ဘီးလင်းနယ်မှာ စက်သုံးဆီ အရောင်းဆိုင် ပိုင်ရှင် နှစ်ယောက် ပစ်သတ်ခံရ

မေ ၊ ၁၅ ၊ ၂၀၂၄
TT (VOM)
မွန်ပြည်နယ် ၊ ဘီးလင်မြို့နယ်မှာ မေ ၁၄ ရက် မနေ့နေ့လယ်ပိုင်းက စက်သုံးဆီ အရောင်းဆိုင် ပိုင်ရှင် နှစ်ယောက် ပစ်သတ်ခံရတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။
” မနေ့က နေ့လယ် ၁၂ နာရီခွဲ ဝန်းကျင်မှာ ယွန်းဒလင်းကုန်းကျေးရွာမှာရှိတဲ့ အောင်ပြည့်စုံ စက်သုံးဆီဆိုင် ပိုင်ရှင် ဦးနိုင်ဆိုသူ ပစ်သတ်ခံရတယ် ၊ လာသတ်သွားတဲ့သူက MASK တပ်ထားတဲ့ လူနှစ်ယောက်က ဆိုင်ကယ်တစီးနဲ့ လာပြီး ပစ်သတ်သွားတာ ဖြစ်တယ် ၊ အဲ့ဒီ ဦးနိုင်ဆိုသူ ပစ်သတ်ခံရတဲ့ တချိန်တည်းမှာပဲ ဇုတ်သုတ်ကျေးရွာနဲ့ ဇုတ်ကလိကျေးရွာကြားမှာရှိတဲ့ စက်သုံးဆီဆိုင် ပိုင်ရှင် နောက်တယောက် ပစ်သတ်ခံရတယ် ၊ သေဆုံးသူက ဆီးဆိုင်ပိုင်ရှင် ဦးမွန်ကြီးဆိုသူဖြစ်တယ် ” လို့ ပရဟိတသမားတယောက်က ပြောပါတယ်။
အဲ့ဒီ စက်သုံးဆီဆိုင် ပိုင်ရှင် နှစ်ယောက်အသတ်ခံရတာနဲ့ ပတ်သက်ပြီး မွန်ပြည်နယ်ရဲတပ်ဖွဲ့က အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက် ၊ နေ့လယ် ၁၁ နာရီဝန်းကျင်ကလည်း ဘီးလင်းမြို့နယ်၊ ယက္ကန်းသည်မကျေးရွာမှာရှိတဲ့ ရွှေဖြူ ရော်ဘာအကျဥ်းစခန်းတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူးဖြစ်သူ ဦးစင်းအောင် ပစ်သတ်ခံရတယ်လို့ သိရပါတယ်။
ပြီခဲ့တဲ့ ဧပြီ ၂၃ ရက် ညနေပိုင်း ၇ နာရီဝန်းကျင်မှာ ကျိုက်ထိုမြို့နယ် ၊ ကော့ထင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းအောင် ၆၂ နှစ် ပစ်သတ်ခံရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက် ၊ မနက်ပိုင်း ၁၀ နာရီဝန်းကျင်ကလည်း မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဝါးဒတ်ကွင်းကျေးရွာမှာနေတဲ့ ဦးအောင်ဇော်ဦး ( ခ )ဖိုးလုံး အသက် ၅၇ နှစ် ဆိုသူဟာ ကျေးရွာရှိ လ္ဘက်ရည်ဆိုင်မှာ ထိုင်နေစဉ် အမည်မသိ ( စုံစမ်းဆဲ) လူနှစ်ယောက်က ဆိုင်ကယ်နဲ့ရောက်လာပြီး ပစ်သတ်သွားပါတယ်။
ဒါ့အပြင် ဧပြီ ၁၈ ရက် ၊ မနက် ၆ နာရီဝန်းကျင်က မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်မှာနေတဲ့ ရာအိမ်မှူး ဦးအောင်ကျော် (၄၂) နှစ်ဆိုသူဟာ နေအိမ်မှာရှိနေတုန်း အမည်မသိ (စုံစမ်းဆဲ) လူတယောက်က ပစ်သတ်သွားတယ်လို့ သိရပါတယ်။
အဲ့ဒီ ဧပြီ ၁၈ ရက် ၊ ညပိုင်းက မွန်ပြည်နယ်၊ မုဒုံမြို့နယ် ဖယ နိုင်လုံကျေးရွာမှာနေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးနိုင်မွန်စောနွယ် ရဲ့သားဖြစ်သူ မောင်မင်းသက်နွန် ၁၂ နှစ် ၊ ငါးတန်းကျောင်းသား ဖြစ်သူကို အမည်မသိ လက်နက်ကိုင်အဖွဲ့က လာရောက်ပစ်သတ်သွားတယ်လို့ သိရပါတယ်။
အလားတူ ဧပြီ ၁၈ ရက် ၊ မနက် ၇ နာရီ ၃၀ မိနစ်ခန့်ကလည်း ဘီးလင်းမြို့နယ်၊ နတ်ကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်ငြိမ်း ၅၈ နှစ် ဆိုသူ ပစ်သတ်ခံရပါသေးတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ မတ် ၂၁ ရက်ကနေ မတ် ၂၄ အထိ သုံးရက်ဆက်တိုက် မွန်ပြည်နယ် ၊ သထုံခရိုင် ၊ သထုံမြို့နယ်မှာ ပစ်သတ်ခံထားရတဲ့ ပိုင်ရှင်မဲ့ အမျိုးသား ရုပ်အလောင်း လေးလောင်း ကူညီကယ်ဆယ်ပေးထားရတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ မတ် ၁၇ ရက်က မွန်ပြည်နယ် ၊ ရေးမြို့နယ် ၊ လမိုင်းမြို့နယ်ခွဲ ၊ ကြိုးတံတားကျေးရွာနဲ့ စံပြကျေးရွာအကြား ရေး – သံဖြူရပ် ကားလမ်းမှာ တရက်တည်းမှာ လူသတ်မှု နှစ်ကြိမ်ဖြစ်ပွားပြီးအမည်မသိ ပိုင်ရှင်မဲ့ ရုပ်အလောင်းတွေကို ဒေသခံ လူမှုကူညီရေး အသင်းတွေက ကောက်ယူပြီး လမိုင်းမြို့ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးရတယ်လို့ ပရဟိတသမားတွေဆီက သိရပါတယ်။
အဲ့ဒါကြောင့် မွန်ပြည်မှာ အခုရက်ပိုင်းအတွင်း သတ်ဖြတ်ခံရတာတွေ အဖြစ်များလာပြီး သေဆုံးသူ ဆယ်ယောက်ထက်မက ရှိတယ်လို့ သိရပါတယ်။
” မွန်ပြည်နယ်မှာ အသတ်ခံရလို့ သေဆုံးသူတွေထဲမှာ ရပ် / ကျေးအုပ်ချုပ်ရေး အဖွဲဝင်တွေအပြင် ဧပြီ ၁၇ ရက်က မော်လမြိုင် ၊ မုပွန်နယ်မြေရဲစခန်းမှာ ထွက်ပြေးအချုပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်လို့ ရဲတပ်ကြပ်ကြီးတယောက်လည်း သေဆုံးတယ်”လို့ ဒေသခံတယောက်က ပြောပါသေးတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW