ရန်ကုန် – မော်လမြိုင်ကားလမ်း ကျုံအိတ်တံတား နောက်တကြိမ် မိုင်းခွဲခံရလို့ လမ်းပိတ်နေ

မေ ၊ ၁၁ ၊ ၂၀၂၄
SP (VOM)
မွန်ပြည်နယ် ၊ ရန်ကုန် – မော်လမြိုင် ကားလမ်း ၊ ဘီးလင်းနဲ့ ကျိုက်ကောလမ်းပိုင်းမှာရှိတဲ့ ကျုံအိတ်တံတားဟာ ဒီမနက် အစောပိုင်း ၂ နာရီခွဲဝန်းကျင်လောက်က မိုင်းခွဲဖျက်ဆီးခံရတာကြောင့် တံတားတစင်းလုံးပျက်စီးကာ ယာဥ်သွားယာဥ်လာတွေ လုံးဝ မရတော့ဘူးလို့ ကားသမားတွေဆီက သိရပါတယ်။
” အဲ့ဒီတံတားဟာ မနှစ်ကလည်း အခုလို မိုင်းခွဲခံရပြီး လူသေဆုံးမှုတွေရှိခဲ့တယ် ၊ ဒီမနက်ပိုင်းက အဲ့ဒီ တံတားကို နောက်တကြိမ် မိုင်းခွဲခံရတယ် ၊ တံတားတစင်းလုံး ပျက်စီးသွားတယ် ၊ ကားတွေဆိုင်ကယ်တွေ လုံးဝ သွားမရတော့ဘူး ၊ ရထားလမ်းပိုင်းဘက်က ထိခိုက်မှုမရှိတော့ ရထားနဲ့သွားလို့ ရနိုင်သေးတယ် ” လို့ သထုံခရိုင် လုံခြုံရေးအဖွဲ့နီးစပ်သူတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ဇွန် ၂၉ ရက် မနက် ၄ နာရီဝန်းကျင်က အဲ့ဒီ ကျုံအိတ်တံတား ပထမအကြိမ် မိုင်းခွဲတိုက်ခိုက်ခံရပြီး ၊ မိုင်းပေါက်ကွဲနေစဥ် တံတားကျိုးကျတဲ့အထဲမှာ ပါသွားတဲ့ လမ်းသွားလမ်းလာ ကားနှစ်စီးလည်းပါသွားခဲ့တယ်လို့ သိရပါတယ်။
” အဲ့ဒီ ကျုံအိတ်တံတား ပထမအကြိမ် မိုင်းခွဲခံရတုန်းက ဖြတ်သွားတဲ့ ကားနှစ်စီးလည်း ပါသွားတယ် ၊ ကားထဲပါသွားတဲ့ထဲက သထုံခရိုင် ဥပဒေရုံးဝန်ထမ်း ကိုစိုးမိုး သေဆုံးပြီး ၊ သထုံခရိုင် မှုခင်းမှတ်တမ်းရုံး(CRO) က ရဲတပ်သား ကိုမြတ်မင်း ထိခိုက်ဒဏ်ရာရခဲ့တယ် ၊ နောက်ပြီး မနက် ၇ နာရီဝန်းကျင်မှာ အဲ့ဒီ မိုင်းခွဲဖျက်ဆီးခံရမှု ဖြစ်စဥ်ကို လာရောက်စစ်ဆေးတဲ့ သထုံခရိုင် ရဲတပ်ဖွဲ့မှူးနဲ့ ဌာနဆိုင်ရာ အဖွဲ့တွေကို ဒရုန်းဗုံးချပြီးတိုက်ခိုက်ခံရတယ် ၊ အဲ့ဒီ ဒရုန်းဗုံးတိုက်ခိုက်မှုမှာ ခရိုင်လမ်း/တံတား ဦးစီးဌာနက ဦးစီးမှူး ဦးဇော်မင်း အပါအဝင် လူနှစ်ယောက် ထပ်မံသေဆုံးတယ် ၊ ဆယ်ယောက်နီးပါး ဒဏ်ရာရတယ် ၊ အဲ့ဒါကြောင့် ကျုံအိတ်တံတား မိုင်းခွဲခံရစဥ်က လူသုံးယောက်သေဆုံးပြီး ၊ ဆယ်ယောက်ကျော် ဒဏ်ရာရဖူးတယ် ” လို့ မွန်ပြည်နယ် အစိုးရအဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါသေးတယ်။
ဓာတ်ပုံ ၊ ဒီမနက်ပိုင်းက မိုင်းခွဲဖျက်ဆီးခံရတဲ့ ကျုံအိတ်တံတား မြင်ကွင်း (ဒေသခံတဦး)

Related posts

Leave a Comment

VOM News

FREE
VIEW