ပဲခူးတိုင်းမှာ ပြီးခဲ့တဲ့ ငါးလအတွင်း ရပ် / ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေ အပါအဝင် လူပေါင်း ၄၀ ကျော် အသတ်ခံရ


မေ ၊ ၂၃ ၊ ၂၀၂၄
TT (VOM)

ပဲခူးတိုင်းမှာပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်ကနေ မေ ၂၂ အထိ ငါးလအတွင်း လူသတ်မှုနဲ့ သေဆုံးရသူ လူပေါင်း လေးဆယ်ကျော်ရှိတယ်လို့ ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းဆီက သိရပါတယ်။

” လူသတ်မှုဖြစ်စဥ်တွေ အဖြစ်များလာတာက ပဲခူးတိုင်း အနောက်ဘက်ခြမ်းက ဖြစ်တယ် ၊ သေဆုံးသူ ၄၀ ကျော်ရှိတယ်၊ အသတ်ခံရသူ အများစုက ရပ်/ ကျေး အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ပါဝင်တယ်” လို့ ပဲခူးတိုင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၂၁ ရက် ၊ ညနေပိုင်း ၃ နာရီဝန်းကျင်က ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ အုတ်တွင်းကုန်းအုပ်စု၊ အေးမကွင်းကျေးရွာမှာရှိတဲ့ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်း ရဲ့နေအိမ်မှာ ငွေစုငွေချ အစည်းဝေးလုပ်နေတာကို ပျူတွေ အစည်းဝေးလုပ်တယ်ဆိုပြီး PDF က ဝင်ရောက်ပစ်သတ်တာကြောင့် သုံးလောင်းပြိုင် လူသတ်မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

” အုပ်ကြီး ဦးခင်မောင်ဝင်းရဲ့နေအိမ်မှာ အစည်းဝေးလုပ်နေတယ်ဆိုပြီး ၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ – အုတ်ဖိုက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်။ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းရဲ့မိန်းမ ဒေါ်သန်းသန်းနွယ်နဲ့ ပုဂ္ဂလိက ငွေစုငွေချေ ဘဏ်လုပ်ငန်းက ဧည့်သည်ဝန်ထမ်း နှစ်ယောက် အပါအဝင် စုစုပေါင်း လူသုံးယောက် ပစ်သတ်ခံရတယ်” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

ဒါ့အပြင် အုပ်ကြီး ဦးခင်မောင်ဝင်း ရဲ့နေအိမ်ထဲက သေနတ်အတို ၁ လက်၊ ကျည် ၁၈ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ မိုလ်ဘိုင်းဖုန်း ၂ လုံး၊ ငွေသား သုံးသိန်း တသောင်းကျပ်၊ တံဆိပ်တုံး၂ ခု၊ မှတ်ပုံတင် ၁ ခုနဲ့ စာရွက်စာတန်းတချို့ကို အုတ်ဖို PDF က သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ သာယာဝတီခရိုင် ရဲတပ်ဖွဲ့ရုံးက အမှုဖွင့်အရေးယူထားသလို အုတ်တွင်း PDF အဖွဲ့ကလည်း သူတို့လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါသေးတယ်။

ပြီးခဲ့တဲ့ မတ် ၁၅ ရက် ၊ မနက်ပိုင်း ၅ နာရီခန့်က ပဲခူးတိုင်း အနောက်ဘက်ခြမ်း သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့နယ် ၊ရေငန်ကျေးရွာအုပ်စု ၊ သရက်တောကျေးရွာမှာ ၊ နှစ်လောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့ပြီး ၊ မတ် ၁၄ ရက် ညပိုင်းကလည်း အဲ့ဒီရွာမှာ သုံးလောင်းပြိုင် လူသတ်မှုဖြစ်ခဲ့တာကြောင့် နာရီပိုင်းခြားပြီး စုစုပေါင်း လူငါးယောက် အသတ်ခံကတယ်လို့ သာယာဝတီခရိုင် လုံခြုံရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မတ် ၃ ရက် ၊ ညနေပိုင်းကလည်း ပဲခူးတိုင်း ၊ သာယာဝတီခရိုင် ၊ အုတ်ဖိုမြို့နယ် ၊ ကိုင်းကြီးကျေးရွာအုပ်စုနဲ့ ဂုံညှင်းတန်းကျေးရွာတွေမှာ ပစ်ခတ်မှုတွေဖြစ်ပွားပြီး ရဲတယောက် ၊ အရပ်သား တယောက် ၊ အုပ်ချုပ်ရေးမှူး လင်မယား နှစ်ယောက် ၊ PDF တယောက် စုစုပေါင်း ငါးယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက် မနက် ၁၀ နာရီဝန်းကျင်က သာယာဝတီခရိုင် သစ်တောရေးရာဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ေတာအုပ်ကြီး ဦးကျော်ဆန်းဝင်း၊ ချောင်းခေါင်း ဦးကျော်စွာဝင်း၊ ဆင်ဆေးကုဆရာဝန် ဦးဇော်ဝင်း၊ လက်ထောက်ဆင်ဆေးကု ဦးသက်နိုင်ထွန်းနဲ့ ဆင်ခေါင်း ဦးခင်ရင်တို့ ငါးယောက်ဟာ သာယာဝတီခရိုင် ၊ ကြို့ပင်ကောက်မြို့နယ် ၊ ကုန်းကျေးရွာအုပ်စုထဲမှာရှိတဲ့ ရွာတွေက စိုက်ခင်းတွေကို ဆင်တွေက ဝင်ရောက်ဖျက်ဆီးတာကြောင့် အဲ့ဒီဆင်တွေကို လိုက်ဖမ်းထိန်းသိမ်းဖို့သွားရင်း ကြို့ပင်ကောက်မြို့နယ်၊ ဘော်ဘင်ဆည်အထက်မှာရှိတဲ့ (ဒေသအခေါ်) တောင်နှစ်လုံးပေါက်နေရာဝန်းကျင်မှာ အဲ့ဒီ သစ်တောရေးရာဝန်ထမ်း ငါးယောက်ကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ဖမ်းဆီးသတ်ဖြတ်လိုက်တယ်လို့် သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW