သွေး (စစ်ကိုင်း)
ကျွန်မတို့ နေ့စဉ်သုံးစွဲနေရတဲ့ အိမ်သုံးပစ္စည်းတွေထဲမှာ ပလတ်စတစ်နဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတွေ ပါဝင်နေပါတယ်။ ဈေးဝယ်ရင် ပလတ်စတစ်အိတ်နဲ့ ထည့်ပေးနေတာကနေ ပန်းကန်၊ ရေပုံး၊ ထိုင်ခုံတွေ အထိ ပလတ်စတစ်နဲ့ ပြုလုပ်ထား တဲ့ ပစ္စည်းတွေက နေရာယူနေကြတာပါ။ တစ်ဖက်က စဉ်းစားကြည့်ရင် ဒီပစ္စည်းတွေဟာ အလွယ်တကူ သုံးစွဲနိုင်တာ မှန်ပေမဲ့ ရေရှည်မှာ သဘာဝပတ်ဝန်းကျင် အတွက် ဆိုးကျိုးသက်ရောက်မှုတွေ ဖြစ်စေနိုင်တာကြောင့် လျှော့ချ သုံးစွဲသင့်ပါတယ်။
မုန့်ဟင်းခါးပဲ ဝယ်ဝယ်၊ ဟင်းပဲ ဝယ်ဝယ်၊ ကြက်ဥပဲ ဝယ်ဝယ် ဆိုင်တွေက ကြွပ်ကြွပ်အိတ်လို့ ခေါ်တဲ့ ပလတ်စတစ်အိတ် တွေနဲ့ ထည့်ပေးကြပါတယ်။ ပစ္စည်းတစ်မျိုးဝယ်လို့ ကြွပ်ကြွပ်အိတ် တစ်လုံးရရင် ပစ္စည်း ၁၀ မျိုးဝယ်ရင် ကြွပ်ကြွပ်အိတ် ၁၀ အိတ်ရလာမှာ ဖြစ်ပါတယ်။ တစ်နေ့ကို ကြွပ်ကြွပ်အိတ် ၁၀ အိတ်နှုန်းနဲ့ တွက်ကြည့်ရင် တစ်လမှာ ကြွပ်ကြွပ်အိတ် ၃၀၀ ထိ ဖြစ်သွားမှာပါ။ ဒီကြွပ်ကြွပ်အိတ်တွေဟာ ငှက်ပျောဖက်တွေ၊ အင်ဖက်တွေလို အချိန်တိုအတွင်း မဆွေးမြည့်နိုင် တဲ့ အတွက် သဘာဝပတ်ဝန်းကျင် အပေါ် သက်ရောက်မှု ကြီးမားတာ မမေ့စေချင်ပါဘူး။
အခုဆိုရင် မိုးရာသီရောက်ရှိလာပြီ ဖြစ်လို့ မိုးများများရွာချလိုက်ရင် မြို့ကြီးတွေမှာ ရေကြီးရေလျှံတွေနဲ့ တွေ့ကြုံရလေ့ ရှိပါတယ်။ အဲဒီလို ဖြစ်ရတာရဲ့ အဓိက အကြောင်းရင်းက ရေမြောင်းတွေထဲမှာ အမှိုက်သရိုက်တွေ ပိတ်ဆို့နေတာကနေ ရေစီးရေလာ မကောင်းတာကြောင့်ပါ။ ရေမြောင်းတွေဟာ အမှိုက်ပစ်ချစရာ နေရာမဟုတ်မှန်း လူတိုင်းသိကြပေမဲ့ စည်းကမ်းပျက်နေသူတွေက အမှိုက်တွေ၊ ကြွပ်ကြွပ်အိတ်တွေ၊ ရေသန့်ဘူးခွံတွေ၊ ဖော့ဘူးခွံတွေကို ရေမြောင်းတွေထဲ ပစ်ချကြတာကြောင့် ရေမြောင်းပိတ်ဆို့ရတာပါ။ ဒီလို စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုဟာ သဘာဝပတ်ဝန်းကျင် ထိခိုက်အောင် ပြုလုပ်မိနေတာပါပဲ။
စားစရာတွေကို ကြွပ်ကြွပ်အိတ်နဲ့ ထည့်ယူလာတယ် ဆိုရင်တောင် အိမ်ရောက်တဲ့ အခါ စတီးချိုင့်၊ ကြွေပန်းကန်တွေထဲ ပြန်ထည့်ပြီးမှ စားသုံးသင့်ပါတယ်။ ပလတ်စတစ်မှာပါဝင်တဲ့ “စတိုင်ရင်း” နဲ့ “ဒိုင်အောက်ဇင်း” ဓာတ်တွေက အစားအစာနဲ့ ဓာတ်ပြုသွားပါတယ်။ ဒီဓာတ်ပြုအစားအသောက်ကို ကြာရှည်စားသုံးမိတဲ့အခါ ‘ကင်ဆာ’ အပါအဝင် မောပန်းနွမ်းနယ်မှု၊ အာရုံစူးစိုက်မှုဆိုင်ရာ ပြဿနာတွေ ဖြစ်စေနိုင်လို့ပါပဲ။ ပူနွေးတဲ့ အစားအသောက်တွေ ဖြစ်တဲ့ ခေါက်ဆွဲကြော်၊ ထမင်းကြော်တွေကို ပလတ်စတစ်အိတ်နဲ့ ထည့်ယူအသုံးပြုတာထက် အခြားသော ထုပ်ပိုးပစ္စည်း ဖြစ်တဲ့ စက္ကူဘူးတွေ၊ ငှက်ပျောရွက်တွေကို အသုံးပြုသင့်ပါတယ်။
ကျွန်မတို့ ငယ်စဉ်က ဈေးဝယ်မယ် ဆိုရင် ဈေးခြင်းတောင်းလေး ယူသွားရလေ့ရှိပါတယ်။ ဈေးခြင်းတောင်း သယ်သွားရတာ ဝန်ပိုတယ်လို့ ထင်ရပေမဲ့ စွန့်ပစ်ပစ္စည်းတွေနည်းပါးစေပြီး အမှိုက်သရိုက် ထွက်ရှိမှုကို လျော့နည်း စေတာကြောင့် ကောင်းမွန်တဲ့ အစီအမံတစ်ခုပါ။ ဈေးသည်တွေကလည်း အခုခေတ်မှာလို ပလတ်စတစ်တွေ မသုံးကြဘဲ အင်ဖက်တွေ၊ စက္ကူတွေနဲ့ ထုပ်ပိုးပေးတဲ့ အတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေတာကြောင့် အဆင်ပြေပါတယ်။ လက်ဖက်ရည်ဝယ်မယ် ဆိုရင်လည်း အိမ်ကနေ ချိုင့်တစ်လုံးယူသွားရတာ မှတ်မိနေပါတယ်။ လက်ရှိကာလမှာတော့ ရေသောက်ရင်လည်း တစ်ခါသုံး ပလတ်စတစ်ရေခွက်၊ ရေခဲမုန့်ဝယ်စားရင်လည်း တစ်ခါသုံး ပလတ်စတစ်ဇွန်း၊ အအေး သောက်ရင်လည်း တစ်ခါသုံး ပလတ်စတစ်ပိုက်တွေနဲ့ ဆိုတော့ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေ များသည်ထက် များလာစေပါတော့တယ်။
နှစ်စဉ်နှစ်တိုင်း မေ ၂၅ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ပလတ်စတစ်ကင်းစင်ရေးနေ့ အဖြစ် သတ်မှတ်ထားပါတယ်။ ကမ္ဘာတဝှမ်း အတိုင်းအတာအရ ကြည့်ရင် ပလတ်စတစ် တန်ချိန်သန်းပေါင်း ၃၉၀ ကျော်အထိ ထုတ်လုပ်သုံးစွဲနေတယ် လို့ သိရပါတယ်။ ပလတ်စတစ်အိတ်တွေ၊ ပလတ်စတစ်ပုလင်းခွံ ဘူးခွံတွေဟာ ကမ္ဘာ့မြေထုကိုသာမက ကမ္ဘာ့ရေထုကိုပါ ထိခိုက်စေပါတယ်။ ရေနေသတ္တဝါတွေက ပလတ်စတစ်စတွေကို သူတို့ရဲ့ အစာထင်မှတ်ပြီး ဟပ်မျိုမိကြပြီး သေဆုံးရတဲ့ အဖြစ်တွေလည်း အများအပြား ရှိနေပါတယ်။
နှစ်ရာချီကြာတဲ့ အထိ ဆွေးမြည့်ဖို့ မလွယ်တဲ့ ပလတ်စတစ်အိတ်တွေကြောင့် မြေဆီလွှာကိုလည်း ထိခိုက်စေပါတယ်။ လူတိုင်းဟာ ကုန်းလမ်းခရီးသွားရင်ပဲ ဖြစ်ဖြစ်၊ ရေလမ်းခရီးသွားရင်ပဲ ဖြစ်ဖြစ်၊ ကမ်းခြေမှာ အနားယူတဲ့အခါပဲ ဖြစ်ဖြစ် မိမိတို့ အသုံးပြုခဲ့တဲ့ ကြွပ်ကြွပ်အိတ်တွေ ရေသန့်ဘူးခွံတွေကို အမှုမဲ့ အမှတ်မဲ့ စွန့်ပစ်တာမျိုး မလုပ်ဘဲ အမှိုက်ပုံးတွေမှာပဲ စနစ်တကျစွန့်ပစ်ဖို့ လိုပါတယ်။ ဒါအပြင် ကြွပ်ကြွပ်အိတ်တွေကို အမှိုက်နဲ့ရောပြီး မီးရှို့တာမျိုးလည်း ရှောင်ကြဉ်ရမှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ မီးရှို့လို့ ထွက်ပေါ်လာတဲ့ မီးခိုးငွေ့တွေနဲ့ အတူ ကျန်းမာရေးကို ထိခိုက်စေတဲ့ ဓာတ်ငွေ့တွေ ပါဝင်နေလို့ပဲ။ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ၊ ပန်းနာရင်ကျပ်ရောဂါနဲ့ အဆုတ်ကင်ဆာ ရောဂါတွေ ဖြစ်စေနိုင်တာ သတိပြုရပါမယ်။
အမေရိကန် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအေဂျင်စီ (EPA) ရဲ့ epa.gov မှာ ဖော်ပြထားတဲ့ထဲက ကောက်နုတ် ဖော်ပြရရင် ပလတ်စတစ် ညစ်ညမ်းမှု (Plastic Pollution) က လူသားတွေနဲ့ သဘာဝပတ်ဝန်းကျင် အပေါ် ထိခိုက်စေမှုတွေ ပိုမိုဖြစ်လာနေတယ် လို့ ဆိုပါတယ်။ သုတေသနပြုချက်တွေ အရ ပလတ်စတစ်ပစ္စည်းတွေက ဆွေးမြည့်ဖို့ နှစ် ၁၀၀ ကနေ ၁,၀၀၀ အထိကြာနိုင်တယ်၊ ‘မိုက်ခရိုပလတ်စတစ်’ တွေဟာ အလွန်သေးငယ်တဲ့ ပလတ်စတစ် အမှုန်လေးတွေ ဖြစ်ပြီး လူအပါအဝင် သက်ရှိသတ္တဝါတွေကိုသာမက ဟင်းသီးဟင်းရွက်နဲ့ သီးပင် စားပင်တွေကိုလည်း ဆိုးကျိုးသက်ရောက်မှုတွေ ဖြစ်စေတယ်၊ ဒါအပြင် ပလတ်စတစ်အခြေခံ ထုတ်လုပ်တဲ့ ထုတ်ကုန်ပစ္စည်းတွေဟာ ကမ္ဘာကြိး ပူနွေးမှုကို ဖြစ်စေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု ပမာဏရဲ့ (၃ ဒသမ ၄) ရာခိုင်နှုန်းအထိ ထုတ်လွှတ်တယ်။ တကယ်လို့ လူသားတွေဟာ ပလတ်စတစ်သုံးစွဲမှု အလေ့ထကို လျှော့ချနိုင်ခြင်း မရှိရင် ၂၀၆၀ ပြည့်နှစ်မှာ အဲဒီပမာဏရဲ့ ၂ ဆ ဖြစ်လာနိုင်တယ် လို့ သိရပါတယ်။
စောစောက ပြောခဲ့တဲ့ ‘မိုက်ခရိုပလတ်စတစ်’ အမှုန်လေးတွေဟာ လူတွေရဲ့ အသည်း၊ ကျောက်ကပ်၊ ကိုယ်ဝန်ဆောင် မိခင်တို့ရဲ့ အချင်းထဲအထိ ရောက်ရှိနိုင်ကြောင်း ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ်က သတိပေးထားပါတယ်။ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေရဲ့သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်စေမှုနဲ့ ပတ်သက်ပြီး ရေးသားတင်ပြပေးနေတဲ့ Thant Myanmar ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာလည်း အခုလို တင်ပြထား ပါတယ်။
“မကြာသေးခင် နှစ်များအတွင်း လေ့လာတွေ့ရှိမှုများအရ သဘာဝပတ်ဝန်းကျင်ထဲရော လူ့ကိုယ်ခန္ဓာထဲပါ မိုက်ခရို ပလတ်စတစ်တွေ ဝင်ရောက်မှုကို တွေ့လာကြပါတယ်။ ယခုလတ်တလော တွေ့ရှိမှု တစ်ခုအရ ကိုယ်ဝန်ဆောင် အမျိုးသမီးများရဲ့ အချင်း ၆၂ ခုကို စမ်းသပ်လေ့လာခဲ့ရာမှာ အားလုံးမှာ မိုက်ခရိုပလတ်စတစ်တွေ ပါဝင်နေတာ တွေ့ခဲ့ရပါတယ်။ ဒီအချင်းတွေထဲမှာ တွေ့ရတာက ပလတ်စတစ်အိတ်နဲ့ ပလတ်စတစ်ဘူးတွေလို အသုံးများတဲ့ ပလတ်စတစ်တွေမှာ တွေ့နိုင်တဲ့ Polyethylene ဆိုတဲ့ မိုက်ခရိုပလတ်စတစ်အမျိုးအစား ပါဝင်နေ ပါတယ်”
ဒါကြောင့် ပလတ်စတစ်ရဲ့ ကျန်းမာရေးဆိုးကျိုးတွေကို ပေါ့ပေါ့တန်တန် သဘောမထားသင့်ပါဘူး။ ပလတ်စတစ် အသုံးပြုမှုကို မဖြစ်မနေ လျှော့ချသုံးစွဲမှသာ ကျန်းမာရေး အတွက်ရော သဘာဝပတ်ဝန်းကျင်အတွက်ရော ကောင်းမွန်စေမှာပါ။ ဈေးဝယ်ရာမှာ ပြန်လည် အသုံးပြုလို့ရတဲ့ အိတ်တွေကို အသုံးပြုသင့်ပါတယ်။ ဖြစ်နိုင်ရင် ဟိုအရင်ကလို ငှက်ပျောဖက်၊ အင်ဖက်နဲ့ စက္ကူတွေ သုံးပြီး ထုပ်ပိုးသင့်ပါတယ်။ တစ်ခါသုံး ပလတ်စတစ် ခွက်/ ဇွန်း/ ပိုက်/ ပန်းကန်/ ရေဘူး/ အိတ်တွေ မသုံးဘဲ ဖန်ခွက်၊ ကြွေခွက်တွေ ပိုမိုအသုံးပြုသင့်ပါတယ်။ နေ့စဉ်သောက်သုံးနေတဲ့ ရေကို ပလတ်စတစ်ဘူးတွေထဲ မထည့်ဘဲ မြေရေအိုးထဲ ထည့်ပြီး သောက်သုံးတာက ပိုကောင်းမွန်ပါတယ်။ ပူနွေးတဲ့ အစားအသောက်တွေ့ထည့်ဖို့ ဆိုရင်လည်း ပလတ်စတစ်ဘူးတွေ ဖော့ဘူးတွေ မသုံးဘဲ စက္ကူဘူး၊ ကွမ်းဖတ်ဘူးတွေ သုံးမယ် ဆိုရင် အလွယ်တကူ ဓာတ်ပြုပြီး ကျန်းမာရေး ဆိုးကျိုးဖြစ်စေမှုကို ရှောင်ရှားနိုင်မှာ ဖြစ်သလို စွန့်ပစ်တဲ့ အခါမှာလည်း အလွယ်တကူ ဆွေးမြည့်နိုင်ပါတယ်။
လူတစ်ဦးတစ်ယောက်ချင်းစီ အနေနဲ့ ပလတ်စတစ် ညစ်ညမ်းမှု တိုက်ဖျက်ရေးမှာ နိုးကြားအသိနဲ့ ပါဝင်ကြရမှာပါ။ ပလတ်စတစ် အခြေခံထုတ်လုပ်တဲ့ ထုပ်ပိုးပစ္စည်းနဲ့ လူသုံးပစ္စည်းတွေကို မဖြစ်မနေ လျှော့သုံးဖို့၊ သုံးစွဲပြီးရင်လည်း စနစ်တကျ စွန့်ပစ်ဖို့၊ ပြန်လည်အသုံးပြုနိုင်တဲ့ အိတ်နဲ့ ထုပ်ပိုးပစ္စည်းတွေ အသုံးပြုဖို့ လူတိုင်း လူတိုင်း အတတ်နိုင်ဆုံး ကြိုးစားရမှာ ဖြစ်ပါကြောင်း တိုက်တွန်းလိုက်ရပါတယ်။
သွေး (စစ်ကိုင်း)
#voiceofmyanmar #VOM #သွေး(စစ်ကိုင်း) #ပလတ်စတစ်ညစ်ညမ်းမှုရဲ့ဆိုးကျိုးတွေကိုသတိပြုပါ