မောင်တောမြို့ခံတွေ ထွက်ခွာဖို့ AA သတိပေးထုတ်ပြန်ပေမယ့် ရှောင်တိမ်းဖို့ အခက်အခဲတွေရှိ

 

ဇွန် ၁၇ – ၂၀၂၄
SN (VOM)

ရခိုင်ပြည်နယ်၊ မောင်တောမှာ မြို့သိမ်းတိုက်ပွဲ စတင်တော့မှာဖြစ်လို့ ဒေသခံတွေ မနေ့ ဇွန် ၁၆ ရက် ညမှစတင်ကာ ချက်ချင်းထွက်ခွာကြဖို့ ရက္ခိုင့်တပ်တော် (AA) က အသိပေး ထုတ်ပြန်ထားပေမယ့် မြို့ကနေတိမ်းရှောင်ဖို့ အခက်အခဲတွေရှိကြောင်း ဒေသခံတွေက ပြောပါတယ်။

AA က မနေ့ည ၉ နာရီမှာ အသိပေးချက် ထုတ်ပြန်ခဲ့တာဖြစ်ပြီး လက်ရှိမှာ မောင်တောမြို့က လက်ကျန်စခန်းတွေကို တိုက်ခိုက်တော့မှာဖြစ်တဲ့အတွက် ဒေသခံတွေအနေနဲ့ လမ်းမ၊ နေအိမ်အတွင်း နစက က ခုခံစစ်ပြင်ထားတဲ့ နေရာတွေ၊ အဆောက်အအုံတွေပေါ်ရှိ စနိုက်ပါပစ်နိုင်ဖို့ ပြုလုပ်ထားတဲ့ နေရာတွေနဲ့ နစကတပ်ဖွဲ့ဝင်တွေရှိရာ နေရာတွေမှာ ပူးတွဲနေထိုင်ခြင်း မရှိစေဖို့ သတိပေးထားပါတယ်။

“AA က မြို့ကနေ ထွက်ခွာဖို့ သတိပေးထားပေမယ့် အာဏာပိုင်တွေဘက်က မြို့ကို ပိတ်ဆို့ထားတယ်။ မြို့ခံတွေ ဘယ်မှသွားလို့မရ ဖြစ်နေတယ်။ မြို့ထဲမှာ နေ့ချင်းညချင်း တိုက်ပွဲဖြစ်လာမယ့် အလားအလာများနေတော့ မြို့ကလူတွေကတော့ အမြန်ဆုံး တိမ်းရှောင်ချင်နေကြတာပေါ့။ ဒါပေမယ့် အပြင်ထွက်ဖို့၊ တခြားမြို့တွေကို တိမ်းရှောင်နိုင်ဖို့ နေနေသာသာ မြို့ထဲမှာတောင် သွားလာခွင့်တောင်ခက်ခဲနေတယ်။ တံတားတွေလည်း ဖျက်စီးခံထားတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

မောင်တောမြို့မှာ ပိတ်မိနေကြတဲ့ ပြည်သူတွေဟာ ကုန်စည်ပြတ်လပ်ကာ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်နေမှုကြောင့် စားဝတ်နေရေးအခက်အခဲနဲ့ ကြုံတွေ့နေကြရတယ်လို့ သူက ပြောပါတယ်။

မနေ့ညက ထုတ်ပြန်တဲ့ AA ရဲ့ ကြေညာချက်မှာတော့ ကျေးလက်ဒေသရှိ တပ်စခန်းတွေ အားလုံးကို သိမ်းပိုက်ထားနိုင်ချိန်မှာ မောင်တောမြို့ပေါ်ရှိ နစကရဲ့ လက်ကျန် တပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်တော့မယ်လို့ အရေးပေါ် အသိပေးလာတာဖြစ်ပါတယ်။

နစကအနေနဲ့ မောင်တောမြို့ကို စစ်စခန်းတွေသဖွယ် အသုံးပြုပြီး မြို့ပြစစ်ဆင်ရေးပြုလုပ်ဖို့ ကြိုတင် ပြင်ဆင်ထားတာဟာ ကာလအတန်ကြာမြင့်ခဲ့ပြီ ဖြစ်တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ မောင်တောမြို့ပြီးရင် နစကတပ်ရဲ့ ဒုတိယ စစ်အင်အား အများဆုံးရှိတဲ့ ဘူးသီးတောင်မြို့ကို ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့မှာ သိမ်းပိုက်ထားပြီး ဖြစ်တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

ဒါအပြင် ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရမ်းဗြဲ အပါအဝင် ရခိုင်နဲ့ ထိစပ်နေတဲ့ ပလက်ဝဒေသတို့ကိုလည်း AA က သိမ်းပိုက်ထားပြီး ဖြစ်တယ်လို့ ကြေညာထားပါတယ်။

ရခိုင်တိုက်ပွဲ ခုနစ်လကျော်ကာလအတွင်း AA အနေနဲ့ နစကတပ်စခန်း အများအပြားနဲ့ မြို့နယ် ၁၀ ခုအထိ ထိန်းချုပ်ထားပြီးဖြစ်သလို လက်ရှိမှာ မောင်တောမြို့ကိုပါ သိမ်းပိုက်နိုင်ဖို့ ကြိုးပမ်းနေပြီး အမ်း၊ သံတွဲအပြင် တောင်ကုတ်၊ ကျောက်ဖြူအထိ စစ်မျက်နှာဖွင့် ထိုးစစ်ဆင်လျက်ရှိတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

Photo:CJ

#voiceofmyanmar #VOM #မောင်တော #မြို့သိမ်းတိုက်ပွဲ #ဒေသခံတွေ #ထွက်ခွာမရ

Related posts

Leave a Comment

VOM News

FREE
VIEW