ရွှေ၊ ဒေါ်လာ လက်ဝယ်ထားရှိသူတွေ အခွန်ဆောင်ရမယ်ဆိုတာ သတင်းမှားသာဖြစ်တယ်လို့ ရွှေအသင်း ပြော



မေ ၁၃ – ၂၀၂၄
SN (VOM)

ရွှေ၊ ဒေါ်လာ လက်ဝယ်ထားရှိသူတွေအားလုံး နေ့စဉ် ၅ ရာခိုင်နှုန်း အခွန်ဆောင်ရမယ်ဆိုတာ သတင်းမှားသာဖြစ်တယ်လို့ ရန်ကုန်တိုင်းရွှေအသင်း (YGEA) က ဒီကနေ့ မေ ၁၃ ရက်မှာ အသိပေး ကြေညာထားပါတယ်။

“လူမှုကွန်ယက်မှာ ရန်ကုန်ရွှေအသင်းကဆိုပြီး ပို့စ်တခုတင်ထားတာတွေ့လို့ သတင်းမှားဖြစ်ကြောင်း အသိပေးထားတာပါ။ ရန်ကုန်ရွှေအသင်းက ဒီလိုမျိုး ပြောထားတာ မရှိပါဘူး။ အခွန်ဆောင်ရမှာကတော့ ရွှေအသင်းက အခွန်ဆောင်ရမှာပါ။ လက်ဝယ်ရှိ‌သူတွေ မဟုတ်ပါဘူး။ အသင်းသားတွေလည်း မပါပါဘူး” လို့ YGEA ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါတယ်။

လူမှုကွန်ယက် စာမျက်နှာပေါ် က “မြန်မာ့ရွှေဈေး Update” Group မှာ ရေးသားထားတဲ့ ပို့စ်မှာတော့ လက်ရှိ ရွှေ၊ ဒေါ်လာ လက်ဝယ်ထားရှိသူတွေအားလုံး နေ့စဉ် ၅ ရာခိုင်နှုန်း အခွန် ဆောင်ရမှာဖြစ်ပြီး မြို့နယ်အခွန်ရုံးမှာ ‌လက်ဝယ်ထားရှိမှု တန်ဖိုး စုစုပေါင်းရဲ့ ၅ ရာခိုင်နှုန်းကို အခွန်ဆောင်ရမှာဖြစ်တယ်လို့ ဖော်ပြပါရှိတယ်။

ဒါနဲ့ပတ်သက်လို့ YGEA ဥက္ကဋ္ဌက “၅ ရာခိုင်နှုန်း ဆောင်ရမယ်ဆိုတာလည်း မဟုတ်ပါဘူး။ အသင်းဝင်တွေက သူ့ ရွှေဆိုင်ရှိရင် သူ့ရွှေဆိုင်ကနေ အခွန်ဆောင်မှာမျိုးတော့ ရှိတာပေါ့။ ရွှေဆိုင်ပိုင်ရှင်တွေက သူ့ဆိုင်နဲ့သူ၊ သူရောင်းရတာကို ဆောင်ရတာပေါ့။ ၁ ရာခိုင်နှုန်း ဆောင်ရတာပါ” လို့ ပြောပါတယ်။

“မြန်မာ့ရွှေဈေး Update” Groups ရဲ့ ပို့စ်မှာတော့ အခွန်ပြေစာထုတ်ယူဖို့ ရွှေဝယ်ရောင်းခွင့်ထောက်ခံစာ၊ ဒေါ်လာ အသုံးပြုခွင့် ထောက်ခံစာတို့ပါ ပူးတွဲတင်ပြရမယ်လို့ ရေးသားထားတာကို တွေ့ရပြီး YGEA ကတော့ ဒါကို သတင်းမှားဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW