ပခုက္ကူမြို့ပေါ်မှာ maskမတပ်ရ ၊ လွယ်အိတ် စလွယ်မသိုင်းမရလို့ မြို့နယ်ထွေ/အုပ်က အမိန့်ထုတ်

မေ ၊ ၁၀ ၊ ၂၀၂၄
SP ( VOM)
မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပခုက္ကူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက မနေ့က မေ ၉ ရက်ပါ ရက်စွဲနဲ့ ရုံးအမိန့်စာတစောင် ထုတ်ပြန်လိုက်တယ်လို့ ပခုက္ကူမြို့ခံတွေဆီကသိရပါတယ်။
အဲ့ဒီ ရုံးအမိန့်စာထဲမှာ ဖော်ပြပါရှိတာက ” ပခုက္ကူမြို့နယ်အတွင် Mask များတပ်ဆင်ခြင်း ၊ လက်နက်ခဲယမ်းထည့်ဝင်သည့် လွယ်အိတ်များ စလွယ်သိုင်း၍ သွားလာခြင်းတို့ မပြုလုပ်ရန် လုံးဝ(လုံးဝ) တားမြစ်လိုက်သည် ” လို့ ပါရှိပါတယ်။
အဲ့ဒီရုံးအမိန့်စာဟာ အများပြည်သူအကျိုးငှာ ရည်ရွယ်ထုတ်ပြန်ခြင်းဖြစ်ပြီး လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည်လို့ ဖော်ပြပါရှိသေးပါတယ်။
” ပခုက္ကူမြို့ဆိုတာ ရေစကြို ၊ ပေါက် ၊ မြိုင် ၊ ဆိပ်ဖြူ စတဲ့မြို့နယ်တွေဘက်က တောသူတောင်သားတွေ နေ့စဥ် စျေးရောင်း စျေးဝယ်လာကြတဲ့ မြို့ဖြစ်တယ် ၊ ပခုက္ကူမြို့ကို လာကြတဲ့ နယ်က လူတွေအများစုဟာ လွယ်အိတ်ပါကြတယ် ၊ အဲ့ဒါကြောင့် လူမှားပြီး ဖမ်းခံရမှာ စိုးရိမ်တယ် ၊ တကယ်ဆိုရင် ပခုက္ကူမြို့ကို အမှန်တကယ် တည်ငြိမ်အေးချမ်းစေချင်တယ်ဆိုရင် သက်ဆိုင်ရာက လှည့်ကင်း ၊ ဝပ်ကင်း ၊ရပ်ကင်း တွေနဲ့ စောင့်ရှောက်ပေးစေချင်တယ် ” လို့ ပခုက္ကူမြို့ခံတယောက်က ပြောပါတယ်။
ပခုက္ကူမြို့နယ်မှာ ၂၀၂၁ နစက အစိုးရ ပေါ်ပေါက်ပြီးနောက်ပိုင်း လူသတ်မှု ၊ လုယက်မှု ၊ ဓားပြမှု နဲ့ လူပြန်ပေးဆွဲမှုတွေ ဖြစ်ပွားခဲ့ပြီး ၊ ပြီးခဲ့တဲ့ ၂၀၂၂တုန်းကဆိုရင် ဧပြီ ၁၂ ကနေ မေ ၁၂ ရက်အထိ တလအတွင်းမှာ လုယက်ဓားပြတိုက်မှုပေါင်း ဆယ်မှုကျော် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒါကြောင့် ပခုက္ကူမြို့ခံ စီးပွားရေး လုပ်ငန်းရှင်တွေ ၊ ကုန်သည်ပွဲစားတွေနဲ့ ရွှေလုပ်ငန်းရှင်တွေနဲ့ ငွေကြေးလုပ်ငန်းရှင်းတွေဟာ နေရပ်စွန့်ခွာပြီး မန္တလေး ၊ နေပြည်တော် ၊ ပြင်ဦးလွင်နဲ့ ရန်ကုန်စတဲ့ မြို့တွေဆီ တိမ်းရှောင်သွားကြတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW