ဖောက်ပြန်နေတဲ့ ရာသီဥတုနဲ့ ကမ္ဘာကြီးရဲ့ အနာဂတ်

 

မတ် ၂၃ – ၂၀၂၄

SN (VOM)

အခုအခါ ရာသီဥတုပြောင်းလဲမှုကြောင့် မိုးလေဝသ၊ ဇလဗေဒနဲ့ ရာသီဥတုဆိုင်ရာ အစွန်းရောက် အဖြစ်အပျက်တွေဟာ ကမ္ဘာ့နေရာ အနှံ့အပြားမှာ ပိုမိုဖြစ်ပွားလျက်ရှိပါတယ်။ အထူးသဖြင့် ကျွန်းနိုင်ငံတွေ၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ ရာသီဥတု ပြောင်းလဲမှုဒဏ်ကို အခံရဆုံး ဒေသတွေဖြစ်ပါတယ်။

လက်ရှိမှာ ကမ္ဘာ့ရာသီဥတု ပြောင်းလဲလျက်ရှိသလို မြန်မာနိုင်ငံမှာလည်း အဲဒီဒဏ်ကို သိသိသာသာ ခံစားနေရပါတယ်။ မုတ်သုံအဝင်နောက်ကျတာ၊ အထွက်စောတာတွေကြောင့် ပျမ်းမျှမုတ်သုံ ကာလတွေဟာ တိုတောင်းလာပါတယ်။ မုတ်သုံကာလဟာ အရင်က (၁၄၄) ရက် ရှိခဲ့ပေမယ့် အခုအခါ မုတ်သုံကာလ (၁၂၁) ရက်သာ ရှိတော့တဲ့အတွက် မုတ်သုံကာလ သုံးပတ်ကျော် လျော့နည်းလာတာ ဖြစ်ပါတယ်။

ဒီလို ပြောင်းလဲလာတဲ့ ရာသီဥတုကြောင့် လက်ရှိဖြစ်ပေါ်နေတဲ့ မိုးလေ၀သ၊ ရာသီဥတုဖြစ်စဉ်တွေနဲ့ ဆက်စပ်တဲ့ အခြေအနေတွေကို အလေးထားစေလိုတဲ့အတွက် ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်ကြီးနဲ့ အဖွဲ့ဝင်နိုင်ငံ အမျိုးသားမိုးလေဝသနဲ့ ဇလဗေဒဌာနတွေက ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်ကြီး တည်ထောင်ခဲ့တဲ့ မတ်လ ၂၃ ရက်နေ့ကို “ကမ္ဘာ့မိုးလေဝသနေ့” (World Meteorological Day) အဖြစ် သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။

“ကမ္ဘာ့မိုးလေဝသနေ့” ကို ၁၉၆၁ ခုနှစ်မှ စတင်ကာ နှစ်စဉ်နှစ်တိုင်း ဆောင်ပုဒ်တခုစီနဲ့ သတ်မှတ် ကျင်းပခဲ့တာမှာ အခု ၂၀၂၄ ခုနှစ်အတွက် ဆောင်ပုဒ်ကတော့ “ရာသီဥတုကောင်းမွန်ရေး အလေးထားဆောင်ရွက်ပေး” (At the Frontline of Climate Action) ဖြစ်တယ်လို့ သိရပါတယ်။

“နောင်လာနောက်သား မျိုးဆက်သစ်လူငယ်တွေရဲ့ ဘဝတွေဟာ ကျွန်တော်တို့တတွေရဲ့ လက်ထဲမှာ ရှိနေပါတယ်။ ဒီနေ့ ကျွန်တော်တို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေဟာ အနာဂါတ် မျိုးဆက်သစ်တွေအတွက် ပိုမိုဘေးကင်းလုံခြုံပြီး ကျန်းမာတဲ့ ကမ္ဘာ-သဘာဝတရားနဲ့အညီ ကလေးငယ်တွေ ရှင်သန်နေထိုင်ရာ ကမ္ဘာတခုဖြစ်လာစေမှာဖြစ်ပါတယ်” လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်ကြီးကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစပြီး ဦးစီးဦးဆောင် ပြုခွင့်ရခဲ့တဲ့ အထွေထွေအတွင်းရေးမှုးချုပ် အသစ်ဖြစ်သူ Prof. Celeste Saulo က အခု ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့မိုးလေဝသနေ့အထိမ်းအမှတ် မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

မှတ်တမ်းတွေအရ ၁၉၈၀ ပြည့်လွန်နှစ်တွေကစလို့ ဆယ်စုနှစ်တခုစီဟာ ဟိုအရင် ဆယ်စုနှစ်တွေကထက် ပိုမိုပူနွေးလာခဲ့တာကို တွေ့ရှိလာရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ဟာ ၁၈၅၀ ခုနှစ်မှ ၁၉၀၀ ပြည့်နှစ်အထိရဲ့ ပျမ်းမျှအပူချိန်ထက် ၁ ဒသမ ၄၅ ဒီဂရီဆဲလ်စီးယပ် ပိုခဲ့ပြီး စံချိန်တင်အပူဆုံးနှစ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

အပူဆုံးနှစ်အဖြစ် စံချိန်တင်ခဲ့တာကို လေ့လာကြည့်တဲ့အခါ လူသားတို့ရဲ့ ပြုမူဆောင်ရွက်မှုတွေနဲ့ သဘာဝအတိုင်း ဖြစ်ပေါ်လာတဲ့ အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်တို့ရဲ့ ပေါင်းစပ်မှုရလဒ်လို့ သုံးသပ်နိုင်ပါတယ်။ အပူချိန်တွေ စံချိန်တင် မြင့်တက်လာမှုရဲ့ နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ အပူလှိုင်းတွေ၊ ရေကြီးခြင်းတွေ၊ မိုးခေါင်ခြင်းတွေ၊ တောမီး လောင်ကျွမ်းခြင်းတွေ၊ အပူပိုင်းဆိုင်ကလုန်းတွေ စတဲ့ ပိုမိုပြင်းထန်လာတဲ့ အကျိုးဆက်တွေကိုလည်း ခံစားလာကြရပါတယ်။

ဒီလိုပဲ လက်ရှိမှာ ပင်လယ်သမုဒ္ဒရာရဲ့ အပူချိန်ဟာလည်း စံချိန်တင် မြင့်မားလာနေပါတယ်။ အခုလို ပူနွေးလာမှုဟာ အရှိန်မြင့်လာပြီး နှစ်ရာနဲ့ချီကာ ဆက်လက်တည်ရှိနေနိုင်ပြီး သမုဒ္ဒရာအတွင်း အက်ဆစ်ဓာတ်တွေ တိုးပွားလာကာ အဏ္ဏဝါဂေဟစနစ်ကိုလည်း ထိခိုက်လာနေတာကို တွေ့ရှိရပါတယ်။

ဒါအပြင် ရေခဲလွှာကြီးတွေ၊ ရေခဲတောင်တွေနဲ့ ရေခဲမြစ်တွေ အရည်ပျော်ကျမှုတွေလည်း ပိုမိုတိုးလာနေပြီး ဖြစ်စဉ်ရဲ့ အကျိုးဆက်အဖြစ် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုဟာ အရှိန်အဟုန်နဲ့ မြင့်တက်လာပြီး ကမ်းရိုးတန်းဒေသတွေနဲ့ ကျွန်းနိုင်ငံလေးတွေအတွက် ခြိမ်းခြောက်မှုတခု ဖြစ်လာနေပါတယ်။

အနီးစပ်ဆုံး သာဓကအနေနဲ့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း တိုက်ခတ်ခဲ့တဲ့ အလွန့်အလွန်အားကောင်းတဲ့ “မိုခါ” လို့ အမည်ရတဲ့ ဆိုင်ကလုန်းမုန်တိုင်းအကြောင်းကို ပြောရမှာဖြစ်ပါတယ်။ အဲ့ဒီ့ ဆိုင်ကလုန်းမုန်တိုင်းဟာ ကုန်းတွင်းပိုင်းကို ရခိုင်ပြည်နယ်ကနေ ဖြတ်ကျော်ဝင်ရောက်ခဲ့တာပါ။ အဲ့ဒီ့ကတဆင့် ချင်း၊ မကွေးနဲ့ စစ်ကိုင်းတိုင်းတို့ကို ဝင်ရောက် ဖြတ်သန်းခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ အဲ့ဒီ့ မုန်တိုင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်းကိုပါ အပြင်းအထန် ခံစားခဲ့ကြရပါတယ်။

အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရဲ့ Cyclone Mocha: Response and Recovery Progress Report အရ “မိုခါမုန်တိုင်း” ရဲ့ အရှိန်ကြောင့် မြန်မာနိုင်ငံမှာ လူဦးရေ စုစုပေါင်း ၁၄၈ ဦး အသက်ဆုံးရှုံးခဲ့ပြီး ၁၃၂ ဦး ဒဏ်ရာရရှိခဲ့ကာ ခန့်မှန်းခြေနေအိမ် ၂၇၁,၃၃၅ (နှစ်သိန်း ခုနစ်သောင်း ထောင့်သုံးရာသုံးဆယ့်ငါးလုံး) ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ်တခုလုံးရှိ မြို့နယ် ၁၇ မြို့နယ်က လူဦးရေ ၂ ဒသမ ၈၇၆ သန်းနဲ့ ချင်းပြည်နယ်ရှိ မြို့နယ် လေးမြို့နယ်မှာ မုန်တိုင်းဒဏ်ကို အပြင်းအထန် ခံစားခဲ့ကြရတာကို တွေ့ရှိရပါတယ်။

ဒါအပြင် မြန်မာနိုင်ငံတဝန်းမှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း မိုးရေချိန် စံချိန်သစ်ဖြစ်ပေါ်မှု အကြိမ်ရေ ၃၂ ကြိမ်၊ အနိမ့်ဆုံးအပူချိန် စံချိန်သစ်ဖြစ်ပေါ်မှု ၁၉ ကြိမ်နဲ့ အမြင့်ဆုံးအပူချိန် စံချိန်သစ်ဖြစ်ပေါ်မှု ၃၈ ကြိမ်အထိ ရှိခဲ့တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ Report for Panel on Tropical Cyclone အရ သိရှိရပါတယ်။

မိုးရေချိန် စံချိန်သစ် ဖြစ်ပေါ်မှုအနေနဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့က ပဲခူးမြို့မှာ ၂၄ နာရီအတွင်း ရွာသွန်းခဲ့တဲ့ မိုးဖြစ်ပြီး ၂၀၀ မီလီမီတာ ရှိခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ့ စံချိန်ဟာ ပဲခူးမြို့၊ မိုးလေဝသစခန်း စတင်ဖွင့်လှစ်တဲ့ နှစ်ကစလို့ နှစ်ပေါင်း ၅၉ နှစ်အတွင်း အများဆုံး ရွာသွန်းခဲ့မှုအဖြစ် စံချိန်သစ် တင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒီလို စံချိန်တင် မိုးရွာသွန်းမှုဖြစ်စဉ်ကြောင့် ပဲခူးမြစ်ရေဟာ ပဲခူးမြို့ရဲ့ စိုးရိမ်ရေမှတ် ၈၈၀ စင်တီမီတာအထက်ကို ၁၂၄ စင်တီမီတာ ကျော်လွန်ရောက်ရှိသွားခဲ့တာပါ။ အဲ့ဒီ့ ရေမှတ်ဟာ ပဲခူးမြို့ရဲ့ ဇလဗေဒစခန်း စတင်ဖွင့်လှစ်တဲ့ နှစ်မှစလို့ နှစ်ပေါင်း ၅၈ နှစ်အတွင်း စံချိန်တင် အမြင့်ဆုံးမြစ်ရေမှတ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ မြစ်ရေမြင့်တက်မှုဟာ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက်မှာ ၆ ရက်နဲ့ ၂ နာရီဝန်းကျင် ကြာမြင့်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာနဲ့အဝှမ်းမှာ သဘာဝဘေးအန္တရာယ်တွေ ပိုမိုပြင်းထန်စွာ ဖြစ်ပေါ်လာမှုရဲ့ အဓိက အကြောင်းအရင်း‌ကတော့ ရာသီဥတု ဖောက်ပြန်လာမှုပဲ ဖြစ်ပါတယ်။ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်ဟာ လူသားတွေရဲ့ နေ့စဉ်လူနေမှုဘဝတရပ်လုံးအတွက် ဘယ်လို အကြောင်းပြချက်မှ ပေးပိုင်ခွင့်မရှိဘဲ အမှန်တကယ်နဲ့ ငြင်းလို့မရနိုင်တဲ့ ခြိမ်းခြောက်မှုတခု ဖြစ်လာနေပါတယ်။

သက်ရောက်မှုတွေကို အခုအချိန်အခါမှစလို့ အပေါင်းလက္ခဏာဆောင်တဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာစေဖို့အတွက် အလေးထား ဆောင်ရွက်ခြင်းမရှိရင် အခုထက်ပိုမိုပြင်းထန်တဲ့ ရာသီဥတုကပ်ဆိုးကြီးတွေ ကမ္ဘာဂြိုဟ်နေ သက်ရှိတွေအပေါ် ကျရောက်လာနိုင်တာဟာ မြေကြီးလက်ခတ်မလွဲ ဖြစ်ပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ရာသီဥတုဖောက်ပြန်လာမှုကို လျော့ပါးသက်သာလာအောင် ဆောင်ရွက်နေရမှာဖြစ်သလို ဖြစ်ပေါ်လာမယ့် သဘာဝဘေးတွေကနေ သက်ရောက်လာမယ့် ထိခိုက်မှုတွေကို လျှော့ချ နိုင်စေရေးအတွက် ရာသီဥတုအခြေအနေ ဖြစ်ပေါ်ပြောင်းလဲမှုတွေကို အချိန်နဲ့တပြေးညီ စောင့်ကြည့်လေ့လာရေးနဲ့ ကြိုတင်သတိပေးနိုင်ရေးတို့ကိုလည်း ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန (အထက်မြန်မာပြည်ဌာနခွဲ-မန္တလေး) မှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက “မိုး/ဇလ ဌာနအနေနဲ့ အဓိက တာဝန်တခုက သဘာဝဘေးတွေဖြစ်ပေါ်နိုင်မယ့် အခြေအနေတွေကို ကြိုတင်သိရှိနိုင်ဖို့ သတိပေးချက်တွေ၊ ခန့်မှန်းချက်တွေ ထုတ်ပြန်ပေးဖို့ဖြစ်ပါတယ်။ သဘာဝဘေး လျော့ပါ‌ရေးအတွက် တခြားသက်ဆိုင်တဲ့ဌာန‌တွေက ဆောင်ရွက်တဲ့ ပညာပေး၊ သင်တန်းကဏ္ဍတွေမှာ ပါဝင်ပူးပေါင်း ဆောင်ရွက်တာတွေရှိပါတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ရာသီဥတု ဖောက်ပြန်မှု ကြုံတွေ့နေရတဲ့ နိုင်ငံတနိုင်ငံဖြစ်ခြင်းကို စံချိန်တင်မြင့်တက်လာတဲ့ နွေရာသီ အပူချိန်တွေကြောင့် သိနိုင်ပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာ သစ်တောပြုန်းတီးမှုကို ထိန်းသိမ်းနိုင်ခြင်း မရှိခဲ့တဲ့အပြင် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု တဖြည်းဖြည်း မြင့်တက်လာခြေရှိခြင်းနဲ့ မြစ်ချောင်းတွေ တိမ်ကောလာနိုင်ခြင်းတို့ကြောင့်လည်း စိုးရိမ်စရာဖြစ်နေပါတယ်။

ဆုံးရှုံးသွားတဲ့ သစ်တောမြေတွေကို ပြန်လည်ကုစားပြီး သစ်ပင်တွေနဲ့ စိမ်းလန်းတဲ့ အခြေအနေတရပ်ကို အလွယ်တကူဖန်တီးလို့ မရနိုင်သလို ဆင်းရဲတဲ့နိုင်ငံတနိုင်ငံဖြစ်တဲ့အတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်နိုင်မှု နည်းပညာရပ်ပိုင်းမှာလည်း အားနည်းနေပြန်ပါတယ်။

လူ့ပယောဂတွေကြောင့် ဖြစ်ပေါ်ရတဲ့ ရာသီဥတုပြောင်းလဲမှုနဲ့ အယ်နီညို၊ လာနီညာလိုမျိုး ရာသီဥတု မူမမှန်စေမှုတွေက ရေကဏ္ဍအပေါ် သိသိသာသာ သက်ရောက်မှုရှိပြီး အပူချိန်ပိုတာနဲ့ ရေငွေ့ပျံနှုန်း တိုးလာမှုကြောင့် ကမ္ဘာ့ရေသံသရာစက်ဝန်းကိုလည်း ပိုပြီး မြန်ဆန်စွာပြောင်းလဲစေတယ်လို့ သိရပါတယ်။ အပူချိန်ပိုရင် ရေငွေ့ပျံနှုန်းတိုးပြီး အချိုးမညီတဲ့ ရွာသွန်းမှုတွေ ဖြစ်စေတတ်ပါတယ်။ ရာသီဥတုပြောင်းလဲခြင်း၊ အစွန်းရောက်မိုးလေဝသ၊ ဇလဗေဒဖြစ်ရပ်တွေနဲ့ သဘာဝဘေးအန္တရာယ်တွေက ဆက်နွယ်မှုရှိပါတယ်။

သဘာ၀ဘေးတွေရဲ့စရိုက်လက္ခဏာတွေကို ခွဲခြားသိရှိပြီး အချိန်ယူ ကြိုတင်ပြင်ဆင်ထားနိုင်တယ်ဆိုရင် ဆုံးရှုံးမှုများစွာ လျော့ပါးစေနိုင်တယ်လို့ မိုး/ဇလ ညွှန်မှူးက ပြောပါတယ်။ သဘာဝဘေးတွေကို ခွဲခြားကြည့်ရင် မြေငလျင်လှုပ်ရှားခြင်း၊ မီးတောင် ပေါက်ကွဲခြင်းနဲ့ ဆူနာမီရေလှိုင်းတွေ ဖြစ်ပေါ်စေတဲ့ ဘူမိဗေဒဆိုင်ရာ ဘေး၊ လေထုဆိုင်ရာ မိုးလေ၀သဘေးတွေကတော့ မုန်တိုင်းဖြစ်ပေါ်ခြင်း၊ မိုးခေါင်ခြင်း၊ မိုးကြီးခြင်း၊ အပူလှိုင်း၊ အအေးလှိုင်း ကျရောက်ခြင်းတို့ ဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆက်တွဲ ဘေးတွေကတော့ မြေပြိုခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်း ဒီရေတက်ခြင်းတို့ဖြစ်တယ်လို့ သိရပါတယ်။ အချို့ဘေးတွေက တခုတည်းသာဖြစ်ပြီး မြေငလျင်၊ မုန်တိုင်း၊ မိုးခေါင်ခြင်း၊ မိုးသည်းထန်ခြင်းတို့လို ဘေးတွေကျတော့ တခုပြီးတာနဲ့ အခြားဘေးတခု ဆက်တိုက်ဖြစ်ပေါ်ပြီး ဆုံးရှုံးမှုကြီးမားတယ်လို့ သိရပါတယ်။

“အရေးပေါ်သဘာ‌ဝဘေး အခြေအနေဖြစ်ပေါ်နိုင်မယ့်အခြေအနေရှိလာရင် ထိရောက်အောင်မြင်တဲ့ ကြိုတင်သတိပေးစနစ်ရှိရင် ထိခိုက်ဆုံးရှုံးမှု အရမ်းနည်းပါတယ်။ ကြိုတင်သတိပေးစနစ်ဆိုတာက နိုင်ငံတော်အဆင့်ကနေ ရပ်ရွာအဆင့်အထိ သတင်း၊ အချက်အလက်၊ လိုက်နာဆောင်ရွက်ရမယ့် အချက်အလက်တွေ လျှင်လျှင်မြန်မြန် ဆက်သွယ်တုံ့ပြန်ကြတဲ့ အားလုံးပါဝင်ရတဲ့ လုပ်ငန်းစဉ်တခုဖြစ်ပါတယ်” လို့ မိုး/ဇလညွှန်မှူး ဦးကျော်လွင်ဦးက ပြောပါတယ်။

တချို့ဘေးတွေကတော့ နေရာကျဉ်းကျဉ်းမှာပဲ ဖြစ်ပေါ်ပြီး မုန်တိုင်း၊ မိုးခေါင်၊ ရေကြီး၊ အပူလှိုင်း၊ အအေးလှိုင်း၊ မြေငလျင်၊ ဆူနာမီဘေးတွေကျတော့ ဖြစ်ပွားတဲ့နေရာ ကျယ်ပြန့်တယ်လို့ သိရပါတယ်။ တချို့ဘေးတွေ ဆိုတာကတော့ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်း၊ လေဆင်နှာမောင်း တိုက်ခတ်ခြင်း တို့ဖြစ်ပြီး အဲ့ဒီ့ ဘေးအန္တရာယ်တွေက အချိန်တိုအတွင်း အမြန်ဖြစ်ပြီး အမြန်ပျက်သွားတတ်ပေမယ့် မိုးခေါင်ခြင်း၊ ရေကြီးခြင်းတို့လို ဘေးအန္တရာယ်တွေကျတော့ စတင်ဖြစ်ပွားချိန် အထနှေးပေမယ့် အချိန်ကြာမြင့်စွာ ဖြစ်ပွားလေ့ရှိတယ်လို့ သိရပါတယ်။

ရာသီအခါမဲ့မိုးတွေ အနှံ့အပြား ရွာတာ၊ ကာလရှည် မြစ်ရေကြီးမှုတွေ ဖြစ်ပေါ်စေတာ၊ အချိန်တိုအတွင်း မိုးကြီးသည်းထန်မှုကြောင့် ရုတ်တရက် ရေကြီးတာအပြင် မြေပြို၊ တောင်ပြိုဘေးတွေကို အခုနောက်ပိုင်း မကြာခဏဆိုသလို ကြုံတွေ့လာခြင်းဟာ ရာသီဥတုပြောင်းလဲလာမှုရဲ့ စိန်ခေါ်မှုတွေကို အလေးထား ပြင်ဆင်၊ ဆောင်ရွက်ကြရတော့မယ့် အချိန်ဖြစ်တယ်လို့ သတိပေးနေတာပဲ ဖြစ်ပါတယ်။

ကမ္ဘာ့မိုးလေဝသ အဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်တွေအရ ၂၀၁၆ ခုနှစ်ဟာ ကမ္ဘာ့အပူဆုံးနှစ်အဖြစ် မှတ်တမ်းဝင်ထားတယ်လို့ သိရပါတယ်။ တဖန် ၂၀၂၀ ပြည့်နှစ် ကတည်းက စတင်ခဲ့တဲ့ လာနီညာဖြစ်စဉ်ဟာ ၂၀၂၂ ခုနှစ်ထိတိုင် သုံးနှစ်ဆက်တိုက် လာနီညာအဖြစ် သမိုင်းဝင်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် အဲ့ဒီ့ လာနီညာဖြစ်စဉ်တွေဟာ လက်ရှိ ကမ္ဘာကြီး ပူနွေးလာနေမှုကို လွှမ်းမိုးနိုင်ခြင်း မရှိတာကို လေ့လာတွေ့ရှိရတယ်လို့ သိရပါတယ်။

အယ်လ်နီညိုဖြစ်စေ၊ လာနီညာဖြစ်စေ ဒီဖြစ်စဉ် နှစ်ခုထဲက တခုခုဖြစ်လာရင် အစွန်းရောက်ရာသီဥတုနဲ့ မိုးလေဝသအခြေအနေတွေ ဖြစ်လာတတ်တယ်လို့ မိုးလေဝသပညာရှင်ကြီး ဦးထွန်းလွင်က ပြောခဲ့ဖူးပါတယ်။

ဦးထွန်းလွင်လို့ ဆိုရရင် ဒီကနေ့ “ကမ္ဘာ့မိုးလေဝသနေ့” နဲ့ပတ်သက်လို့ မိုးလေဝသအကြောင်း ပြောမယ်ဆို မြန်မာနိုင်ငံမှာ “မိုးလေဝသ” ပညာရပ်နဲ့ ပတ်သက်လာရင် ဦးထွန်းလွင်ဆိုတဲ့ နာမည်ကို ပြေးပြီး သတိရမိကြမယ် ထင်ပါတယ်။ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှာ ညွန်ကြားရေးမှူးချုပ်အဆင့်အထိ နှစ်ပေါင်း ၄၀ ဆယ်ကျော် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဒေါက်တာထွန်းလွင်ဟာ အစိုးရတာဝန်က အငြိမ်းစားယူခဲ့ပြီး နောက်ပိုင်းမှာလည်း မြန်မာနိုင်ငံရဲ့ ရာသီဥတုအခြေအနေတွေနဲ့ ပတ်သက်ပြီး သုံးသပ်ချက်၊ ခန့်မှန်းချက်တွေကို မိုး/ဇလ ပညာရှင်တဦးအနေနဲ့ သူ့ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာကတဆင့် သူ မကွယ်ခင် ရက်ပိုင်းအလိုအထိ နေ့စဉ် ထုတ်ပြန်ပေးခဲ့သူဖြစ်ပါတယ်။

သူ့ရဲ့ တန်ဖိုးဖြတ်မရတဲ့ မိုးလေဝသဆိုင်ရာ အသိပေးချက်တွေထဲက အစွန်းရောက်ရာသီဥတုတွေနဲ့ ပတ်သက်လို့ ထုတ်နုတ် ဖော်ပြရရင် အဲ့ဒီ့ ရာသီဥတုဟာ မိုးအရမ်းခေါင်ပြီး အပူလွန်ကဲတာ၊ အပူလှိုင်းတွေ အအေးလှိုင်းတွေ ဖြတ်တာ၊ အပူပိုင်းမုန်တိုင်းတွေ ပုံမှန်ထက်များလာတာနဲ့ မိုးအရမ်းများပြီး အေးမြစိုစွတ်မှုပိုတာ၊ ရေကြီးရေလျှံခြင်းများဖြစ်ပေါ်တာ စသဖြင့် ရေနဲ့ပတ်သက်တဲ့ သဘာဝဘေးတွေဖြစ်စေတယ်လို့ ပြောကြားခဲ့ပါတယ်။

အားကောင်းတဲ့ အယ်လ်နီညိုသာဖြစ်ခဲ့ရင် မုတ်သုံလေရာသီဥတုမှာ အလွန်သိသာတဲ့ အပြောင်းအလဲတွေ ရှိခဲ့တာကိုတွေ့ကြရတယ်လို့ သိရပါတယ်။ အဲ့ဒါတွေကတော့ မုတ်သုံ အဝင် နောက်ကျတာ၊ အထွက် စောတာ၊ မုတ်သုံအင်အားနည်းတာတာ၊ မုတ်သုံမိုးလျော့တာ၊ အပူချိန်တိုးတာတွေဖြစ်တယ်လို့ သိရပါတယ်။

ရာသီဥတုဖောက်ပြန်မှုတွေ ဖြစ်ပေါ်လာရခြင်းရဲ့ အဓိက တရားခံတွေဟာ လူသားတွေပဲ ဖြစ်သလို အဲ့ဒီ့လို ရာသီဥတု ဖောက်ပြန်လာမှုကို လျော့ပါးသက်သာလာအောင် ဆောင်ရွက်နိုင်သူတွေဟာလည်း လူသားတွေပဲ ဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ လေထုအတွင်း အပူချိန်ကို ထိန်းထားနိုင်တဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုတွေကို သိသိသာသာ လျှော့ချဖို့ အမြန်ဆုံးလိုအပ်လှပါတယ်။ အဲ့ဒီ့လို လျှော့ချနိုင်ဖို့အတွက် အဓိကကျတဲ့ အစိတ်အပိုင်းမှာ ညစ်ညမ်းစေတဲ့ ရုပ်ကြွင်းလောင်စာတွေ အသုံးပြုမှုကို ရပ်တန့်ဖို့နဲ့ သန့်စင်တဲ့ စွမ်းအင်အရင်းအမြစ်တွေ ဖြစ်တဲ့ လေအား၊ ရေအား၊ နေရောင်ခြည်စွမ်းအင် တို့လို ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်တွေကို တွင်တွင်ကျယ်ကျယ် ပြောင်းလဲ သုံးစွဲကြဖို့ လိုအပ်ပါတယ်။

ကာဗွန်ထုတ်လွှတ်မှု လျော့ချရေး ကြိုးပမ်းကြတဲ့ တချိန်တည်းမှာပဲ စိမ်းလန်းသာယာတဲ့ ကမ္ဘာမြေကြီး ပြန်လည် ဖြစ်တည်လာစေရေးအတွက် ရှိရင်းစွဲ သစ်တောသယံဇာတတွေကို ထိန်းသိမ်းကြဖို့ လိုအပ်ပြီး သစ်တောကြီးတွေ ထပ်တိုး ကျယ်ပြန်လာစေဖို့အတွက်လည်း စီမံဆောင်ရွက်ကြဖို့ လိုအပ်လှပါတယ်။

ဒါအပြင် ပြည်သူတွေအနေနဲ့ လည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အချိန်နှင့် တပြေးညီ စောင့်ကြည့် ထုတ်ပြန်ပေးလျက်ရှိတဲ့ ခန့်မှန်းချက်၊ သတိပေးချက်နဲ့ အခြေအနေသတင်းတွေကို အထူးဂရုပြုနားထောင်ဖို့ လိုအပ်ပြီး ဖောက်ပြန် ပြောင်းလဲလာတဲ့ ရာသီဥတု အခြေအနေတွေနဲ့ အနာဂတ် ကမ္ဘာမှာ လိုက်လျောညီထွေ ပြုမူနေထိုင် ဆောင်ရွက်ကြမယ်ဆိုရင် နေ့စဉ် လူမှုဘဝရေးရာတွေမှာ သဘာဝဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုတွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။

Photo Crd: Original Uploader

 

Related posts

Leave a Comment

VOM News

FREE
VIEW