ဧပြီ-၁၉-၂၀၂၄
SN (VOM)
ထနောင်းပင်ဆိုတာ အပူပိုင်းအညာဒေသရဲ့ အဖိုးတန်အပင်တမျိုးပါ။
“နွေ ထနောင်း
ဆောင်း မန်ကျည်း
မိုး ဇရပ်” ပါတဲ့။
နေပူတဲ့ အခါ ထနောင်းရိပ်က အေးမြပြီး ဆောင်းအေးချိန်မှာ မန်ကျည်းရိပ်က အနွေးဓါတ်ပေးတတ်တယ်လို့ မှတ်သားရပါတယ်။ နွေဦးပေါက်ကာလမှာ အခြားသော အပင်တွေက အရွက်ကင်းမဲ့နေတတ်ပေမယ့်လည်း ထနောင်းပင်တွေက စိမ်းစိုစို ရွက်နုသစ်တွေဝေနေလို့ မြင်ရသူရင်ကို အေးမြစေပါတယ်။ အဲ့ဒီ့လိုပဲ ဆောင်းချမ်းမြမြ ခါသမယမှာတော့ မန်းကျည်းပင်အုပ်အုပ်ဆိုင်းဆိုင်းက နွေးထွေးမှုကို ပေးစွမ်းနိုင်ပါတယ်။
အညာနဲ့ ထနောင်း၊ ထနောင်းနဲ့ အညာ က ခွဲခြားမရပါ။ ထနောင်းပင်ဟာ တခြားအပင်တွေနဲ့မတူဘဲ အဝေးကမြင်ရုံနဲ့ ထနောင်းပင်မှန်း သိသာစေတဲ့ ဂုဏ်အင်္ဂါရပ်ကို ပိုင်ဆိုင်ပါတယ်။ အဝါရောင်ပန်းခိုင်တွေက အပင်ထိပ်ဖျားပိုင်းမှာသာ ရှိတတ်တာမို့ ခူးဖို့မလွယ်ပါဘူး။ ထနောင်းပင်ဟာ အညာအရပ်ဒေသမှာ အလွန် တန်ဖိုးကြီးမားတဲ့ အပင်တပင် ဖြစ်ပါတယ်။
ထနောင်းပင်ရဲ့ ထူးခြားချက်တခုက ပင်စည်ဖြစ်ပါတယ်။ ပင်စည် အရောင် အဝါခံမှာ အညိုနဲ့ အနက် ကွက်ကွက်တွေနဲ့ မြင်ရတာဟာ ပန်းချီဆန်လှပါတယ်။ ထနောင်းပင်ကိုအဝေးက ကြည့်ရင် ထီးတလက်ပမာ မြင်ရမှာပါ။ ဘေးဘက်ကို ဖြာထွက်နေတဲ့ အကိုင်းတွေကြောင့် အရိပ်အာဝါသရစေပြီး အေးမြစေပါတယ်။ အညာနေပူပူမှာ ထနောင်းရိပ်အောက် မှေးစက် လို့ နားခိုနိုင်ပါတယ်။
ထနောင်းနဲ့အတူ ထနောင်းဖူးသုပ် ကလည်း အညာဒေသမှာ ထင်ရှားလှပါတယ်။ တိုင်းရင်းဆေးပညာရပ်မှာတော့ ထနောင်းဖူးသုပ်ဟာ ဝမ်းလျှောဝမ်းပျက်ခြင်းကို ကာကွယ်နိုင်ရုံသာမက အပူငြိမ်းစေတယ်လို့လည်း ဆိုထားပါတယ်။
လက်ရှိမှာတော့ စားဝတ်နေရေး ကျပ်တည်းလာမှုကြောင့် မကွေးမြို့အတွင်းက ဒေသခံ ပြည်သူတချို့ဟာ ထန်းနောင်းပင်အခေါက်တွေကို ခွာရောင်းလာကြတာကြောင့် ထနောင်းပင်တွေဟာ သက်တမ်းတိုမယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်။ ထနောင်းပင်တွေကို ပင်စည်ပတ်ပတ်လည် ဒဏ်ရာဗရပွနဲ့ မြင်ရတာဟာ စိတ်မသက်သာစရာပါ။ ရရှိတဲ့ ဈေးကလည်း တပိဿာ ၃၀၀ သာ ရှိတယ်လို့ ရေနံ့သာဒင်းဂါးညီနောင်များ သစ်ပင်စိုက်၊ ရေကန်ဖော်၊ ဇရပ်ဆောက်၊ ရေချမ်းစင်တည်အဖွဲ့ဆီက သိရပါတယ်။
ထန်းနောင်းပင်အခေါက်တွေ ခွာနေကြတာကို မကွေးနဲ့ အောင်လံကြားက သစ်ရာခေါက်လမ်းဆုံရဲ့ မြောက်ဘက်၊ ယင်းချောင်းတံတားကြားမှာ တွေ့ရှိနိုင်ပြီး အဲ့ဒီ့ ဒေသဟာ မကွေးမြို့ရဲ့ ဧရိယာထဲမှာ ပါဝင်တယ်လို့ သိရပါတယ်။
“အပင်ခွာထားတာ အဲ့ဒီ့ တလမ်းလုံး တောက်လျှောက်ပဲ။ အပင် ၁၀၀ ကျော်၊ ၂၀၀ ဝန်းကျင်လောက်ရှိမယ်။ ဒီ ထနောင်းခေါက်တွေ ခွာရောင်းနေတဲ့ သူတွေကလည်း ထနောင်းပင်ရဲ့တန်ဖိုး၊ ရာသီဥတုနဲ့ ပတ်သက်လို့ ဘယ်လောက်ထိ အရေးကြီးလဲ ဆိုတာကို သိကြပါတယ်။ ဒါပေမယ့်လည်း ငတ်လာကြတော့လည်း ကြံရာမရတဲ့အဆုံး နောက်ဆုံး ကိုယ့် ခြေတွေလက်တွေ၊ ကျောက်ကပ်တွေ ထုတ်ရောင်းသလိုမျိုး ဖြစ်ကုန်တာ။ သူတို့လည်း သိတော့သိတယ်။ နေပူနေတဲ့အချိန်မှာ ဒီ ထနောင်းပင်အရိပ်ပဲရှိတာလေ။ သိပေမယ့်လည်း စားဝတ်နေရေး ကျပ်တည်းတာရော၊ ပညာ၊ ဗဟုသုတလည်း နည်းတာလည်း ပါမှာပေါ့။ တပင်လုံးခွာမှ ၃၊ ၄ ပိဿာထက် ပိုမရဘူး။ တထောင်လောက်ပဲ တန်ကြေးရှိတာလေ။ ကော်ဖီမစ် တခွက်ဖိုးပဲရှိတယ်” လို့ ရေနံ့သာဒင်္ဂါးက ပြောပါတယ်။
ထနောင်းပင် အခေါက်ကို သားရေနယ်တဲ့လုပ်ငန်း၊ ဆိုးဆေး၊ အရက်ချက်တဲ့ လုပ်ငန်းတွေ၊ ယွန်းထည်လုပ်ငန်းတွေမှာ စစ်စေး အနေနဲ့ အရောင်တောက်အောင် အသုံးပြုကြတယ်လို့ သိရပါတယ်။
“အရက်ချက်တဲ့အထဲကို ဒီ အခေါက်ကို ထည့်လိုက်ရင် အရက်ရဲ့ပြင်းအားက နှစ်ဆလောက်တက်သွားတယ်။ အရက်ပေါင်း တပေါင်းကို ပိုက်ဆံ ငါးသောင်းရရင် ထနောင်းခေါက် ထည့်လိုက်တာနဲ့ ပိုက်ဆံက တသိန်းလောက် မြတ်သွားတယ်” လို့ သူက ပြောပါတယ်။
ထနောင်းပင်တွေ အများစုဟာ လူတွေစိုက်တာမဟုတ်ဘဲ သဘာဝအတိုင်း ပေါက်တာများပြီး စိုက်လို့လည်း မလွယ်ဘူးလို့ သိရပါတယ်။ ထနောင်းသီးကို ဆိတ်နဲ့ နွားတွေ စားပြီး မစင်ပြန်စွန့်တဲ့အခါ အစေ့ပါပြီး အပင်ပြန်ပေါက်တဲ့ သဘောမျိုးလို့ မှတ်သားရပါတယ်။
ထနောင်းခေါက် ခွာခံရတဲ့အပင်ဟာ ချက်ချင်းမသေပေမယ့် ဒဏ်ရာရကာ နှစ်အနည်းငယ်အတွင်း မတ်တပ်ခြောက် ခြောက်သွားကာ အပူရှိန်ပြင်းလာပြီး မိုးနည်းလာလေ ပျက်ဆီးဖို့များလေ ဖြစ်တယ်လို့ သိရပါတယ်။
“သူတို့ကတော့ ဒီ ထနောင်းခေါက် ခွာရုံနဲ့ အပင်က မသေပါဘူးလို့ ပြောကြတယ်။ ဒါပေမယ့် အပင်က မသေတာမဟုတ်ဘူး။ ချက်ချင်း မသေတာ။ နှစ် ၅၀ လောက် ရှည်မယ့်အပင်က ငါးနှစ်လောက်ပဲ သက်တမ်းရှိတော့မယ်။ အခေါက်ခွာခံလိုက်ရတော့ အစာရေစာကြောတွေ ဖြတ်လိုက်သလိုမျိုး ဖြစ်သွားတာပေါ့။ တချို့ အပင်လေးတွေဆိုရင် လုံးပတ် ၁ ပေလောက်ပဲရှိတယ်။ အဲ့ဒီ့ အပင်နုလေးတွေဆို တန်းသေမှာ။ နောက်နှစ်ဆိုရင် သေပြီ” လို့ သူက ပြောပါတယ်။
ဒါကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ အသိပညာပေးမှုတွေကို ထိထိရောက်ရောက် ပြုလုပ်ပေးဖို့ လိုအပ်ပြီး ထနောင်းခေါက် မခွာကြဖို့အတွက် ထနောင်းပင်တွေမှာ မေတ္တာရပ်ခံစာတွေ၊ ဆိုင်းဘုတ်တွေ လိုက်လံ ချိတ်ပေးဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။
အခုလို မကွေးမြို့က ပြည်သူတချို့ ထနောင်းခေါက် ခွာရောင်းနေကြတာနဲ့ ပတ်သက်လို့ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူ ဦးစည်သူလွင်က “ဆင်းရဲတဲ့အတွက်ကြောင့် သဘာဝပတ်ဝန်းကျင်ကို အခြေခံ လူတန်းစားတွေက ပိုပြီးတော့ မှီခိုရတယ်။ အဲ့ဒီ့အတွက် သဘာဝပတ်ဝန်းကျင် ပိုပြီးတော့ ပျက်စီးတယ်ဆိုတာက တကမ္ဘာလုံးမှာ ဖြစ်နေတဲ့ကိစ္စပါ” လို့ မှတ်ချက်ပြုပါတယ်။
ရေနံ့သာဒင်္ဂါးကတော့ စားဝတ်နေရေးအတွက် မလွှဲသာလို့ ထနောင်းခေါက် ခွာရောင်းရမယ်ဆို ထနောင်းပင်မသေအောင် ခွာလို့ရတဲ့ နည်းလမ်းရှိတယ်လို့ ပြောပါတယ်။ ထနောင်းပင် တပင်ဟာ လုံးပတ် ၃ ပေ၊ ဒါမှမဟုတ် ၄ ပေ ပတ်လည်ရှိရင် အဲ့ဒီ့အကုန်လုံး မခွာဘဲ ၁ ပေလောက်သာ အခေါက် ခွာပေးရမယ်လို့ ဆိုပါတယ်။
“ပြောရမယ်ဆို ၂၅ ရာခိုင်နှုန်းလောက်ပဲ ခွာပေါ့။ လက် ၁၀ ချောင်းမှာ နှစ်ချောင်းလောက် ဖြတ်ပစ်ရင်တောင် ကျန်တဲ့ ရှစ်ချောင်းက အသုံးဝင်နေသလိုမျိုးပေါ့။ အခုလည်း သူတို့ကို အဲ့ဒီ့လိုမျိုး ရှင်းပြရတယ်။ နောက်ဆုံး မဖြစ်မနေ ခွာမယ်ဆိုရင်တောင်မှ ပင်လုံးသတ် အပြည့်ကြီး မခွာပါနဲ့လို့။ ၂၅ ရာခိုင်နှုန်းလောက်ဆို အပင်က မသေဘူး။ ကျန်တဲ့အပိုင်းတွေက ဆက်ပြီး လှုပ်ရှားသွားတာ။ ပြီးတော့ ဒဏ်ရာရှိတဲ့ဘက်ကို သူ့ဘာသာသူပြန်ပြီး အပွေးလေးတွေက တက်လာတာ။ အခုဟာတွေကကျ လုံးပတ် အပြည့်ကြီးကို ခွာပစ်လိုက်တော့ နာလန်မထူတော့ဘူးပေါ့။ အပင်မသေအောင် ခွာတတ်ရင် ဒီအပင်တွေက သူတို့တွေအတွက် နှစ်စဉ်နှစ်တိုင်း ပိုက်ဆံတွေ ရနေမှာလေ” လို့ ရေနံ့သာဒင်္ဂါးက ပြောပါတယ်။
ထနောင်း (Vachellia leucophloea) ဟာ အပူပိုင်းဒေသမှာပေါက်တဲ့ အခက်အလက်မှာ ဆူးပါတဲ့ သစ်ပင်တမျိုးဖြစ်ပြီး တောင်အာရှနဲ့ အရှေ့တောင်အာရှဒေသမှာ ပေါက်ရောက်ပါတယ်။ ထနောင်းပင်ကို အိန္ဒိယနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ မြန်မာနိုင်ငံ၊ နီပေါနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့မှာ တွေ့ရှိရလေ့ရှိတယ်လို့ သိရပါတယ်။
အညှောင့်ပေါက်နေတဲ့ ထနောင်းစေ့လေးတွေကို ဟင်းအဖြစ် ချက်စားကြသလို သုပ်ပြီးလည်း စားလို့ရတယ်လို့ သိရပါတယ်။ အစေ့ထဲမှာ တန်ဖိုးရှိတဲ့ သတ္ထုဓါတ်တွေ ပါဝင်ပြီး အဲ့ဒါတွေကတော့ calcium, magnesium, phosphorus, iron and manganese တို့ဖြစ်ကြပြီး အဟာရသာမက သတ္ထုဓါတ်တွေလည်းပါလို့ ကျမ်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာလည်း ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ မကွေးမြို့က စားဝတ်နေရေး ကျပ်တည်းလာတဲ့ ဒေသခံ ပြည်သူတချို့ကတော့ လတ်တလောအခက်အခဲကို ဖြေရှင်းနိုင်ဖို့အတွက် ထနောင်းခေါက်တွေကို ဈေးပေါပေါနဲ့ ခွာရောင်းနေကြတာပါ။ ဒီအကြောင်းအရာဟာ ကြားရသူအတွက် တကယ့်ကို စိတ်မသက်သာစရာ သတင်းတခုဖြစ်ပေမယ့် ဝမ်းရေး ခက်ခဲလွန်းတဲ့အတွက် ဖြစ်တာကြောင့် သူတို့တွေကိုလည်း အပြစ် မဆိုသာပါဘူး။
ဒါ့ကြောင့် သဘာဝတရားကြီးကိုလည်း ထိန်းသိမ်းရာရောက်အောင် သစ်ပင်ရဲ့အခေါက်ကို ခွာရင် ပင်စည်ပတ်ပတ်လည် တဆက်တည်းထိအောင် မခွာဘဲ အသက်ဆက်လို့ရအောင် ကြားမှာ အခေါက်ကို ချန်ထားပေးကာ အပင်တပင်ကို နည်းနည်းစီသာ ခွာပေးပါလို့ သဘာဝပတ်ဝန်းကျင် ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။