မန္တလေး၊ မတ် ၁၁-၂၀၂၄
Voice Of Myanmar(VOM)
မန္တလေးမြို့၊ အမရပူရမြို့နယ် ၊ စစ်ကိုင်း-မြစ်ငယ် ကားလမ်းဘေးရှိ ကုမ္ပဏီတခုရဲ့ ယာဉ်ရပ်နားဝင်းအတွင်းမှာ မနေ့ မတ်လ ၁၀ ရက်ညနေပိုင်းက
ဆီဘောက်ဆာကား မီးလောင်မှုဖြစ်ပြီး လူ(၁)ဦး မီးလောင်သေဆုံးခဲ့တယ်လို့ မန္တလေးတိုင်း မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။
“စလောင်ချိန်က Level-1အဆင့်နဲ့ မီးငြိမ်းသတ်ဖို့ ထွက်ခဲ့ပါတယ်၊ ကုမ္ပဏီတခုရဲ့ ဆီသယ်ယာဉ်တွေ နဲ့ ယာဉ်ရပ်နားတဲ့နေရာလို့ ပြောလို့ရတယ်၊ မီးကူးစက်ပြီး မီးလောင်မှုများတော့ Level(2)အဆင့် ထပ်ခေါ်ပြီး ငြိမ်းသတ်ခဲ့ရပါတယ်၊ စီစစ်ဆဲ အမျိုးသား(၁)ဦး သေဆုံးပါတယ်”လို့ မီးသတ်တပ်ဖွဲ့နဲ့ နီးစပ်သူ(၁)ဦးကပြောပါတယ်။
မီးလောင်မှုကို Level-2 ယာဉ်အုပ်စု၊ ဆီမီးငြိမ်းသတ်ယာဉ်(Foamကား)တွေအများဆုံးနဲ့ မီးငြိမ်းသတ်ခဲ့ရပြီး မီးလောင်မှုကြောင့် (၂၂)ဘီး ဆီဘောက်ဆာကား(၂)စီး၊ ယာဉ်ရပ်နားဝင်း အဆောက်အဦတို့ မီးလောင်ပျက်စီးကာ အမျိုးသား(၁)ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မီး စတင်လောင်ရတဲ့ အကြောင်းအရင်းနဲ့ ဆုံးရှုံးမှုတန်ဖိုးကိုတော့ မီးသတ်တပ်ဖွဲ့က ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။
မတ်လ ၄ ရက် ကလည်း ချမ်းမြသာစည်မြို့နယ် မနော်ဟရီလမ်းက ဆီဆိုင်မှာ မီးလောင်မှုကြောင့် သိန်းလေးထောင်လောက်တန်တဲ့ Lexus ကားတစီး ဆုံးရှုံးခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ မတ်လ (၇)ရက် နေ့လယ်ပိုင်းကလည်း မဟာအောင်မြေမြို့နယ်၊ ၆၈လမ်း ၃၅လမ်းနဲ့၃၆လမ်းကြားက လူမနေတဲ့ ဝန်ထမ်းလိုင်းခန်း ထဲကို လူမသိသူမသိဝင်နေတဲ့ အမျိုးသား(၁)ဦးကြောင့် မီးလောင်မှုဖြစ်ခဲ့ပြီး အဲ့ဒီအမျိုးသား မီးလောင်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မတ်လ(၂)ရက် မနက်အစောပိုင်းကလည်း ချမ်းမြသာစည်မြို့နယ်၊ ကံသာယာရပ်ကွက်မှာ Level-1အဆင့်နဲ့ မီးလောင်မှုဖြစ်ခဲ့ပြီး အသက်(၁၄)နှစ်အရွယ် မိန်းကလေး(၁)ဦး မီးခိုးမွှန်ကာ မီးလောင်သေဆုံးခဲ့ပါသေးတယ်။
စက်သုံးဆီ စျေးတက်ပြီး ပြတ်လပ်တဲ့ ၂၀၂၃ နှစ်ကုန်အချိန်ကစလို့ မြန်မာပြည်တလွှား ဆီဘောက်ဆာကား မီးလောင်မှုတိမ်းမှောက်မှု ၅ကြိမ်ထက်မနည်းဖြစ်ခဲ့ပါတယ်။
Photo Crd – Than Htay
