ကိုရီးယားကို ရာသီချိန် လုပ်သားပို့ပေးမယ်ဆိုကာ အလုပ်သမား ၁၂၀ ကျော်ဆီက ငွေကျပ် သိန်းထောင်ချီ လိမ်လည်မှု ဖြစ်ပွား

မေ ၁၇ – ၂၀၂၄
SN (VOM)
တောင်ကိုရီးယားနိုင်ငံကို ရာသီချိန် လုပ်သားပို့ပေးမယ်လို့ ဆိုကာ အလုပ်သမား ၁၂၀ ကျော် ငွေကျပ် သိန်းထောင်ချီ လိမ်လည်ခံရမှုဖြစ်ပွားခဲ့တယ်လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီ အသိုင်းအဝိုင်းက သိရပါတယ်။
ဒေါ်ချောစုလှိုင်ဆိုသူက တောင်ကိုရီးယားနိုင်ငံကို ရာသီချိန် လုပ်သားအမြန်ပို့ပေးမယ်လို့ ဆိုပြီး Myint Mo Academy သင်တန်းကျောင်းမှ သင်တန်းသားအလုပ်သမား ၁၂၆ ယောက်ဆီက တယောက်ကို ငွေကျပ် ၃၂ သိန်းနှုန်းနဲ့လည်းကောင်း၊ ကျပ် နှစ်ဆယ့်ခုနစ်သိန်း ငါးသောင်းကျပ်နှုန်းနဲ့လည်းကောင်း ငွေကြေးတွေ ရယူခဲ့ပြီး စာချုပ် ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။
ဒါနဲ့ ပတ်သက်လို့ ကိုယ်တိုင်ငွေလိမ်ခံထားရသူတယောက်က “ငွေပေးချေတဲ့အချိန်တုန်းက အလုပ်သမားမပို့ပေးနိုင်ရင် ငွေပြန်အမ်းမယ်ဆိုပြီး စာချုပ်ချုပ်ထားတာ။ အခုတော့ ပြန်အမ်းမပေးဘဲ ရှောင်နေတယ်။ ကိုယ်တွေလည်း ငွေပြန်ရဖို့ သက်ဆိုင်ရာနဲ့ ချိတ်ဆက်ပြီး လိုက်နေတာပဲ။ သင်တန်းကျောင်းကနေ ရှေ့နေနဲ့တဆင့် ကြေညာထားတဲ့စာထဲမှာတော့ သူ့ကို ခုနစ်ရက်အတွင်း ဖြေရှင်းပေးဖို့ ပြောထားတယ်။ ခုထိတော့ အဆက်အသွယ်မရသေးဘူး” လို့ ပြောပါတယ်။
လက်ရှိ လိမ်လည်မှုဖြစ်စဉ်မှာ Myint Mo Academy သင်တန်းကျောင်းအနေနဲ့ အလုပ်သမားတွေရဲ့ ပေးသွင်းထားတဲ့ငွေတွေကို ပြန်လည်ရရှိအောင် ကြိုးစားဆောင်ရွက်ပေးမှာဖြစ်ပြီး ရှေ့နေကတဆင့် အသိပေးအကြောင်းကြားတဲ့အတိုင်း မပေးလျော်ရင် ဥပဒေကြောင်းအရ တရားစွဲအရေးယူသွားမယ်လို့လည်း ဆိုထားပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီတခုမှ တာဝန်ရှိသူတယောက်က “အခုက တောင်ကိုရီးယားနိုင်ငံကို မြန်မာအလုပ်သမားတွေ ရာသီချိန်စေလွှတ်နိုင်ဖို့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ ဆွေးနွေးညှိနှိုင်းနေတုန်းပဲ ရှိသေးတယ်။ အဖြေမထွက်သေးဘူး။ အခုလို နှစ်ဖက် ညှိနှိုင်းချိန်၊ ဘာမှ အဆင်သင့် မဖြစ်သေးချိန်မှာ မြန်မာနိုင်ငံကနေ ရာသီချိန်လုပ်သားတွေ စေလွှတ်ဖို့ အွန်လိုင်းကဖြစ်စေ၊ လူပုဂ္ဂိုလ်တွေကဖြစ်စေ ကြော်ငြာပြီး ခေါ်ယူနေကြတာဟာ လိမ်လည်နေတာပါ။ ဒါကို သိထားဖို့ လိုပါတယ်။ ကိုယ်ဘာမှ လက်မလွန်ခင် အစစအရာရာ စုံစမ်း၊ လေ့လာပြီးမှသာ အလုပ်တခုကိုလုပ်တာ အကောင်းဆုံးပါ” လို့ ပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံကို ရာသီချိန်လုပ်သားပို့ဆောင်ဖို့ ဆွေးနွေးနေပြီဆိုတဲ့ သတင်းထွက်ပေါ်လာချိန်ကစလို့ ရာသီချိန်လုပ်သား ပို့ဆောင်ပေးမယ်လို့ဆိုကာ နိုင်ငံတဝန်းမှာ လူစုဆောင်းပြီး ငွေကြေးလိမ်လည်မှုတွေ ဖြစ်ပေါ်လျက်ရှိတယ်လို့ သိရပါတယ်။
ရာသီချိန် လုပ်သားခေါ်ယူမှုနဲ့ပတ်သက်လို့ သက်ဆိုင်ရာအစိုးရရဲ့ သတင်းထုတ်ပြန်ချက် မရှိမချင်း ငွေကြိုပေးသွင်းခြင်းတွေ မပြုလုပ်ဖို့ အကြိမ်ကြိမ် သတိပေးတာတွေလည်းရှိတယ်လို့ အေဂျင်စီတွေက ဆိုပါတယ်။
“မြန်မာနိုင်ငံက လက်ရှိမှာ MoU (နှစ်နိုင်ငံနားလည်မှု စာချွန်လွှာ) မထိုးရသေးတဲ့အတွက် တောင်ကိုရီးယားနိုင်ငံရဲ့ အလုပ်ခေါ်တဲ့ ကြေညာချက်မှာ မပါဝင်နိုင်သေးပါဘူး။ ပို့လို့လည်း မရသေးပါဘူး။ ပြီးတော့ တဖက်မှာလည်း ကန့်ကွက်မှု၊ တားဆီးမှုတွေ ရှိနေတဲ့ အနေအထားပါ။ ဒါတွေကို ကျော်ဖြတ်ပြီး MoU ထိုးနိုင်မယ်၊ ထိုးပြီးသွားပြီ ဆိုရင်တော့ ရာသီလုပ်သားခေါ်တဲ့ အကြိမ်တိုင်းမှာ မြန်မာ ပါဝင်လာမှာပါ” လို့ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဆောင်ရွက်ချက်များနှင့် ပညာရေးဝန်ဆောင်မှုလုပ်ငန်းတခုမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
၂၀၂၄ ခုနှစ်အတွက် တောင်ကိုရီးယားနိုင်ငံမှ ရာသီချိန်လုပ်သားခေါ်ယူမယ့် နိုင်ငံတွေမှာ မြန်မာနိုင်ငံပါဝင်ခြင်း မရှိသေးဘဲ လက်ရှိ ရာသီချိန်လုပ်သား ခေါ်ယူထားတဲ့ နိုင်ငံတွေကတော့ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတို့အပြင် ထိုင်း၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ် စတဲ့ MoU ထိုးထားပြီးသား နိုင်ငံတွေအားလုံး ပါဝင်တယ်လို့ သိရပါတယ်။
လက်ရှိမှာ ကိုရီးယားနိုင်ငံအစိုးရက မြန်မာနိုင်ငံသား ရာသီချိန်လုပ်သားနဲ့ ပတ်သက်ပြီး မည်သည့် ညွှန်ကြားချက်နဲ့ ရပ်တည်ချက်ကိုမျှ ကြေညာချက်ထုတ်ပြန်ထားခြင်း မရှိဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံး က ထုတ်ပြန်ထားတာပါ။
ဒါပေမယ့် အလုပ်သမားဝန်ကြီးဌာနကတော့ ကိုရီးယား နိုင်ငံကို ရာသီချိန်လုပ်သား စေလွှတ်နိုင်ဖို့ ဆွေးနွေးတာတွေ လုပ်ဆောင်နေသလို MoU ရေးထိုးနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတတိယပတ်မှာ နိုင်ငံပိုင်သတင်းစာကနေ ထုတ်ပြန် ကြေညာထားပါတယ်။
လက်ရှိမှာ ရာသီချိန်လုပ်သားပို့ပေးမယ်ဆိုပြီး ငွေလိမ်လည်တောင်းယူထားတာတွေဟာ နေရာအနှံ့မှာ ဖြစ်နေပြီး အနည်းဆုံး လုပ်သားသောင်းနဲ့ချီ လိမ်လည်ခံထားရတယ်လို့ အဲဒီလုပ်ငန်းနဲ့ နီးစပ်သူတွေက ဆိုပါတယ်။
ငွေလိမ်လည်သူတွေက အလုပ်သမားတွေကို ရက်တို ကိုရီးယားဘာသာ သင်တန်းပေးပြီး လက်တွေ့ camp ဝင်ခိုင်းကာ အလုပ်ခေါ်ချိန် စောင့်ခိုင်းတာမျိုး လုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။
အခုလို ရာသီချိန်လုပ်သားပို့ပေးမယ်ဆိုပြီး အလုပ်အကိုင် အကျိုးဆောင်လိုင်စင်မရှိဘဲ လုပ်ဆောင်နေတာဟာ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေနဲ့ ငြိစွန်းနေတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ဆိုပါတယ်။
ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၆ အရ အကျိုးဆောင်လိုင်စင်မရှိဘဲ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်ရင် ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်တဲ့အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ သိရပါတယ်။
ရာသီချိန်လုပ်သားဟာ ကိုရီးယားဘာသာစကား တတ်မြောက်ထားဖို့မလိုသလို ပညာအရည်အချင်းလည်းမလိုဘဲ တစ်နှစ်မှာ ရှစ်လလုပ်ပြီး လေးလပြန်နားရကာ အလုပ်သက်တမ်း ငါးနှစ်ပြည့်သွားရင် တခြား ဗီဇာအမျိုးအစားကို ပြောင်းလဲ ရယူနိုင်တယ်လို့ သိရပါတယ်။
လက်ရှိမှာ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီတွေအနေနဲ့ ရာသီချိန် လုပ်သားစေလွှတ်နိုင်ဖို့ အလုပ်သမားဝန်ကြီးဌာနကို တင်ပြမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ထဲမှာလည်း လူမှုကွန်ယက် စာမျက်နှာတွေမှာ ကိုရီးယားနိုင်ငံကို သွားရောက်လုပ်ကိုင်ဖို့ ရာသီချိန် လုပ်သား၊ အိမ်အကူ၊ သူနာပြု စတဲ့ အလုပ်အကိုင်တွေကို အကြောင်းပြပြီး ငွေကြေးလိမ်လည်တာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW