လာမယ့် ရက်သတ္တပတ်အတွင်း ရန်ကုန်အပါအဝင် တိုင်းနဲ့ ပြည်နယ်တချို့မှာ လေပြင်းတိုက်ခတ်ပြီး မိုးကြီးနိုင်



မေ ၁၇ – ၂၀၂၄
SN (VOM)

လာမယ့် ရက်သတ္တပတ်အတွင်း လေဖိအားနည်းရပ်ဝန်းကနေ ဖြစ်ပေါ်လာနိုင်မယ့် မုန်တိုင်းရဲ့အရှိန်ကြောင့် တိုင်းနဲ့ ပြည်နယ်တချို့မှာ လေပြင်းတိုက်ခတ်ပြီး မိုးကြီးနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။

လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်မှုနဲ့ မုန်တိုင်း အခြေအနေကြောင့် လေပြင်းတိုက်ခတ်ပြီး မိုးကြီးနိုင်မယ့် ‌အခြေအနေနဲ့ပတ်သက်လို့ မိုးလေဝသ လေ့လာစောင့်ကြည့်သူတယောက်ဖြစ်တဲ့ ဦးဝင်းနိုင်ရဲ့ ခန့်မှန်းချက်မှာတော့ WINDY ရဲ့ ECMWF နဲ့ GFS ကြိုတင်ခန့်မှန်းချက်တွေမှာ မေလ ၂၄ ရက်‌ ရောက်တဲ့အခါ ဘင်္ဂလားပင်လယ်အော်ထဲ မုန်တိုင်းဖြစ်တာနဲ့ ဧရာဝတီ/ရန်ကုန်တိုင်းတွေပေါ်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်တာ ဖြစ်စဉ် နှစ်မျိုးမှာ ရန်ကုန်မြို့ပေါ် ရွာသွန်းနိုင်မယ့် မိုးရေချိန်ခန့်မှန်းက အင်မတန်ကွာခြားပြီး အနီးအနားက ဒေသတွေမှာလည်း အတူတူပဲလို့ အသိပေးထားတာကို တွေ့ရပါတယ်။

ဘင်္ဂလားပင်လယ်အော်အတွင်း မုန်တိုင်းပေါ်ရင်တော့ မုန်တိုင်းအရွယ်အစားပိုကြီးပြီး အားပိုပြင်းနိုင်ကာ ညာဘက်က မြန်မာနိုင်ငံဒေသ တော်တော်များများအပေါ် မုန်တိုင်းအရှိန်သက်ရောက်နိုင်မှု ပိုပြီး များနိုင်သလို ဧရာဝတီမြစ်ဝကျွန်းပေါ်၊ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းတို့မှာ မိုးအလွန်များနိုင်မယ့်အခြေအနေ ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။

မိုးလေဝသပညာရှင် စုစုစံကတော့ မိုးဦးလေဦး မေလ ၂၂ ရက်နေ့ကနေ ၂၅ ရက်အတွင်း ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းတို့မှာ နေရာကွက်ပြီး မိုးကြီး၊ လေထန်ခြင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ပင်လယ်ပြင်အခြေအနေ အနေနဲ့ မေလ ၂၄ ရက်မှ ၂၆ ရက်အထိ ကပ္ပလီပင်လယ်ပြင် (Andaman sea)၊ မြန်မာပင်လယ်ပြင် ဧရာဝတီကမ်းရိုးတန်း၊ ရန်ကုန်ကမ်းရိုးတန်း၊ မုတ္တမပင်လယ်ကွေ့နဲ့ တနင်္သာရီကမ်းရိုးတန်းတွေမှာ လှိုင်းကြီး၊ လေထန်ပြီး မိုးကြီးနိုင်ကာ ရေလှိုင်းအမြင့်မှာ ၉ ပေကနေ ၁၄ ပေအထိ မြင့်တက်နိုင်တယ်လို့ သိရပါတယ်။

လေပြင်းတိုက်ခတ်မှုအနေနဲ့ ၁ နာရီ ၃၂ မိုင်မှ မိုင် ၆၀ အထိ တိုက်ခတ်နိုင်တဲ့အတွက် အဲဒီရက်တွေအတွင်း ပင်လယ်ပြင်ငါးဖမ်းထွက်ခြင်း၊ လှေသင်္ဘောတွေ သွားလာခြင်း မပြုလုပ်သင့်ဘူးလို့ မိုးလေဝသပညာရှင် စုစုစံက အကြံပြုထားပါတယ်။

မုန်တိုင်း အခြေအနေနဲ့ပတ်သက်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းကတော့ လေဖိအားနည်းရပ်ဝန်း စဖြစ်တဲ့အချိန်မှသာ ခန့်မှန်းလို့ ရနိုင်မယ်လို့ ပြောပါတယ်။

လတ်တလော လူမှုကွန်ယက်မှာ “ရီမယ်” (Remal) ဆိုင်ကလုန်းမုန်တိုင်း ဒါမှမဟုတ် မုန်တိုင်းငယ်တလုံး မေလတတိယပတ်အတွင်းဖြစ်ပေါ်နိုင်ကြောင်း ကြိုတင် ခန့်မှန်းချက်တွေနဲ့ပတ်သက်လို့ တရားဝင် မိုးလေဝသဌာနအနေနဲ့ မိုးလေဝသသတင်းအတွက် ခန့်မှန်းရေး Model တွေကိုချည်း ကြည့်ပြီး ထုတ်ပြန်ပြောဆိုလို့ မရနိုင်ဘဲ လေဖိအားနည်းရပ်ဝန်း စဖြစ်တဲ့အချိန်မှသာ ခန့်မှန်းလို့ ရနိုင်မယ်လို့ မိုး/ဇလ ညွှန်မှူးက ပြောပါတယ်။

“မုန်တိုင်းက လေဖိအားနည်းရပ်ဝန်းတောင် မဖြစ်သေးဘူး။ အဲတော့ မုန်တိုင်းဖြစ်မယ့်အနေအထားကတော့ ရေရေရာရာ တိတိကျကျတော့ ပြောလို့မရသေးဘူးပေါ့။ မုန်တိုင်းတလုံးဖြစ်တယ်ဆိုတာ လေဖိအားနည်းရပ်ဝန်းက စတာဆိုတော့ လေဖိအားနည်းရပ်ဝန်း စဖြစ်တဲ့အချိန်ကျမှ ပြောရတာတော့ လက်ရှိထက်တော့ ပိုပြီး နီးစပ်တာပေါ့။ ‌Model တွေကတော့ ပြနေတာပေါ့။ မုန်တိုင်းရှိတယ်ပေါ့။ ဒါပေမယ့်ဒါက တကယ်တမ်းကျတော့ ဘယ်လောက်ထိ အားကောင်းမယ်၊ ဘယ်လိုအနေအထားရှိမယ်၊ ဘယ်လမ်းကြောင်းသွားမယ် စသဖြင့် ဒါတွေကတော့ ဘာမှ သေသေချာချာ ပြောလို့မရသေးတဲ့ အနေအထားပဲ ရှိပါသေးတယ်” လို့ သူက ပြောပါတယ်။

လက်ရှိ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ မုန်တိုင်းနဲ့ပတ်သက်လို့ မိုးလေဝသပညာရှင်တွေ၊ လေ့လာသူတွေ၊ အဖွဲ့အစည်းတွေက အသိပေးချက်အမျိုးမျိုး ထုတ်ပြန်လျက်ရှိကြတာမှာ မိုးလေဝသမြန်မာ၊ ရန်ကုန်ဌာနခွဲမှလည်း ကမ်းရိုးတန်းအနီး နေထိုင်သူတွေနဲ့ ပင်လယ်ပြင်အမှီပြု လုပ်ကိုင်သူတွေ လေပြင်းတိုက်မှု သတိပြုနိုင်ဖို့ မနေ့ မေ ၁၆ ရက်က အသိပေး ကြေညာချက် ထုတ်ပြန်ခဲ့တာကို တွေ့ရပါတယ်။

အဲဒီ ထုတ်ပြန်ချက်မှာ လာမယ့် မေလ ၂၀ ရက်နဲ့ ၂၁ ရက်တို့မှာ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတခု (Low Pressure Area) ဖြစ်ပေါ်ပြီး ပိုမိုအားကောင်းလာကာ မေလ ၂၂ ရက်နဲ့ ၂၃ ရက်လောက်မှာ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်း (Well-Marked Low Pressure Area) အဖြစ်ကို ရောက်ရှိနိုင်တယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

အဲဒီ လေဖိအားနည်းရပ်ဝန်းဟာ မေလ ၂၃ ရက်နဲ့ ၂၄ ရက်လောက်မှာ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း၊ ယင်းနဲ့ ဆက်စပ်နေတဲ့ နီကိုးဘားကျွန်းစုအနီးမှာ မုန်တိုင်းငယ် (Depression) အဖြစ်ကိုလည်းကောင်း၊ မေလ ၂၅ ရက်မှာ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်း၊ ယင်းနဲ့ဆက်စပ်နေတဲ့ မြစ်ဝကျွန်းပေါ်ကမ်းလွန်တို့မှာ အားကောင်းတဲ့ မုန်တိုင်းငယ် (Deep Depression) အဖြစ်ကိုလည်းကောင်း၊ မေလ ၂၆ ရက်နဲ့ ၂၇ ရက်လောက်မှာ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်း၊ ယင်းနဲ့ဆက်စပ်နေတဲ့ ရခိုင်ကမ်းရိုးတန်းကမ်းလွန်တို့မှာ ဆိုင်ကလုန်းမုန်တိုင်း “ရီမယ်” (Cyclonic Storm “Remal”) အဖြစ်ကိုလည်းကောင်း အဆင့်ဆင့် ရောက်ရှိနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဆက်လက် ဖော်ပြထားပါတယ်။

ဒါကြောင့် မေလ ၂၀ ရက်မှ ဇွန်လ ၁ ရက်အထိ ကာလအတွင်း မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်တယ်လို့ သိရပါတယ်။

မိုးသက်လေပြင်းတွေ ကျရောက်စဉ် ရေပြင်၊ မြေပြင်လေဟာ တနာရီကို မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ လှိုင်းအမြင့် ၈ ပေမှ ၁၆ ပေအထိ ရှိနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

ကြိုတင်ခန့်မှန်းထားတဲ့အတိုင်း ဆိုင်ကလုန်းမုန်တိုင်းဖြစ်ခဲ့ရင်တော့ မုန်တိုင်းရဲ့ တည်နေရာအပေါ် မူတည်ပြီး မုန်တိုင်းဒီရေအခြေအနေ သက်ရောက်မှုကိုလည်း အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးဖို့ လေ့လာစောင့်ကြည့်မှုတွေ လုပ်ဆောင်နေလျက်ရှိတယ်လို့လည်း မိုးလေဝသမြန်မာ၊ ရန်ကုန်ဌာနခွဲက အသိပေးထားပါတယ်။

မုန်တိုင်းဒီရေဟာ ကမ်းရိုးတန်းတလျှောက်ကို မုန်တိုင်းဖြတ်သန်းချိန်နဲ့ ကုန်းတွင်းကို ဝင်ရောက်ချိန်တို့မှာ ဖြစ်ပေါ်တတ်တဲ့အတွက် မုန်တိုင်းရဲ့ပြင်းအားအပေါ် မူတည်ပြီး မုန်တိုင်းဒီရေအခြေအနေကိုလည်း အကြမ်းဖျဉ်းသတ်မှတ်ထားတယ်လို့လည်း သိရပါတယ်။

အဲဒီ အကြမ်းဖျဉ်းသတ်မှတ်ချက်အရ ဖြစ်ပေါ်လာနိုင်တဲ့ ဆိုင်ကလုန်းမုန်တိုင်းရဲ့ တနာရီလေတိုက်နှုန်းဟာ ၇၄ မိုင်မှ ၉၅ မိုင်အတွင်းရှိရင် မုန်တိုင်း ဒီရေမှာ ၄ ပေမှ ၁၀ ပေခန့်လည်းကောင်း၊ ၉၆ မိုင်မှ ၁၁၀ မိုင်အတွင်း ရှိရင် ၆ ပေမှ ၁၅ ပေခန့်လည်းကောင်း၊ ၁၁၁ မိုင်မှ ၁၃၀ မိုင်အတွင်းရှိရင် ၉ ပေမှ ၁၈ ပေခန့်လည်းကောင်း၊ ၁၃၁ မိုင်မှ ၁၅၄ မိုင်အတွင်းရှိရင် ၁၃ ပေမှ ၂၁ ပေခန့်လည်းကောင်း၊ ၁၅၅ မိုင်နဲ့အထက်ရှိရင်တော့ ၁၈ ပေမှ ၂၅ ပေခန့်လည်းကောင်း ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။

ဒါကြောင့် မြန်မာ့ကမ်းရိုးတန်းတလျှောက် ကမ်းရိုးတန်းအနီး နေထိုင်သူတွေနဲ့ ပင်လယ်ပြင်ကို အမှီပြု လုပ်ကိုင်နေသူတွေအနေနဲ့ မေလ ၂၀ ရက်မှ ဇွန်လ ၁ ရက်အထိ ကာလအတွင်း မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ ရခိုင်ကမ်းရိုးတန်းတလျှောက်၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်ကိုလည်းကောင်း၊ ပင်လယ်ပြင်နဲ့ နီးကပ်ဆက်စပ်နေတဲ့ မြစ်ငယ်၊ ချောင်းငယ်တွေအတွင်းကိုလည်းကောင်း မည်သည့်အကြောင်းကိစ္စနဲ့မျှ သွားလာကြခြင်း မပြုကြဖို့ သတိပေးတားမြစ်တယ်လို့ မိုးလေဝသမြန်မာ၊ ရန်ကုန်ဌာနခွဲက ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။

ဒါနဲ့ပတ်သက်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက “အဲဒါက Model တွေကိုကြည့်ပြီး ပြောကြဆိုကြတာ။ အခုက ဒီနေ့နဲ့ နောက်တနေ့ မပြောနဲ့၊ မနက်နဲ့ ညနေတောင်မှ Model တွေရဲ့ အနေအထားက ပြောင်းနေတာဆိုတော့ ဘယ်လောက်ထိ အားကောင်းမယ်၊ ဘယ်ကိုသွားနိုင်တယ် ဆိုတာ အခုချိန်မှာဘာမှ သေချာပြောလို့ မရသေးဘူး။ အခုကတော့ Model တွေကြည့်ပြီး ဟိုသွားမယ်၊ ဒီသွားမယ်၊ ဘယ်လောက်အထိ အားကောင်းမယ်ဆိုပြီး ပြောနေကြတာပဲ။ ဒါတွေဟာ ဘာမှတော့ သေချာမှုမရှိသေးပါဘူး။ မုန်တိုင်းနဲ့ ပတ်သက်လို့ ကျွန်တော်တို့ မိုး/ဇလဌာန အနေနဲ့ကတော့ လောလောဆယ်တော့ စောင့်ကြည့်ဆဲပေါ့။ မီဒီယာတွေမှာတွေ့နေသလို ကျွန်တော်တို့လည်း တွေ့နေတာပဲ။ ခုဏကပြောသလို လေဖိအားနည်းရပ်ဝန်းတောင် မဖြစ်သေးတဲ့ အနေအထားမှာ Model တွေကလည်း အပြောင်းအလဲလေးတွေ ရှိနေတဲ့အခါကျတော့ ဘာမှ တရားဝင်ပြောလို့မရသေးတဲ့ အနေအထားပါ။ လူမှုကွန်ယက်မှာကတော့ တွေ့တာမြင်တာကို ဦးအောင်တင်နေကြတဲ့သဘော ရှိတာပေါ့။ အဲတော့ ဒါတွေက စောင့်ကြည့်ရမယ့်အနေအထားမျိုးပဲ ရှိပါသေးတယ်” လို့ ပြောပါတယ်။

မိုး/ဇလဌာနရဲ့ ဒီကနေ့ မေ ၁၇ ရက်မှာ ထုတ်ပြန်ထားတဲ့ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်အခြေအနေ ခန့်မှန်းချက်မှာတော့ DMH-WRF Model ရဲ့ ဒီကနေ့ မနက် ၆ နာရီခွဲအချိန်ကို
အခြေခံ တွက်ထုတ်ထားတဲ့ ခန့်မှန်းချက်တွေအရ လာမယ့် မေ ၂၂ ရက်နေ့လောက်မှာ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းမှာ လေထုမငြိမ်မသက်မှု အခြေအနေ စတင် ဖြစ်ပေါ်နိုင်ပြီး မေ ၂၃ ရက်နေ့လောက်မှာတော့ လေဖိအားနည်းရပ်ဝန်း စတင် ဖြစ်ပေါ်လာနိုင်တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာနိုင်ပြီး ကနဦးမှာ မြောက်-အရှေ့မြောက်ဘက်ကို ရွေ့လျားပြီးနောက် မြောက်-အနောက်မြောက်ဘက်ကို ပြန်ကွေ့ကာ မေ ၂၇ ရက်နေ့လောက်မှာ အိန္ဒိယနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းတို့အကြားကို ဦးတည် ရွေ့လျားနိုင်တာကို တွေ့ရှိရတယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံ၊ National Hurricane Center မှ Global Forecasting Model (GFS) Data ရဲ့ မေ ၁၆ ရက်နေ့၊ မြန်မာစံတော်ချိန် ၆ နာရီခွဲအချိန် အခြေခံတွက်ထုတ်ထားတဲ့ ခန့်မှန်းချက်တွေအရ မေ ၂၃ ရက်နေ့လောက်မှာ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနဲ ယင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတို့မှာ လေဖိအားနည်းရပ်ဝန်း စတင် ဖြစ်ပေါ်လာနိုင်ပြီး ပိုမိုအားကောင်းလာနိုင်ကာ မြောက် – အနောက်မြောက်ဘက်ကို ရွေ့လျားနိုင်ပြီး မေ ၂၆ ရက်နေ့မှာတော့ အိန္ဒိယနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းတို့အကြားကို ဦးတည် ရွေ့လျားနိုင်တာကို တွေ့ရှိရတယ်လို့ သိရပါတယ်။

ဆက်လက်ပြီး အင်္ဂလန်နိုင်ငံ၊ European Centre for Medium-Range Weather Forecasts (ECMWF) Data ရဲ့ မေ ၁၆ ရက်နေ့၊ မြန်မာစံတော်ချိန် ၆ နာရီခွဲအချိန်ကို အခြေခံတွက်ထုတ်ထားတဲ့ ခန့်မှန်းချက်တွေအရ မေ ၂၃ ရက်နေ့လောက်မှာ ကပ္ပလီပင်လယ်ပြင်အတွင်း လေဖိအားနည်းဆဲလ်အဖြစ် စတင်ဖြစ်ပေါ်လာနိုင်ပြီး မြောက်ဘက်ကို ရွေ့လျားနိုင်ကာ မေ ၂၅ ရက်နေ့မှာ မြန်မာနိုင်ငံ၊ မြစ်ဝကျွန်းပေါ်ဒေသကို ဦးတည် ရွေ့လျားနိုင်တာကို တွေ့ရှိရတယ်လို့ ခန့်မှန်း ဖော်ပြထားပါတယ်။

ဒါအပြင် အိန္ဒိယနိုင်ငံ၊ Indian Monsoon Data မော်ဒယ်မှ မေ ၁၆ ရက်နေ့၊ မြန်မာစံတော်ချိန် ၆ နာရီခွဲအချိန်ကို အခြေခံတွက်ထုတ်ထားတဲ့ ခန့်မှန်းချက်မှာတော့ မေ ၂၃ ရက်နေ့လောက်မှာ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းအတွင်း လေဖိအားနည်းရပ်ဝန်းအဖြစ် စတင်ဖြစ်ပေါ်လာနိုင်ပြီး မြောက် ဘက်ကို ရွေ့လျားနိုင်ကာ မေ ၂၅ ရက်နေ့မှာ မြန်မာနိုင်ငံ၊ မြစ်ဝကျွန်းပေါ် ဒေသကို ဦးတည် ရွေ့လျားနိုင်တာကို တွေ့ရှိရတယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာ လေဖိအားနည်းရပ်ဝန်း စတင် အစပျိုးခြင်းမရှိသေးတဲ့အတွက် သင်္ချာပုံစံပြုမော်ဒယ်တွေရဲ့ ခန့်မှန်းချက်တွေ အားလုံးဟာ တိုင်းထွာတဲ့ အချိန်၊ အသုံးပြုတဲ့ Data တို့အပေါ် မူတည်ပြီး အမျိုးမျိုး ပြောင်းလဲနေတာကြောင့် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနအနေနဲ့ အချိန်နဲ့တပြေးညီ တွက်ချက်ရရှိတဲ့ ခန့်မှန်းချက်တွေကို အချိန်နဲ့တပြေးညီ ထုတ်ပြန် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW