စစ်ကိုင်း လဝက ရုံးက ဝန်ထမ်းတွေကို ဖမ်းဆီးသွားတဲ့ ကားတစီး ပစ်ခတ်ဖမ်းဆီးခံရလို့ လူငါးယောက်သေဆုံး



မေ ၊ ၂၂ ၊ ၂၀၂၄
SP ( VOM)

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့ ၊ ပါရမီရပ်ကွက်မှာရှိတဲ့ မြို့နယ် လူဝင်မှုနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန (လဝက) ရုံးကို မနေ့ မေ ၂၁ ရက် ၊ ညနေပိုင်းက ဒေသတွင်း လက်နက်ကိုင် အဖွဲ့က ရုံးထဲကိုဝင်ရောက်ပြီး ရုံးဝန်ထမ်းတချို့ကို ရိုက်နှက်ကာ ပြန်ပေးဆွဲ ဖမ်းဆီးခံရတယ်လို့ စစ်ကိုင်း ဝန်ထမ်းအသိုင်းအဝိုင်းဆီက သိရပါတယ်။

စစ်ကိုင်း လဝကရုံးနဲ့ နီးစပ်သူတယောက်က
” ညနေပိုင်း ရုံးဆင်းဖို့အချိန် အမည်မသိ (စုံစမ်းဆဲ) လူငါးယောက်က သေနတ်တွေကိုင်ပြီး ရုံးထဲကို ဝင်လာတယ် ၊ အဲ့ဒီနောက် ရုံးထဲမှာရှိတဲ့ ရုံးဝန်ထမ်းတွေကို သေနတ်ဒင်တွေနဲ့ ရိုက်နှက်တယ် ၊ ထိုးကြိတ် ကန်ကျောက်တယ် ၊ အဲ့ဒီအပြင် ” မင့်တို့က အခုထိ တာဝန်ထမ်းနေတုန်းလား ” လို့ပြောတယ် ၊ အဲ့ဒီ အချိန် နစက လှည့်ကင်းအဖွဲ့က ချက်ချင်းရောက်လာပြီး ပစ်ခတ်မှုတွေ ဖြစ်တယ် ၊ ပြန်ပေးဆွဲ ဖမ်းဆီးခံရထားရတဲ့ ရုံးဝန်ထမ်းတွေကို အထိအခိုက်မရှိ နစက အဖွဲ့က ကယ်ပေးနိုင်ခဲ့တယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကိုင်းခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က
” လဝက ရုံးဝန်ထမ်းတွေကို ဓားစာခံ ဖမ်းဆီတဲ့ PDF အဖွဲ့ကားနဲ့ နစက လှည့်ကင်းအဖွဲ့ အပြန်အလှန် ပစ်ခတ်မှုဖြစ်တယ် ၊ PDF အမျိုးသား သုံးလောင်းနဲ့ အမျိုးသမီး နှစ်လောင်း အပါအဝင် MA-13 (R-48567) သေနတ် (၁)လက် ၊ MA-13 ကျည်အိမ်(၁)ခု ၊ MA-13 ကျည် (၁၅) တောင့် ၊ SIGSAUER P-320ပစ္စတို(ရွှေဝါရောင် ) သေနတ် ၁ လက်ကျည်အိမ်(၁)ခု ၊ ၉ မမ ကျည် ၃ တောင့် ၊ MDY-6D/5998 Honda Fid(ဖြူ) (လိုင်စင်စိစစ်ဆဲ) ကား ၁ စီး ၊ SGG-72W-86333 Honda Click 125-I လိုင်စင်(စိစစ်ဆဲ)ဆိုင်ကယ် (၁)စီး သိမ်းဆည်းရရှိတယ် ” လို့ပြောပါတယ်။

စစ်ကိုင်းမြို့ခံတယောက်က
” မနေ့ကညနေပိုင်းမှာ PDF နဲ့ လှည့်ကင်းလုံခြုံရေးအဖွဲ့တွေ ပစ်ခတ်မှုဖြစ်တယ် ၊ မနေ့က ညနေပိုင်း ၆ နာရီနောက်ပိုင်း စစ်ကိုင်းမြို့ပေါ်က စားသောက်ဆိုင်တွေ ပိတ်ထားသလို လူသွားလူလာလည်း လုံးဝ မရှိဘူးဖြစ်သွားတယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၁၀ ရက်ညကလည်း စစ်ကိုင်းမြို့နယ် ၊ ရေခါးကျေးရွာ အုပ်ချုပ်ရေးမှူးရဲ့ မိသားစု ဖမ်းဆီးသတ်ဖြတ်ခံရလို့ သုံးလောင်းပြိုင် လူသတ်မှု ဖြစ်ခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်း မေ ၇ ရက် စစ်ကိုင်းမြို့ပေါ်မှာရှိတဲ့ သုခကာရီ လူမှုကူညီရေး အဖွဲ့က ကိုဇင်ဖြိုးအောင် (ခ) ဖက်တီး ၊ ကိုအောင်သူ ၊ ကိုအာကာဖြိုးကျော်၊ ကိုအောင်အောင်၊ ကိုစိုးဝင်း၊ ကိုအေးဇာနည်ထွန်း ၊ စျေးသည် ကိုချစ်မင်းဦး အပါအဝင် ပရဟိတသမား ခုနှစ်ယောက်ကို PDF ထောက်ပို့ပေးလို့ဆိုပြီး စစ်ကိုင်းခရိုင် လုံခြုံရေးအဖွဲ့က ဖမ်းဆီးအရေးယူခဲ့တဲ့ ဖြစ်စဥ်တွေလည်း ရှိခဲ့ပါသေးတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW