ကော့ကရိတ်မှာ အမျိုးသားနှစ်ယောက်ဆိုင်ကယ်စီးတာနဲ့ ဘေးလွယ်အိတ်လွယ်တာ တားမြစ်

 

ဇွန် ၁၄ – ၂၀၂၄
GG (VOM)

စစ်ရှောင်တွေ နေရပ်ပြန်လာတာ တလကျော်သာရှိသေးတဲ့ ကော့ကရိတ်မြို့မှာ အမျိုးသားနှစ်ယောက်ဆိုင်ကယ်မစီးဖို့နဲ့ ဆိုင်ကယ်စီးရင်း ဘေးလွယ်အိတ် မလွယ်ဖို့
မြို့နယ်ထွေအုပ်က ဒေသန္တရအမိန့်ထုတ်ပြန်ကာ တားမြစ်လိုက်တယ်လိုက်တယ်လို့သိရပါတယ်။

မနေ့က ဇွန်လ ၁၃ ရက်နေ့ကစပြီး တားမြစ်ကန့်သတ်လိုက်တာဖြစ်ပြီး ဆိုင်ကယ်ကို အသံကျယ်လောင်တဲ့ ပါဝါအိတ်ဇောပိုက် တပ်ဆင်မောင်းနှင်အသုံးပြုခြင်း၊ အိတ်ဇောပိုက်ဖြုတ်ပြီး အသံ ကျယ်လောင်စွာ မောင်းနင်အသုံးပြုခြင်းကိုပါ တားမြစ်ထားတယ်လို့သိရပါတယ်။

” မြို့ထဲတော့ လိုက်ပြီးအော်တာအသိပေးတာတော့မရှိသေးဘူး၊ ထွေအုပ်ကတော့စာထုတ်တာပဲသိရတယ်။ခုမနက်အထိတော့ ယောကျ်ားလေးနှစ်ယောက် ဆိုင်ကယ် စီးနေတာရော၊သုံးယောက်ရောတွေ့တယ်၊ မသိကြသေးတာဖြစ်မယ်၊ မြို့ထဲတော့စစ်ဆေးတာမရှိဘူး၊မြို့အဝင်မှာတော့ စာရင်းပေးရတယ်၊စာရင်းယူတယ် ” လို့ ကော့ကရိတ်မြို့ခံတယောက်ကပြောပါတယ်။

အဆိုပါ တားမြစ်ချက်တွေ ကို ဖောက်ဖျက်ကျူးလွန်ပါက တည်ဆဲဥပဒေအရ ပြင်းထန်စွာအရေး ယူခြင်းခံရမှာဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်ထားတယ်လို့သိရ ပါတယ်။

ကော့ကရိတ်မြို့နယ်အတွင်း
အကြမ်းဖက်အဖွဲ့အစည်းတွေ ဝင်ရောက်နှောက်ယှက်ခြင်းနဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေ မပေါ်ပေါက်စေဖို့အတွက် ခုလိုဒေသန္တရအမိန့်ထုတ်ပြန်ကာ တားမြစ်တာဖြစ်တယ်လို့သိရပါတယ်။

ကော့ကရိတ်မြို့ပေါ်မှာ စစ်ဆေးမှုတွေပြုလုပ်တာမရှိပေမယ့် မြို့အဝင်အထွက်မှာတော့ စစ်ဆေးမှုရှိပြီး စာရင်းကောက်ယူမှုရှိကြောင်း၊ တိုက်ပွဲအကြား ထိခိုက်ပျက်စီးခဲ့ရတဲ့ နေအိမ်တွေကတော့ခုချိန်ထိပြန်လည်တည်ထောင်ရေးမလုပ်နိုင်သေးဘူးလို့သိရပါတယ်။

ကော့ကရိတ်မြို့နယ်မှာ ၂၀၂၃ ခုနှစ်ဒီဇင်ဘာလ ၁ ရက်ကစပြီး ဧပြီလအစအလောက်ထိ တိုက်ပွဲတွေဖြစ်ပွားခဲ့ကာ အဲ့ဒီနောက်မှာတော့ တိုက်ပွဲတွေမရှိတော့တဲ့အတွက် ဧပြီ လကုန်ပိုင်းလောက်မှာ စစ်ရှောင်တွေဟာ ကော့ကရိတ်မြို့ကို နေရပ်ပြန်လာကြတာဖြစ်​ကြောင်း၊ လက်ရှိအထိဆိုရင် ကော့ကရိတ်ကို နေရပ်ပြန်လာတဲ့စစ်ရှောင်အများအပြားရှိနေပြီဖြစ်တယ် လို့သိရပါတယ်။

မကွေးတိုင်းထဲက မကွေး၊ ပခုက္ကူ၊အောင်လံမြို့၊ တောင်တွင်းကြီး မြို့နယ်တွေမှာလည်း Mask တပ်သွားလာခြင်း မပြုလုပ်ဖို​့၊ လက်နက်နဲ့ခဲယမ်း ထည့်လို့ရတဲ့ လွယ်အိတ် လွယ်ပြီး အပြင်ထွက်သွားလာခြင်းမလုပ်ဖို့ တားမြစ်ကြောင်း သက်ဆိုင်ရာ မြို့နယ်ထွေအုပ်တွေက ပြီးခဲ့တဲ့ မေလဒုတိယပတ်မှာစာထုတ် အသိပေး ခဲ့ပါတယ်။

photo – ဒေါနခရီးသွားဧည့်သည်

#Voiceofmyanmar #vom #ကော့ကရိတ် #ဆိုင်ကယ် #အမျိုးသားနှစ်ယောက်စီးခွင့် #တားမြစ်

Related posts

Leave a Comment

VOM News

FREE
VIEW