ချင်းပြည်နယ် တခုလုံးမှာ တိုက်ပွဲရှောင်နေရသူ အရေအတွက်တိုးလာ



မေ ၊ ၂၂ ၊ ၂၀၂၄
SP (VOM)

မြန်မာနိုင်ငံရဲ့ အနောက်မြောက် ၊ တောင်တန်းဒေသမှာရှိတဲ့ ချင်းပြည်နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက နစကတပ်တွေနဲ့ ဒေသတွင်း တိုင်းရင်းသား လက်နက်ကိုင် PDF အဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ပလို့ ဒေသခံ တသောင်းဝန်းကျင်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နေရပ်စွန့်ခွာသူတွေကို ကူညီပေးနေတဲ့ သင်းအုပ်ဆရာတယောက်က
” ပြီးခဲ့တဲ့ ၂၀၂၁ ကနေ ဒီကနေ့အချိန်ထိ ချင်းပြည်နယ်ကနေ နေရပ်စွန့်ခွာသူ ငါးသောင်းအထက်မှာရှိတယ် ၊ အဲ့ဒီလို တိုက်ပွဲရှောင်ရတဲ့ ဒေသတွေကတော့ ချင်းပြည်တောင်ပိုင်း ပလက်ဝ ၊ ဆမီး ၊ ကျင်ဒွေး ၊ မင်းတပ် ၊ မတူပီ ၊ ရေဇွာ ၊ ကန်ပလက် ၊ ထန်တလန် ၊ ဇိုခေါသာရ် ၊ တွန်းဇံနဲ့ ကျီခါးစတဲ့ မြို့နယ်တွေဘက်မှာဖြစ်တယ် ၊ ထန်တလန်နယ်ဆိုရင် တနယ်လုံး ရှောင်နေရတယ် ၊ အများစုကတော့ အိန္ဒိယနယ်စပ်နဲ့ တောင်တန်းတွေကြားမှာ တိမ်းရှောင်နေရတာဖြစ်တယ် ” လို့ ပြောပါတယ်။

လတ်တလော တိုက်ပွဲတွေဖြစ်နေဆဲ ဖြစ်တဲ့ ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့နယ် ဒေသခံတယောက်က
” တွန်းဇံနယ်မှာ ယာယီတိုက်ပွဲရှောင် ရှစ်ထောင်ကျော်လောက်ရှိတယ် ၊ မီဇိုရမ်နဲ့ လန်းမကားဘက်ကို ပြေးလို့မရဘူး ၊ အဲ့ဒီဘက်က နယ်စပ်ပြဿနာတွေ ဖြစ်နေတယ် ၊ အဲ့ဒါကြောင့် တမူးနယ်ဘက်က ခါမ်းပါတ် ၊ နန်းကတိတ် ၊ နန်းခေါက်ခေါက် ၊ ကျွန်းတောရေရှင်ရွာတွေဘက်ကို တချို့လည်း ပြေးတယ် ၊ ကျန်တချို့က ကလေးနယ်ထဲက မြစိမ်း ၊ မြလင်း ၊ အောင်ရွာ ၊ လက်ပံချောင်းနဲ့ ပြည်တော်သာရွာဘက်တွေကို ပြေးတယ် ၊ မပြေးနိုင်တဲ့သူတွေက တွန်းဇံနယ်က. တောထဲမှာ ခိုလှုံနေရတယ် ” လို့ ပြောပါတယ်။

တွန်းဇံနယ်တိုက်ပွဲရှောင် တယောက်က
” တိုက်ပွဲဖြစ်မယ်ဆိုတာ ရက်၂၀ လောက်က ကြိုတင်သတင်းထွက်နေတယ် ၊ အဲ့ဒါကြောင့် လူတယောက် ဆယ်ရက်စာ ရိက္ခာတွေ ပြင်ဆင်ထားကြတယ် ၊ တိုက်ပွဲဖြစ်တာ ဒီကနေ့ဆိုရင် လေးရက်မြောက်သွားပြီး ၊ အသင့်ပါလာတဲ့ ရိက္ခာနဲ့ စားသောက်နေကြတယ် ၊ အခက်အခဲက ဘာရှိလဲဆိုရင် ၊ တောထဲ တောင်ထဲမှာ သစ်ရိပ်ဝါးရိပ်နဲ့ပဲ နေရတယ် ၊ အမိုးအကာ မရှိဘူး ၊ ဒီရက်ပိုင်း မိုးရွာတော့ နေရတာ အဆင်မပြေဘူး ” လို့ ပြောပါတယ်။

တွန်းဇံမြို့နယ် တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ ဒေသတွင်း တိုင်းရင်းသား လက်နက်ကိုင် PDF တွေ ထုတ်ပြန်ထားတာက တွန်းဇံမြို့ကို ထိန်းချုပ်ထားလိုက်ပြီးလို့ ထုတ်ပြန်ထားပေမယ့် ၊ ချင်းပြည်နယ် လုံခြုံရေးအဖွဲ့ကတော့ တွန်းဇံမြို့နယ်ကို ဒီမနက်အစောပိုင်းက စစ်ကူတွေရောက်နေပြီး တိုက်ပွဲဖြစ်နေဆဲလို့ ပြောပါတယ်။

အဲ့ဒါကြောင့် တွန်းဇံမြို့နယ်ရဲ့ တိုက်ပွဲအခြေအနေဟာ VOM အနေနဲ့ ရှင်းရှင်းလင်းလင်း အခုထိ မသိရသေးပါဘူး။

ဒါ့အပြင် ချင်းပြည်နယ်က တိုက်ပွဲရှောင်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၁ ကနေ ၂၀၂၃ အထိ အိန္ဒိယနိုင်ငံ မြန်မာနယ်စပ်က မီဇိုရမ်ပြည်နယ်နဲ့ မဏိပူရ်ပြည်နယ်တွေမှာ ခိုလှုံခွင့်ရပေမယ့် ၂၀၂၄ နှစ်ဆန်းပိုင်းကစပြီး အဲ့ဒီဒေသတွေမှာ နယ်စပ်ပြဿနာတွေဖြစ်နေတာကြောင့် တွန်းဇံမြို့နယ်က တိုက်ပွဲရှောင်တွေဟာ နယ်စပ်ဒေသကို ထွက်ပြေးတိမ်းရှောင်ဖို့ အခက်တွေ့နေရတာဖြစ်ပါတယ်။

ဓာတ်ပုံ ၊ တွန်းဇံနယ်တိုက်ပွဲရှောင်တချို့ရဲ့ မြင်ကွင်း (ဒေသခံတဦး)

Related posts

Leave a Comment

VOM News

FREE
VIEW