စနစ်သစ် တက္ကသိုလ်ဝင်စာမေးပွဲ စနစ်ဟောင်းထက် အောင်ချက် ၁၀ ရာခိုင်နှုန်း လျော့ကျ

 

ဇွန် ၁၁ – ၂၀၂၄
SN (VOM)

စနစ်သစ်နဲ့ ပထမဆုံး သင်ကြားဖြေဆိုခဲ့တဲ့ Grade 12 တက္ကသိုလ်ဝင်စာမေးပွဲ စနစ်ဟောင်းထက် အောင်ချက် ၁၀ ရာခိုင်နှုန်း လျော့ကျခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

ဌာန‌အနေနဲ့ ဒီကနေ့ ဇွန်လ ၁၁ ရက်၊ မနက်ပိုင်းက ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ် Grade 12 တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ထုတ်ပြန် ကြေညာခဲ့တာဖြစ်ပြီး အထူး အစီအစဉ်တရပ်အဖြစ် ထပ်မံကျင်းပပေးခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကိုပါ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အခုနှစ်မှာ တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ အောင်ချက် ရာခိုင်နှုန်း ၅၇ ဒသမ ၉၀ ရှိကာ ပြီးခဲ့တဲ့ ၂၀၂၂ – ၂၀၂၃ စနစ်ဟောင်းမှာတော့ အောင်ချက် ရာခိုင်နှုန်း ၆၇ ဒသမ ၈၇ ရှိခဲ့တဲ့အတွက် အောင်ချက် ၁၀ ရာခိုင်နှုန်း လျော့ကျခဲ့တယ်လို့ သိရပါတယ်။

“ဒီနှစ်က စနစ်သစ်ဆိုတော့ ဖြေရတာ ခက်တယ်ထင်တယ်။ ဒါပေမယ့် အခု စာရင်းထွက်လာတော့လည်း ပြီးခဲ့တဲ့နှစ်ကထက် အများကြီးတော့ လျော့မသွားဘူး။ အောင်ချက်တွေ ကောင်းတယ်ပြောရမယ်။ တွဲဘက်ကျောင်းတွေလည်း ရာခိုင်နှုန်းတွေကောင်းကြတယ်” လို့ ပညာရေးဌာနနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

ဒီနှစ်မှာ တနိုင်ငံလုံး အမှတ်အများဆုံးအနေနဲ့ သိပ္ပံတွဲ ၁၁ ယောက်၊ ဝိပ္ပံတွဲ ၁၀ ယောက်၊ ဝိဇ္ဇာတွဲ ၁၀ ယောက်၊ စုစုပေါင်း ၃၁ ယောက် ရှိတယ်လို့ သိရပါတယ်။

ဒါအပြင် အခုနှစ် စာမေးပွဲကို အင်းစိန်ဗဟိုအကျဥ်းထောင်မှ
အကျဥ်းသား၊ အကျဉ်းသူ ခုနစ်ယောက် ဝင်ရောက်ဖြေဆိုခဲ့တာမှာ လေးဘာသာ ဂုဏ်ထူးနဲ့ တယောက်၊ သုံးဘာသာဂုဏ်ထူးနဲ့ လေးယောက်၊ နှစ်ဘာသာဂုဏ်ထူးနဲ့ နှစ်ယောက်၊ စုစုပေါင်း ခုနစ်ယောက်လုံး ၁၀၀ ရာခိုင်နှုန်း ဖြေဆို အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

အောင်မြင်ခဲ့တဲ့ ခုနစ်ယောက်အနက် တယောက်မှာ ဝိဇ္ဇာဘာသာတွဲနဲ့ မြန်မာတနိုင်ငံလုံး တတိယ အမှတ်အများဆုံးလို့ သိရပါတယ်။

အရင်က Grade 12 တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို အဆင့် A,B,C,D သတ်မှတ်ကာ ပြောင်းလဲ ထုတ်ပြန်မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် လက်ရှိမှာတော့ ပြီးခဲ့တဲ့နှစ်တွေက ပုံစံအတိုင်း အောင်စာရင်း ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

“အခုက တပြည်လုံး ၁၀ တန်းအောင်စာရင်းလို့ ပြောလို့ရတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်က Grade 12 သမားတွေကို အောင်စာရင်း ထွက်တာပါ။ မအောင်ရင် Grade 12 ပြန်တက်ရမှာ။ အခု အောင်တဲ့သူတွေကတော့ နောက် တဖြည်းဖြည်းကျမှ ဝင်ခွင့်ပြန်ဖြေရမယ့်သဘောရှိတယ်။ ဝင်‌ခွင့်တွေကတော့ ဘယ်လိုလာဦးမလဲမသိဘူး။ လောလောဆယ်တော့ အောင်စာရင်းကို ၁၀ တန်းပုံစံကြီး ထွက်ပေးလိုက်တော့ အကုန်လုံးက မျက်စိလည်နေတယ်။ တကယ်ဆို A တို့ B တို့ ထွက်မယ်‌ထင်နေတာ မဟုတ်ဘူး။ အခုက အမှတ်စာရင်းတွေတောင် ထွက်နေပြီ။ အရင်ဆို ‌အမှတ်စာရင်းက နောက်မှ သိရတာလေ” လို့ ပညာရေးဝန်ထမ်းတယောက်က ပြောပါတယ်။

ပညာရေးဌာနအနေနဲ့ စနစ်သစ်ပညာရေးမှာ စနစ်ဟောင်းတုန်းကလို စာမေးပွဲရလဒ်ကို ဘာသာရပ် တခုချင်းစီအလိုက် အမှတ်တွေပေးပြီး အအောင်/အရှုံး သတ်မှတ်မှာ မဟုတ်တော့ဘဲ Grade A, Grade B, Grade C, Grade D ဆိုပြီး အဆင့် လေးဆင့်ခွဲပြီး ကြေညာပေးမှာဖြစ်တယ်လို့ ကနဦး ကြေညာထားတာ ဖြစ်ပါတယ်။

ဘာသာစုံ A ဆို A အဆင့်၊ သုံးဘာသာ A ကျန်သုံးဘာသာ B ဆို A အဆင့်၊ ဘာသာစုံ B ဆို B အဆင့်၊ သုံးဘာသာ B ကျန်သုံးဘာသာ C ဆို B အဆင့်၊ ဘာသာစုံ C ဆို C အဆင့်၊ ငါးဘာသာ A ကျန်တဘာသာ D ဆို B အဆင့်၊ သုံး၊ လေးဘာသာ C ကျန်ဘာသာ D ဆို C အဆင့်၊ ဘာသာစုံ D ဆိုရင်တော့ D အဆင့်နဲ့ စာမေးပွဲ ကျတာလို့ သိရပါတယ်။

တက္ကသိုလ်လျှောက်တဲ့အခါမှာလည်း ကိုယ်လျှောက်ချင်တဲ့ တက္ကသိုလ်က ကိုယ့်ရဲ့ Grade တွေကို ကြည့်ပြီးမှ ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့် ပြု/မပြုကို စစ်ဆေးဦးမှာဖြစ်သလို ဝင်ခွင့် ဖြေဆိုခွင့်ရပြီဆိုရင်လည်း အဲဒီ စာမေးပွဲကို အောင်မြင်မှသာ ကိုယ်ရွေးချယ်ထားတဲ့တက္ကသိုလ်ကို တက်ရောက်ခွင့်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကတော့ အခုနှစ်မှာတော့ အကြောင်းကြောင့် စာမေးပွဲမဖြေလိုက်ရသူတွေကို စာမေးပွဲဖြေဆိုဖို့ ထပ်မံအခွင့်အရေး ပေးခဲ့တဲ့အတွက် အောင်စာရင်းရလဒ်တွေကို အခြေအနေပေါ်မူတည်ပြီး ထုတ်ပြန်ခဲ့တာလို့ ပြောဆိုထားပါတယ်။

#voiceofmyanmar #VOM #စနစ်သစ် #တက္ကသိုလ်ဝင်စာမေးပွဲ #အောင်စာရင်း

Related posts

Leave a Comment

VOM News

FREE
VIEW