အလုံမှာ လူငယ် အမျိုးသားတယောက် ခြောက်လွှာတိုက်ပေါ်က ခုန်ချ သေဆုံးမှုဖြစ်ပွား

 

ဇွန် ၁၁ – ၂၀၂၄
SN (VOM)

ရန်ကုန်တိုင်း၊ အလုံမြို့နယ်မှာ ဒီကနေ့ ဇွန် ၁၁ ရက်၊ မနက်ပိုင်းက လူငယ် အမျိုးသားတယောက် ခြောက်လွှာတိုက်ပေါ်ကနေ ခုန်ချ သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သံဝေဂ လူမှုကူညီရေးအသင်းမှ သိရပါတယ်။

အဲဒီ ဖြစ်စဉ်ဟာ အလုံမြို့နယ်၊ စောရန်ပိုင်တောင်ရပ်ကွက်၊ ငုဝါလမ်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပေါ်က ခုန်ချ သေဆုံးခဲ့သူဟာ အသက် ၂၃ နှစ်အရွယ် လူငယ်အမျိုးသားတယောက် ဖြစ်တယ်လို့ သိရပါတယ်။

“အခင်းဖြစ်နေရာကို ကျွန်တော်တို့ ရောက်သွားတော့ ခုန်ချတဲ့လူက အသက်မရှိတော့ဘူး။ နေရာမှာတင် သေနေပြီ။ ဘာ့ကြောင့် ခုန်ချလဲတော့ မသိရဘူးပေါ့။ သူ့အိမ်ကတော့ မနက် ၉ နာရီ၊ မိနစ် ၄၀ မှာ ကျတယ် ပြောတာပဲ” လို့ သံဝေဂ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

လက်ရှိမှာ သေဆုံးသွားသူရဲ့ ရုပ်အလောင်းကို သံဝေဂ လူမှုကူညီရေးအသင်းယာဉ်နဲ့ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၁၂ ရက်ကလည်း မန္တလေးတိုင်း၊ မိတ္ထီလာမြို့ရှိ ကိုယ်ပိုင်ဘာသာရပ်သင်ကျောင်းရဲ့ သုံးထပ်တိုက်ပေါ်ကနေ Grade 12 ကျောင်းသူတယောက် ခုန်ချ သေဆုံးမှု ဖြစ်ပွားခဲ့ပါသေးတယ်။

အဲဒီလိုပဲ ဇန်နဝါရီ ၁၀ ရက်ကလည်း ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ၄၂ ရပ်ကွက်၊ ဗိုလ်မင်းရောင်အိမ်ရာရှိ အထပ်မြင့်တိုက် ရှစ်လွှာပေါ်ကနေ အသက် ၄၂ နှစ်ဝန်းကျင်အရွယ် အမျိုးသားတယောက် ခုန်ချခဲ့ပြီး ပွဲချင်းပြီးသေဆုံးမှု ဖြစ်ပွားခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #အလုံ #လူငယ် #အမျိုးသား #ခြောက်လွှာ #ခုန်ချ #သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW