မတ္တရာနယ်မှာ ထိတွေ့တိုက်ပွဲဖြစ်လို့ နစက လုံခြုံရေးတပ်ဖွဲ့ဝင် ၉ ယောက် သေဆုံး



မေ ၊ ၁၀ ၊ ၂၀၂၄
TT(VOM)

မန္တလေးတိုင်း ၊ မတ္တရာမြို့နယ် ၊ တံငါတောင်ကျေးရွာအနီး ၊ မန္တလေး – မိုးကုတ်ကားလမ်းမှာ ဒီကနေ့မနက် ၅ နာရီဝန်းကျင်က နစကတပ်ဖွဲ့ဝင်တွေနဲ့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” တံငါတောင် တံတားဂိတ်မှာ တိုက်ပွဲဖြစ်တာပါ ၊ မနက် ၇ နာရီဝန်းကျင်အထိဖြစ်တယ် ၊ အဲ့ဒီ ထိတွေ့တိုက်ပွဲမှာ စစ်သား နှစ်ယောက်သေဆုံးပြီး သုံးယောက်ဒဏ်ရာရတယ် ၊ အဲ့ဒီနောက် PDF တွေဆုတ်ခွာသွားပြီးနောက် စစ်ကူတွေရောက်လာပြီး PDF နောက်ကို လိုက်လံရှင်းလင်းတယ် ၊ အဲ့ဒီ ရှင်းလင်းမှုဖြစ်စဥ်မှာ ပြည်သူ့စစ် ခုနှစ်ယောက် ထပ်မံသေဆုံးတယ် ၊ အဲ့ဒီ တံငါတောင်ထိတွေ့မှုဖြစ်စဥ်မှာ နစက လုံခြုံရေးတပ်ဖွဲ့ဝင် စုစုပေါင်း ကိုးယောက်သေဆုံးပြီး ၊ သုံးယောက် ဒဏ်ရာရတယ် ၊ PDF ဆုတ်ခွာတဲ့လမ်းကြောင်းမှာ သွေးစတွေတွေ့ရတယ် ၊ သူတို့ဘက်က လူဘယ်လောက်သေတယ်ဆိုတာ မသိရသေးဘူး ” လို့ မတ္တရာမြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

ဒါ့အပြင် မတ္တရာမြို့နယ်မှာ လုံခြုံရေးတိုးမြင့်ချထားပြီး ၊ PDF တွေဆုတ်ခွာသွားတဲ့ လမ်းကြောင်းတွေနောက် နစက အဖွဲ့က လိုက်လံရှင်းလင်းနေတယ်လို့ သိရပါတယ်။

အဲ့ဒီ တံငါတောင်တိုက်ပွဲမှာ အလောင်း ၊ လက်နက်ခဲယမ်းတွေနဲ့ ပိုက်ဆံတွေပါ သိမ်းဆည်းရမိတယ်လို့ PDFတွေရဲ့ လူမှုကွန်ရက်တွေပေါ်မှာ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး မန္တလေးတိုင်း လုံခြုံရေးအဖွဲ့ဆီ VOM ကဆက်သွယ်ပေမယ့် အခုထိတော့ ဆက်သွယ်မရသေးပါဘူး။

မနေ့ကလည်း မန္တလေးတိုင်း တောင်ပိုင်း မြင်းခြံမြို့နယ် ၊ ဆုံကျေးရွာမှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပြီး ဒေသခံ ကလေး / လူကြီး အယောက် ၃၀ ကျော်သေဆုံးပြီး နေအိမ် ၇၀ နီးပါး မီးလောင်ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် မနေ့က မနက်ပိုင်းက မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ ဆောမြို့နယ် ၊ ကျောက်ထုမြို့နယ်ခွဲ ၊ အကြည်ပန်းပလွန်ကျေးရွာနားမှာ PDF စခန်းတခု လေကြောင်းတိုက်ခိုက်ခံရပြီး လူ ၂၀ ကျော်သေဆုံးပြီး ၊ ၅၀ ထက်မနည်း ဒဏ်ရာရတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ၊ ဒီေန့မနက်တိုက်ပွဲဖြစ်တဲ့ တံငါတောင် ဂိတ်စခန်း မြင်ကွင်း(ဒေသခံတဦး)

Related posts

Leave a Comment

VOM News

FREE
VIEW