ကိုင်ရို၊ မတ်-၁၅-၂၀၂၄
မျိုးဆက်(VOM)
မြေထဲပင်လယ်မှာ ဒုက္ခသည်စက်လှေနစ်မြုပ်မှုကြောင့် လူ ၆၀ ထက်မနည်းသေဆုံးသွားကြောင်း အသက်ရှင်လွတ်မြောက်လာသူတွေက ပြောပါတယ်။
အသက်ရှင်ကျန်ရစ်သူ ၂၅ ယောက်ကိုတော့ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့ဖြစ်တဲ့ အက်စ်အိုအက်စ် မြေထဲပင်လယ်အဖွဲ့ရဲ့ အိုရှန်ဗိုင်ကင်းသင်္ဘောက ကယ်တင်နိုင်ခဲ့ပါတယ်။
ဒုက္ခသည်စက်လှေဟာ လစ်ဗျားကန်းရိုးတန်း ဇာဝီယာကနေ ပြီးခဲ့တဲ့ ရက်အတန်ကြာကတည်းက ထွက်ခွာလာတာဖြစ်ကြောင်း ဒုက္ခသည်တွေကပြောပါတယ်။ သုံးရက်အကြာမှာ စက်လှေအင်ဂျင်ချို့ယွင်းသွားပြီး အစာရေစာမရှိဘဲ ပင်လယ်ထဲမှာသုံးရက်ကြာ မျောပါနေခဲ့ပါတယ်။
သေဆုံးသူတွေထဲမှာ ကလေးငယ်တယောက်နဲ့ အမျိုးသမီးတွေပါဝင်ပြီး သူတို့တွေဟာ ရေနစ်သေဆုံးတာမဟုတ်ဘဲ ရေနဲ့ အစားအစာ ပြတ်လပ်မှုကြောင့် သေဆုံးသွားတယ်လို့ ယုံကြည်ရပါတယ်။ အသက်ရှင်ကျန်ရစ်သူတွေထဲက နှစ်ယောက်ရဲ့ အခြေအနေဟာလည်း စိုးရိမ်ရပြီး ရဟတ်ယာဉ်နဲ့ ဆေးရုံပို့ထားရပါတယ်။
၂၀၂၃ ခုနှစ်ဟာ ရွှေ့ပြောင်းဒုက္ခသည်တွေ အသေအပျောက်အများဆုံးနှစ်တနှစ်ဖြစ်ခဲ့ပြီး ရွှေ့ပြောင်းအခြေချဖို့ ကြိုးစားရင်း လူပေါင်း ၈၅၆၅ ယောက်ထိ သေဆုံးခဲ့တယ်လို့ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Ref:BBC
Photo:SOS