဈေးကွက်ပျောက်ရင်၊ အထွက်နူန်းလျော့ရင် တောင်သူကပဲ အရှုံးရင်ဆိုင်ရတယ်၊ တခြားကုန်သည်ရော၊ပွဲစားရော ၊အလုပ်သမားရော ဘယ်သူမှမရှုံးဘူး၊သူတို့က ငွေနဲ့လည်ပတ်ကြတာလေ၊ သူတို့မမြတ်ရင် အဲ့ဒီပစ္စည်း သယ်လဲမဝယ်ဘူး လှည့်တောင်မကြည့်ဘူး။တောင်သူကသာ လယ်တွေထွန်ယက်၊ မြေဆီကျွေး၊မျိုးစေ့ရင်းနှီး၊ အလုပ်သမားခ၊ဆေးဖြန်း၊ရိတ်သိမ်းခ အားလုံးအချိန်ရောငွေရောရင်းနှီးရတယ် ” လို့ ရှမ်းတောင် ခရမ်းချဉ်သီး စိုက်တောင်သူ တယောက်ကပြောပြပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်မှာဆိုရင် တိုက်ပွဲတွေကြောင့် ပြည်နယ်တွင်း ဝင်ရောက်သွားလာခွင့်ကို ပိတ်ထားတဲ့အတွက် ရခိုင်ပြည်နယ်ထဲက ထွက်ရှိတဲ့ ဆန် ၊စပါး ၊မြေပဲ နဲ့အခြားသီးနှံမျိုးစုံကို အခြားဒေသကို တင်ပို့ရောင်းချနိုင်ခြင်းမရှိဘဲ ဈေးကွက်ပျောက်ပြီး တောင်သူတွေဒုက္ခအတိ ရောက်နေကြရပါတယ်။

ဒါကြောင့် လယ်ယာလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုတဲ့ တောင်သူတွေထဲမှာ ကိုယ်ပိုင်ငွေကြေးအရင်းအနှီးမရှိလို့ စိုက်ပျိုးစရိတ်ကို အတိုးနဲ့ချေးယူပြီး လုပ်နေသူတွေကတော့ ပိုင်ဆိုင်ထားတဲ့လယ်ဧက ကိုပင် ရောင်းချကာ အကြွေးဆပ်နေရပြီး လယ်ယာမဲ့ဘဝကို ရောက်ရတဲ့အထိ အကြွေးနွံနစ်ကာ ဘဝကို ဖြတ်သန်းနေကြရဆဲဖြစ် ပါတယ်။

တနိုင်ငံလုံးအတိုင်းအတာနဲ့ စိုက်ပျိုးရေး လုပ်ကိုင်တဲ့တောင်သူလယ်သမားတွေ အခက်အခဲတွေဖြစ်ပြီး အရှုံးပေါ်ကာ အကြွေးနွံနစ်တာတွေ ၊ တောင်သူတွေရဲ့ အနင်းခံ နင်းပြားဘဝတွေအကြောင်းကို အစိုးရအနေနဲ့ သိရှိနေပေမယ့်လည်း ထိရောက်တဲ့ ထောက်ပံ့မှု၊အကူအညီတွေ ပေးတာ အလွန်ကိုအားနည်းနေပါသေး တယ်။

တောင်သူတွေအတွက် အဓိက ဖွဲစည်းထားတဲ့ လယ်ယာ စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနကိုယ်တိုင်က ထိရောက်တဲ့ အကူအညီတွေ မပေးနိုင်သေးပါဘူး။

နွေစပါးစိုက်ပျိုးနိုင်တဲ့လယ် ဧကတွေအများအပြားရှိပေမယ့် ဆည်ရေအပြည့်အဝမပေးနိုင်ခြင်း ၊ မိုးစပါးစိုက်ဧက အတွက်လည်းဆည်ရေသောက်ဧရိယာထဲရှိပေမယ့် ဆည်ရေမပေးနိုင်ခြင်း၊တောင်သူတွေကို မျိုးကောင်းမျိုးသန့်တွေကို ဈေးနူန်းချိုသာစွာနဲ့ ဖြန့်ဝေပေးမှူအားနည်းခြင်း၊ စိုက်ပျိုးစရိတ်အရင်းအနှီးကို သက်သာတဲ့ အတိုးနူန်းနဲ့လုံလောက်အောင်ထုတ်ချေးနိုင်မှုမရှိခြင်း စပ ါးအထွက်နူန်းမြင့်တက်အောင် စိုက်ပျိုးရေးနည်းပညာ ဗဟုသုတတွေ ဖြန့်ဝေပေးမှုမရှိခြင်း၊ စိုက်ခင်းတွေ ပိုးကျရောက်ပါကလည်း ကွင်းဆင်းလေ့လာပြီး အဆင်ပြေမယ့် ဆေးဝါးတွေသုံးစွဲဖို့ လမ်းညွှန်ပေးမှုမရှိခြင်း စတဲ့ ကူညီထောက်ပံ့မှုတွေ များစွာလိုအပ်နေတယ်လို့တောင်သူတွေကဆိုပါတယ်။

အလားတူ ဆက်စပ်ဝန်ကြီးဌာနတွေဖြစ်တဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကလည်း စိုက်ပျိုးရေး သီးနှံတွေအပေါ် ခိုင်မာတဲ့ ဈေးကွက် ရရှိအောင်ဖော်ဆောင်ပေးနိုင်ခြင်းမရှိဘဲ မူဝါဒတွေ ပေါ်လစီတွေသာ ခဏခဏပြောင်းလဲနေလို့ ဈေးကွက်က ဖရိုဖရဲဖြစ်ကာ တောင်သူတွေပဲ ဒုက္ခရောက်ကြရပါတယ်။

တောင်သူလယ်သမားတွေအတွက် အဓိက လိုအပ်တာဟာ လုံလောက်တဲ့ စိုက်ပျိုးစရိတ်ချေးငွေ ရရှိဖို့နဲ့ သွင်းအားစုဈေးနူန်းတွေ သင့်တင့်မျှဖို့ ၊ ခိုင်မာတဲ့ စိုက်ပျိုးရေးသီးနှံဈေးကွက်တခုရှိဖို့ နဲ့ စိုက်ပျိုးရေးဆိုင်ရာနည်းပညာဗဟုသုတတွေ ဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် လက်ရှိမှာတော့ တောင်သူလယ်သမားတွေဘဝကတော့” မြေကြီးကနေ ရွှေသီးမယ့် ” အချိန်ကို စောင့်စားကာ တောင်ယာ လုပ်ရင်း ငတ်နေရတဲ့ ဘဝမှာပဲ နွံနစ်သထက် နစ်နေကြရဆဲဖြစ်ပါတယ်။

Photo Crd: Original Uploader

 

Related posts

Leave a Comment

VOM News

FREE
VIEW