မိုးများပြီး မြဝတီ−ထို့ကော်ကိုးလမ်းပိုင်း ပျက်စီးနေတာကြောင့် ယာဉ်တွေ သွားလာရခက်ခဲပြီး ကုန်သွယ်မှု ကြန့်ကြာနေ

မေ ၂၇ – ၂၀၂၄
SN (VOM)
မိုးရွာသွန်းမှုများလို့ မြဝတီ−ထို့ကော်ကိုးလမ်းပိုင်း ပျက်စီးနေတာကြောင့် ယာဉ်တွေ သွားလာရခက်ခဲနေပြီး ကုန်သွယ်မှုတွေ ကြန့်ကြာနေတယ်လို့ ကုန်သည်တွေနဲ့ ယာဉ်မောင်းတွေဆီက သိရပါတယ်။
ကော့ကရိတ်-မြဝတီ အာရှကုန်သွယ်ရေးလမ်းမကြီးနဲ့ အရင် လမ်းဟောင်း ဒေါနတောင်တက် လမ်းပိုင်းတို့မှာ ဒေသတွင်း စစ်ရေးအခြေအနေတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကစပြီး ပိတ်ထားရတာ ဖြစ်ပါတယ်။
ဒါကြောင့် ကုန်တင်ယာဉ်တွေနဲ့ ခရီးသည်တင်ယာဉ်တွေဟာ မြဝတီမြို့ကို သွားလာနိုင်တဲ့ ထို့ကော်ကိုးလမ်းပိုင်း၊ နယ်ခြားစောင့်တပ် (၁၀၁၈) က ဖောက်လုပ်ထားတဲ့ လမ်းပိုင်း ‌(ဒေသအခေါ် ၁၈ လမ်း) နဲ့ သက္ကတေရွာဘက်မှ ဖောက်လုပ်ထားတဲ့ လမ်းပိုင်း (ဒေသအခေါ် ကြက်ဥတောင်လမ်း) စတဲ့ လမ်းပိုင်း သုံးခုရှိတဲ့အနက် သွားလာရ အလွယ်ကူဆုံးဖြစ်တဲ့ ထို့ကော်ကိုးလမ်းကို အများဆုံးအသုံးပြု သွားလာနေကြတယ်လို့ သိရပါတယ်။
“ထို့ကော်ကိုးလမ်းပိုင်းက ခရီးအကွာအဝေး အနီးဆုံးလည်း ဖြစ်တယ်၊ အကောင်းဆုံးလည်း ဖြစ်တယ်။ ဒါကြောင့် ဒီလမ်းကို ပိုပြီး အသုံးပြုကြတာများတယ်။ မြဝတီကနေဆို အတက်မှာပဲ လမ်းဆိုးတာ။ တောင်အလယ်လောက်ကနေ အဆင်းလမ်း နော်တရာရွာအထိက ကွန်ကရစ်လမ်းပိုင်းဆိုတော့ အဆင်ပြေတယ်။ ဒါပေမယ့် အခု မိုးရွာတော့ မြေသားလမ်းပိုင်း နေရာတွေက ဗွက်ပေါက်ပြီး သွားမရဘူး။ စလစ်ဖြစ်တယ်။ ကားကြီးတွေ တော်တော်များများ မတော်တဆဖြစ်တယ်။ ယာဉ်တွေ ဘီးနစ်တာ၊ ဘေးကို တိမ်းစောင်းပြီး လဲကျတာတွေ၊ ချောက်ထဲ ကျမလိုဖြစ်တာတွေ ခဏခဏ ဖြစ်နေတယ်။ ယာဉ်အသေးတွေကတော့ အဲလိုဖြစ်တာတွေ နည်းတယ်။ ဒီလမ်းပိုင်းက 4 Wheels ပါတဲ့ ကားတွေပဲ ပိုပြီးတော့ သွားလာလို့ အဆင်ပြေတယ်။ လမ်းက တောင်ထိန်းနံရံတွေ မရှိဘူး။ မိုးရွာနေရင် အရမ်းအန္တရာယ်များတယ်” လို့ မြဝတီ-မော်လမြိုင် ခရီးသည်ပို့ဆောင်ရေး ယာဉ်မောင်းတယောက်က ပြောပါတယ်။
ဗွက်ထပြီး သွားလာလို့ မရတာကြောင့် မော်တော်ယာဉ်တွေကို မြေထွန်စက်တွေ၊ ဆင်တွေနဲ့ ဆွဲရတယ်လို့ သိရပြီး မိုးဆက်တိုက်ရွာတဲ့အခါ သွားလာလို့မရဘဲ တနေ့လုံးနီးပါးနဲ့ ညအိပ် စောင့်ဆိုင်းရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
“လမ်းချော်တော့ ကားတွေ ပိတ်ကုန်တာပေါ့။ ဆက်သွားလို့မရတော့လို့ ကုန်တင်ယာဉ်တွေကို ဒီတိုင်း ရပ်ထားရတယ်။ ထို့ကော်ကိုး တောင်အောက်ဂိတ်မှာ အဆင်းကားတွေ အများကြီး တန်းစီ ရပ်စောင့်နေတာ။ ခရီးသည်ကားတွေရော၊ ကုန်ကားတွေရော အများကြီးပဲ။ လမ်းမှာ နှစ်ညလောက် အိပ်ခဲ့ရတယ်။ ထိုင်းကုန်သည်တွေဆီ ပစ္စည်းတွေ အချိန်မီ ဘယ်ပို့နိုင်တော့မလဲ။ လမ်းကောင်းကြီး ရှိနေပါလျက်နဲ့ အခုလို ဆိုးရွားတဲ့လမ်းတွေကို မလွှဲသာလို့ အသုံးပြုနေရတာ အတော်လေးတော့ စိတ်ပျက်မိတယ်” လို့ ကုန်သည်လုပ်ငန်းရှင်တယောက်က ပြောပါတယ်။
အရင် အာရှလမ်းသစ်မှ အသုံးပြု သွားလာရစဉ်က ဒေါနတောင်ကျော်ခရီးမှာ အချိန် ၁ နာရီလောက်သာ ကြာမြင့်တယ်လို့ သိရပါတယ်။
“ကားတွေလည်း တက်မလာရဲလို့ အောက်အရပ်၊ အမြို့မြို့နယ်နယ်က ဘာပစ္စည်းမှ မှာမရဖြစ်ကုန်ပြီ။ ဒေသတွင်း ကုန်စည်စီးဆင်းမှုတွေလည်း ထိခိုက်တယ်။ ကုန်ပစ္စည်းပြတ်ရင် ထုံးစံအတိုင်း ဈေးကတက်မှာ။ ပြည်သူတွေပဲ ခံပြီးရင်းခံကြရမှာ” လို့ မြဝတီဒေသခံတယောက်က ပြောပါတယ်။
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းဖြစ်တဲ့ မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီးတလျှောက် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်မှ စတင်ကာ နစကတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ မဟာမိတ်ပူးပါင်းတပ်တွေ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပြီး အာရှလမ်းမကြီးကို ယာယီ ပိတ်ထားရဆဲဖြစ်တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW