မေ ၊ ၂၅ ၊ ၂၀၂၄
SP (VOM)
အခုရက်ပိုင်းအတွင်း မြန်မာပြည် အလယ်ပိုင်း ဒေသတွေဖြစ်တဲ့ မကွေးတိုင်း ၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းဘက်တွေမှာ နစကတပ်တွေက နယ်မြေရှင်းလင်းရေး လုပ်ဆောင်တာတွေ ပိုကြမ်းလာနေတယ်လို့ ဒေသခံ တိုက်ပွဲရှောင်တွေဆီက သိရပါတယ်။
မန္တလေးတိုင်း တောင်ပိုင်း မြင်းခြံနယ် ဒေသခံတယောက်က
” ပြီးခဲ့တဲ့ မေ ၁၀ ရက်နောက်ပိုင်းမှာ ၊ ကိုင်း၊ ဂင့်ဂဲ၊ ဥဒယ၊ ကန်တော်၊ ရန္တပို၊ တောပု၊ ညောင်တို၊ သိမ်တိုင်၊ မရိုးကုန်း စတဲ့ကျေးရွာတွေဘက်မှာ နစက တပ်တွေ နယ်မြေရှင်းလင်းရေး လုပ်တယ် ၊ အဲ့ဒီ ရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ် ၊ တချို့လည်း မြင်းမူ ၊ စစ်ကိုင်းနဲ့ မန္တလေးဘက်ကို ပြောင်းသွားကြပြီး ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေရတယ် ” လို့ ပြောပါတယ်။
ဒါ့အပြင် မကွေးတိုင်း ၊ စလင်းမြို့ခံတယောက်က
” မနေ့က မနက်ပိုင်းမှာ စလင်းမြို့နယ် ၊ ကုန်းခြားကျေးရွာနားက မုံရွာ – ပုသိမ်ကားလမ်းက PDF စစ်ဆေးရေး ဂိတ်တခု တိုက်ခိုက်ခံရတယ် ၊ အဲ့ဒီ တိုက်ခိုက်မှုကြောင့် PDF စခန်းမှာရှိတဲ့ ရိက္ခာပစ္စည်းသိုလှောင်ထားတာတွေ ပါသွားတယ် ” လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်း ၊ ဖောင်းပြင်မြို့ခံတယောက်ကလည်း
” အခုရက်ပိုင်းအတွင်း ဖောင်းပြင်နယ်ထဲမှာ နစက တပ်တွေ နယ်မြေရှင်းလင်းရေး ဆက်တိုက်လုပ်လာတယ်၊ ဖောင်းပြင်မြို့နယ် ၊ နန်းပန်ကျေးရွာ ၊ ရွှေထီးကုန်းကျေးရွာ နဲ့ မော်လိုက်ကုန်း ကျေးရွာတွေနားမှာ နစက တပ်နဲ့ PDF တွေကြား တိုက်ပွဲတွေဖြစ်ခဲ့တယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ မေ ၇ ရက်ကနေ ၁၁ ရက်အထိ တမူးမြို့နယ် ၊ မြို့သစ်မြို့နယ်ခွဲ (ဒေသအခေါ် ကဘော်ချိုင့်ဝှမ်း)မှာ နစက အဖွဲ့နဲ့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေ တိုက်ပွဲဖြစ်ပြီး မြို့သစ်မြို့ နယ်မြေရဲစခန်းမှူး ရဲအုပ် ကျော်ကျော်နိုင် ၊ ဒုရဲအုပ် ကျော်ကျော်လွင်နဲ့ ဒုရဲအုပ် မျိုးသန့် အပါအဝင် ရဲတပ်ဖွဲ့ဝင် အယောက် ၂၀ ကျော် လက်နက်ချခဲ့တယ်လို့ ဒေသတွင်း လူမှုကွန်ရက်တွေပေါ်မှာ သတင်းထုတ်ပြန်ထားတာေတွ့ရပါတယ်။
အဲ့ဒီ ကဘော်ချိုင့်ဝှမ်း ဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး တမူးခရိုင် လုံခြုံရေးအဖွဲ့ကို VOM ကဆက်သွယ်ခဲ့ပေမယ့် အခုထိတော့ ဆက်သွယ်မရသေးပါဘူး။
ချင်းပြည်နယ် မြောက်ပိုင်း တွန်းဇံမြို့မှာ နစက တပ်နဲ့ PDF တွေကြား ပြီးခဲ့တဲ့ မေ ၁၅ ရက်ကစလို့ ဒီကနေ့အထိ တိုက်ပွဲတွေဆက်လက်ဖြစ်နေဆဲလို့ သိရပါတယ်။
ဓာတ်ပုံ ၊ မနေ့က မုံရွာ – ပုသိမ်ကားလမ်း PDF စခန်းတခု တိုက်ခိုက်ခံရပုံ (ဒေသခံတဦး)
Related posts
-
ထရန့်-ပူတင် ထိပ်သီးဆွေးနွေးပွဲ ဆော်ဒီနဲ့ ယူအေအီးမှာ ပြုလုပ်ဖွယ်ရှိ
မော်စကို၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတပူတင်တို့အကြား ထိပ်သီးဆွေးနွေးပွဲကို ဆော်ဒီအာရေဗျနဲ့ ယူအေအီးတို့မှာ... -
နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီ (USAID) ကို ပိတ်ဖို့လုပ်နေတယ်လို့ အီလွန်မတ်ပြော
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန် နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီ(USAID) ကို ပိတ်ပစ်ဖို့ လုပ်ဆောင်နေတယ်လို့... -
ကနေဒါနဲ့ မက္ကဆီကိုတို့အပေါ် အမေရိကန်ရဲ့ အခွန်ကောက်ခံမှု ရက် ၃၀ ဆိုင်းငံ့ပေး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ ရတီ(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ အိမ်နီးချင်းနှစ်နိုင်ငံနဲ့ နယ်စပ်လုံခြုံရေး၊ ရာဇဝတ်မှုတိုက်ဖျက်ရေးတွေနဲ့ပတ်သက်ပြီး လိုလျောညီထွေ...