သတင်းထောက်ဟောင်း တ​ယောက်က ဒဂုံမြို့သစ်ပြည်သူ့ကာကွယ်ရေးတပ်ဆီက ငွေကြေးလိမ်လည်

မေ ၁၀ – ၂၀၂၄
SN (VOM)
သတင်းထောက်ဟောင်းတယောက်ဖြစ်တဲ့ သီဟဇော် (ခ) သီဟဟာ ဒဂုံမြို့သစ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myothit Dragon People Defense Force -MDPDF) ဆီက ငွေကျပ် သိန်း ၂၀၀ ကျော် လိမ်လည်ခဲ့တယ်လို့ MDPDF က အထောက်အထားတွေနဲ့တကွ သတင်း ထုတ်ပြန်ထားပါတယ်။
သီဟဇော်ဟာ နိုင်ငံရေး အပြောင်းအလဲဖြစ်ခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း ဧပြီလမှာ မြောက်ဥက္ကလာပ အခြေပြု Anarchist Front Youth (YGN) အဖွဲ့ကို ဦးဆောင် ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။
အဲဒီ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှာတော့ သီဟဇော်ရဲ့ Anarchist Front Youth (YGN) အဖွဲ့နဲ့ Myothit Dragon People Defense Force (MDPDF) အဖွဲ့တို့ ပူးပေါင်းမိကြကာ မြောက်ဥက္ကလာမှာ သီဟဇော်ခိုလှုံချိန်ကစလို့ လွတ်မြောက်နယ်မြေ ရောက်တဲ့အချိန်ထိ MDPDF မှ ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
“သူက လွတ်မြောက်နယ်မြေမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဒု၀န်ကြီးတပါးရဲ့ လက်အောက်မှာ တာ၀န်ထမ်းဆောင်ပြီး အဲဒီနောက် သမ္မတရုံးမှာ တာ၀န်ထမ်းဆောင်ခဲ့‌တယ်လို့ သိရတယ်။ မဲဆောက်ရောက်လာပြီးတဲ့နောက်ပိုင်းမှာလည်း သူနဲ့ဆက်နွယ်တဲ့ အဖွဲ့ထဲက ရဲဘော်တွေရဲ့ စား၀တ်နေရေး၊ လုံခြုံရေးနဲ့ အရေးပေါ် ငွေကြေးဆိုင်ရာတွေကို ဆက်လက် တာ၀န်ယူ‌စေခဲ့တယ်။ မဲဆောက်ရောက်တဲ့ အစောပိုင်းကာလတွေမှာ သံလွင်တိုင်းမ် (Than Lwin Times) မှာ အလုပ်လုပ်နေတာကို ကျွန်တော်တို့ကို အသိမပေးခဲ့ဘဲ နောက်ပိုင်းမှ လစာမယူဘဲ ကူညီပေးနေတာလို့ ပြောပြီး ကျွန်တော်တို့အဖွဲ့ဆီက စားစရိတ်ထောက်ပံ့မှု ဆက်ယူခဲ့တာ” လို့ MDPDF က အသိပေးထားပါတယ်။
MDPDF အနေနဲ့ အခု ၂၀၂၄ ခုနှစ်၊ သင်္ကြန်ပြီးမှသာ နစကနဲ့ ဆက်သွယ်တဲ့ အထောက်အထားတွေ၊ ငွေကြေးအလွဲသုံးစား လုပ်မှုတွေကို ခြေရာခံမိခဲ့တယ်လို့ သိရပါတယ်။
ဒီ အကြောင်းအရာနဲ့ ပတ်သက်လို့ ပူးပေါင်း ဆောင်ရွက်ပေးဖို့အတွက် MDPDF အနေနဲ့ သံလွင်တိုင်းမ် မီဒီယာထံ အီးမေးလ်ပို့ပြီး အကြောင်းကြားခဲ့ပေမယ့်လည်း ပူးပေါင်းပါ၀င်ခြင်း မရှိခဲ့တာကြောင့် များစွာ စိတ်မကောင်းဖြစ်ရတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
သီဟဇော်ဆီမှာ MDPDF က ပေးထားပြီး အထောက်အထားနဲ့ ပြန်လည်မဖြေရှင်းနိုင်တဲ့ ငွေကြေးပမာဏ ကျပ် ၂၆,၅၆၅,၀၀၀ တိတိ ရှိတဲ့အတွက် ရောက်ရာအရပ်ကနေ ပြန်လာပြီး ဖြေရှင်းပေးနိုင်ဖို့ အခုလို ကြေငြာချက် ထုတ်ပြန်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။
ဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ ဝါရင့် သတင်းသမားတယောက်က “ဂျာနယ်လစ်ဆိုရင် ဂျာနယ်လစ်အတိုင်း၊ ကိုယ့်ရဲ့ professional အတိုင်းပဲ ရပ်တည်တာ ကောင်းတာပေါ့။ အဲဒါတချက်ပေါ့။ နောက်တခုက ဝန်ကြီးဌာနတွေနဲ့သွားပြီး ကူးလူးဆက်ဆံပြီး အလုပ် လုပ်မိတဲ့အခါဆိုရင် ကိုယ့်ရဲ့ဒီဘက်က professional အလုပ်ကို ထိခိုက်နိုင်တာပေါ့။ နောက်တချက်က အဲ့ဘက်တွေကို သွားကြတဲ့ ဂျာနယ်လစ်တွေပေါ့။ သူတို့လုံခြုံရေးအတွက် သွားကြတဲ့သူတွေကိုတော့ ဘာမှ ပြောစရာမရှိပါဘူး။ ဒါပေမယ့်လည်း တချို့က ဘယ်လိုဖြစ်လဲဆိုတော့ သူတို့မှာ နာမည်စာရင်းလည်း ပေါက်သေးတာမဟုတ်သေးဘဲ သွားကြတာမျိုးပေါ့။ သူတို့ဘာသာသူတို့ သွားကြပြီးမှ အခုကျမှ ဒီဘက် ပြန်လာချင်တယ်၊ ဘာညာဆိုပြီး တွေ့ရတာကျတော့ ဂျာနယ်လစ်တွေအတွက် သိက္ခာပိုင်းဆိုင်ရာ ထိခိုက်တယ်လို့ မြင်ပါတယ်” လို့ မှတ်ချက်ပြုပါတယ်။
သီဟဇော်ဟာ အရင်က “အကုန်သိ” သတင်းဌာနမှာ အလုပ် လုပ်ခဲ့ဖူးတဲ့ သတင်းသမားတယောက်လည်း ဖြစ်တယ်လို့ သိရပါတယ်။
သတင်းသမားတဦးအနေနဲ့ အခုလို ဖြစ်စဉ်နဲ့ပတ်သက်လို့ သတင်းထွက်ပေါ်လာမှုဟာ သတင်းလောကရဲ့ ပုံရိပ်ကို ကျဆင်းစေတယ်လို့ သူက ပြောပါတယ်။
“ငွေရေးကြေးရေးအပိုင်းကတော့ ကျွန်တော်မသိခဲ့ဘူး။ သူ့ကို ဂျာနယ်လစ်ပုံစံမျိုးနဲ့ပဲ ရပ်တည်နေတယ် ထင်ထားတာ။ screen shot ရိုက်ထားတာတွေ တွေ့တော့မှ သူဒီလိုမျိုးတွေ ရပ်တည်ပါလား၊ ဒါမျိုးတွေ ဆက်သွယ်နေပါလားဆိုပြီး တွေ့တော့ မကြိုက်ဘူးပေါ့‌ဗျာ။ ကျွန်တော်တို့က ဂျာနယ်လစ်အပိုင်းကို ပိုချစ်တဲ့သူတွေဆိုတော့။ တဖက်မှာလည်း ပြန်ကြည့်တော့ ငွေကြေးက သိန်းက နှစ်ရာလောက်တော့ စာရင်းထဲမှာတွေ့ရတယ်ပေါ့လေ။ အဲ့တော့ ဒါက သူ လုပ်ရင်းကိုင်ရင်းနဲ့ပဲ မှားသွားလား၊ ဒါမှမဟုတ် ရည်ရွယ်ချက်ရှိရှိပဲ မှားခဲ့သလားဆိုတာကိုတော့ သေချာတော့မပြောနိုင်ပေမယ့် ဒီလိုမျိုး မှားတာကြီးကတော့ မဖြစ်သင့်ဘူးလို့တော့ ကျွန်တော်ထင်ပါတယ်” လို့ သူက ပြောပါတယ်။
နိုင်ငံရေးအပြောင်းအလဲကာလအတွင်း တဖက်နိုင်ငံထဲ ရောက်သွားကြတဲ့ သတင်းမီဒီယာသမားတွေထဲမှာ ခံယူချက် အမျိုးမျိုး ရှိနိုင်ပေမယ့် သတင်းသမားတယောက်အနေနဲ့ ကိုယ့်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပြီး သတင်းသမားစစ်စစ်တယောက်အဖြစ် ရပ်တည်ဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။
လတ်တလောကာလမှာ သတင်းရယူမှုအပိုင်း ကန့်သတ်ခံရမှုတွေ ရှိလာတာကြောင့် ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ သတင်းမီဒီယာပုံရပ် ကျဆင်းကာ သတင်းလောကအပေါ် ယုံကြည်မှု လျော့နည်းသွားနိုင်ပြီး အဟန့်အတားတွေ ပိုမို ဖြစ်ပေါ်လာစေနိုင်တယ်လို့ သူက သုံးသပ်ပါတယ်။
အခု ဖြစ်စဉ်နဲ့ပတ်သက်လို့ NUG အစိုးရ သမ္မတရုံးဝန်ကြီးဌာနနဲ့ သံလွင်တိုင်းမ် သတင်းဌာနတို့က တစ်စုံတစ်ရာ ထုတ်ပြန်ဖြေရှင်းလာတာမျိုး မတွေ့ရသေးပါဘူး။
MDPDF ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ဒီဖြစ်စဉ်အကြောင်းအရာ ထုတ်ပြန်ချက်ကို ပြီးခဲ့တဲ့ မေ ၆ ရက်နေ့က အသိပေး ရေးသားခဲ့တာဖြစ်ပြီး အချိန်ပိုင်းအတွင်း ပို့စ်ပြုတ်ကျတဲ့အထိ တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။
Photo – MDPDF

Related posts

Leave a Comment

VOM News

FREE
VIEW