တိုက်ပွဲတွေကြောင့် ရန်ကုန် – ထားဝယ် – မြိတ် – ကော့သောင်း လမ်းပိုင်းမှာ မော်တော်ယာဉ်တွေ ပိတ်မိနေပြန်

မေ ၁၀ – ၂၀၂၄
SN (VOM)
မနေ့ မေ ၉ ရက်က ပြန်ဖွင့်ပေးခဲ့တဲ့ ရန်ကုန် – ထားဝယ် – မြိတ် – ကော့သောင်း လမ်းပိုင်း ထမင်းမစားရွာအနီး တိုက်ပွဲကြောင့် ပြန်ပိတ်နေတယ်လို့ ကုန်တင်ယာဉ်မောင်းတွေနဲ့ ခရီးသွားတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့က သရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာက နကစရဲ့ စခန်းကုန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက် တိုက်ခိုက်ချိန်ကစလို့ ရန်ကုန် – ထားဝယ် – မြိတ် – ကော့သောင်း လမ်းပိုင်း ပိတ်နေတာဖြစ်ပြီး လက်ရှိမှာ နှစ်ဖက် အတက်၊ အဆင်းယာဉ် အစီးရေ ရာနဲ့ချီ လမ်းပေါ်မှာ ပိတ်မိနေတယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားမှုကြောင့် မေ ၅ ရက်ကစပြီး အဲဒီလမ်းပိုင်းမှာ ဖြတ်သန်းသွားလာခွင့် ယာယီ ပိတ်ထားခဲ့တာကနေ ငါးရက်မြောက်နေ့ဖြစ်တဲ့ မနေ့ မေ ၉ ရက်မှာတော့ ပဲဒက်စခန်းကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ပြီးနောက် လမ်းပြန်ပွင့်သွားခဲ့သလို ဝင်းဝစခန်းက နစကတပ်သားတွေကလည်း ပြန်လည်သွားလာခွင့် ပေးခဲ့တာကြောင့် မနေ့က မနက်ပိုင်းမှာ ကားလမ်းပွင့်သွားပြီး မော်တော်ယာဉ်တွေ ပြန်လည်သွားလာခွင့် ရခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့် ပလောက်နဲ့ ပုလောကြားက ထမင်းမစားရွာအနီးအရောက်မှာတော့ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ကားတွေ ဆက်လက် သွားလာလို့မရဘဲ လမ်းမှာပဲ ထပ်မံ ပိတ်မိနေပြီး ဒုက္ခရောက်နေကြရတယ်လို့ သိရပါတယ်။
“လမ်းဖွင့်ပြီဆိုပြီး ထားဝယ်ကဆင်းတဲ့ ကားတွေ အကုန်ပြန်ပိတ်မိနေတာ။ မနေ့က ပြန်ဖွင့်ပေးခဲ့တာလည်း နေ့တဝက်လောက်ပဲ သွားခွင့်ရတာ။ ထမင်းမစားရွာနားလည်းရောက်ရော အကုန် ရှေ့တိုးမရ နောက်ဆုတ်မရ ဖြစ်တာပဲ။ ဒီလမ်းပိုင်းက ရှောင်ကွင်းလမ်းတွေလည်း မရှိဘူး။ အဲဒါကြောင့် တခြားလမ်းတွေ ရွေးမောင်းလို့လည်း မရဘူး။ အကုန် ရောက်တဲ့နေရာပဲ ရပ်‌နေကြရတယ်” လို့ ကုန်တင်ယာဉ်မောင်းတယောက်က ပြောပါတယ်။
လက်ရှိမှာ ခရီးသည်တင်ကား၊ ကုန်တင်ကား၊ အိမ်စီးကား ရာနဲ့ချီပြီး ပိတ်မိနေတာဖြစ်ပြီး ပုလောမြို့နယ်က တိုက်ပွဲတွေအပြင် တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ ပဲဒက်စခန်းအနီးက ကျောက်ဆည်ရွာဘက်မှာလည်း ဒီကနေ့ မေ ၁၀ ရက်၊ မနက်ပိုင်းက ပစ်ခတ်သံတွေ ထွက်ပေါ်နေတာကြောင့် ကားလမ်းပိုင်း ဆက်ပြီး ပိတ်မိနေနိုင်တယ်လို့ ခရီးသည်တွေက ခန့်မှန်းပြောဆိုကြပါတယ်။
“မနေ့က လမ်းပြန်ဖွင့်ပြီး ညနေပိုင်းလောက် ရောက်ကတည်းက ခုချိန်အထိ ပလောက်မှာ ကားတွေထပ်ပြီး ပိတ်မိနေတာ။ လမ်းတောက်လျှောက်က ထမင်းဆိုင်တွေကလည်း အကုန် ဈေးကြီးတယ်။ ပါလာသမျှ ပိုက်ဆံတွေကလည်း တဖြည်းဖြည်း နည်းလာပြီ။ တရက်၊ နှစ်ရက်လည်း မဟုတ်ဘူးလေ။ လေး၊ ငါး၊ ခြောက်ရက်ဆိုတော့ ပါလာတဲ့ ရိက္ခာတွေလည်း ကုန်နေကြပြီ။ သောက်ရေတွေလည်း ကုန်နေပြီ။ အချင်းချင်း ဝေမျှ စားတဲ့သူက စား။ တချို့ဆို အငတ်နေကြရတဲ့သူတွေတောင် ရှိတယ်” လို့ ခရီးသည်တယောက်က ပြောပါတယ်။
မြိတ်-ဘုတ်ပြင်း၊ မြိတ်-ကော့သောင်း လမ်းပိုင်းကတော့ လက်ရှိအချိန်အထိ ပိတ်ထားဆဲဖြစ်ပြီး ကော့သောင်းကို သွားရောက်မယ့် ခရီးသွားတွေနဲ့ ဒေသခံတွေဟာ မြိတ်ကနေတဆင့် ငါးဖမ်းစက်လှေစီးပြီး ဘုတ်ပြင်းကို သွားရောက်ကာ အဲဒီကနေမှ ကော့သောင်းကို ကားနဲ့သွားကြရတယ်လို့ သိရပါတယ်။
တနင်္သာရီနဲ့ ဘုတ်ပြင်းမြို့နယ်ကြားက ၁၀၂၀ ပွိုင့်ကုန်းမှာ ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်ကစလို့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတာဖြစ်ပြီး ကားလမ်း သွားလာခွင့်ကို နှစ်ဖက်တပ်ဖွဲ့တွေက ပိတ်ထားသလို တံတားတစင်းလည်း ကားအကြီးတွေ ဖြတ်သန်းသွားလာလို့မရအောင် ပျက်စီးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒါအပြင် မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းကြားက မလွှဲတောင်စစ်ဆေးရေးဂိတ်ကိုလည်း နစကတပ်တွေက အချိန်အကန့်အသတ်နဲ့သာ ဖြတ်သန်း‌ခွင့်ပြုနေတာကြောင့် ခရီးလမ်းမှာ အချိန်ကြန့်ကြာမှုတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW