မေ ၁၈ – ၂၀၂၄
GG(VOM)
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပမ္မတီးရပ်ကွက်ထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ရပ်ကွက်နေထိုင်သူ နှစ်ယောက်ထက်မနည်း သေဆုံးပြီး ရှစ်ယောက်ထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီကသိရပါတယ်။
ဒီနေ့မေလ ၁၈ ရက်နေ့ အစောပိုင်းမှာလက်နက်ကြီးပစ်ခတ်သံတွေကြားရပြီးနောက် မနက်၈ နာရီလောက်မှာပမ္မတီးရပ်ကွက်ထဲကိုလက်နက်ကြီး ခြောက်လုံးကျရောက်ပေါက်ကွဲပြီး လူသေဆုံးမှုနဲ့ ဒဏ်ရာရသူတွေရှိခဲ့တာဖြစ်တယ်လို့ရပ်ကွက်ဒေသခံတွေကပြောပါတယ်။
“မနက်မစောထဲကလက်နက်ကြီးသံတွေကြားရတယ်။ ဘယ်မှာပစ်နေလဲသာမသိရတာ။ ၈နာရီလောက်ကျမှရပ်ကွက်ထဲကျတာ နေအိမ်တွေပေါ်ကျတယ်။ အဘွားတယောက်သေတယ်။ နောက်ထပ်တယောက်လည်းဆေးရုံခေါ်သွားရင်းသေတယ်။ ဒဏ်ရာရသူတွေရှိတယ်။ ကလေးတွေလည်းထိတယ်။ အိမ်တွေလည်းပျက်စီးတယ်။ ၊လက်နက်ကြီးကလည်းဘယ်အဖွဲ့ကပစ်လို့ကျတယ်ဆိုတာ သေချာမသိရဘူး ” လို့ ပမ္မတီးရပ်ကွက်နေထိုင်သူတယောက်ကဖြစ်စဉ်ကိုပြောပြပါတယ်။
KIA က ဧရာဝတီမြစ်တဖက်ကမ်းကနေ နမ့်ပေါင်လေတပ်စခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်ကလည်း ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ၊ အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်အကြား အမ္မတီးရပ်ကွက်ထဲကိုလက်နက်ကြီးကျရောက်ခဲ့ရတာဖြစ်ပါတယ်။
မြစ်ကြီးနားဒေသခံနောက်တယောက်က ” မနက်ပိုင်းဖြစ်သွားတာ၊ KIA ကလေတပ်စခန်းကိုပစ်တယ်၊စစ်တပ်ကလည်းပြန်ပစ်တယ် အဲဒီထဲမှာ ပမ္မတီးရပ်ကွက်ကထိတာပဲသိတယ်၊ဘယ်သူပစ်လို့ကျတယ်ဆိုတာတော့ မသိဘူး၊ သေဆုံးသူ နဲ့ဒဏ်ရာရသူတွေရှိတာတော့သိတယ်၊မြို့ထဲမှာခုကတော့ အပစ်အခတ်ငြိမ်နေတယ် ” လို့ပြောပါတယ်။
လက်နက်ကြီးထိမှန်သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကိုတော့ မြစ်ကြီးနားဆေးရုံကိုပို့ဆောင်ထားပြီး မြို့ပေါ်မှာလည်းအသွားအလာရှင်းနေတယ်လို့သိရပါတယ်။ ဧပြီလ ၁၉ ရက်နေ့တုန်းက လည်း နမ့်ပေါင်လေတပ်စခန်းကို ရှော့တိုက်ဒုံးနဲ့ပစ်ခတ် တိုက်ခိုက်ခံခဲ့ရသေးတယ်လို့သိရပါတယ်။
Photo: ဒေသခံ
မြစ်ကြီးနား ပမ္မတီးရပ်ကွက်ထဲ လက်နက်ကြီးကျလို့ အရပ်သားနှစ်ယောက်သေဆုံးပြီး ရှစ်ယောက် ဒဏ်ရာရ
