ထိုင်း-မြန်မာနယ်စပ်ရှိ ဘုရားသုံးဆူဂိတ်တွေ ယာယီပိတ်ထားတဲ့အတွက် ပို့ကုန်၊ သွင်းကုန် အခက်ကြုံ

 

ဇွန် ၂၀ – ၂၀၂၄
SN (VOM)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မြန်မာ – ထိုင်းနယ်စပ်၊ ဘုရားသုံးဆူမြို့မှာရှိတဲ့ နယ်စပ်ဂိတ်တွေကို ယာယီပိတ်ထားတဲ့အတွက် ကုန်ပစ္စည်း တင်ပို့၊ တင်သွင်းမှု အခက်ကြုံနေရတယ်လို့ ကုန်တင်ယာဉ်မောင်း‌တွေနဲ့ ကုန်သည်တွေက ပြောပါတယ်။

ဘုရားသုံးဆူဂိတ်ကို ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့၊ မနက်ပိုင်းမှစတင်ကာ မြန်မာဘက်ကနေ ယာယီပိတ်လိုက်တာဖြစ်ပြီး ပြန်လည်ဖွင့်လှစ်မယ့် ရက်ကိုလည်း အတိအကျ မသိရသေးဘူးလို့ ကုန်တင်ယာဉ်မောင်းတယောက်က ပြောပါတယ်။

“ဘာကြောင့် ပိတ်တယ်ဆိုတာလည်း မသိရဘူး။ တရားဝင် ထုတ်ပြန်ကြေညာတာမျိုးလည်း မရှိဘူး။ ဂျပန်ရေတွင်းဘက်က ဂိတ်ကိုလည်း ပိတ်ထားတယ်။ ဘယ်တော့ပြန်ဖွင့်မယ် မသိသေးတော့ လုပ်ငန်းလည်း နားထားရတယ်။ ပိတ်တာ အချိန်မကြာဖို့ဘဲ မျှော်လင့်ရတယ်” လို့ သူက ပြောပါတယ်။

ကုန်သည်တွေကတော့ မြန်မာ – ထိုင်းနယ်စပ် မြဝတီမြို့မှာ မိုးရာသီကာလအတွင်း ကုန်တင်ကားတွေသွားလာဖို့ အခက်အခဲရှိနေတာကြောင့် အခုရက်ပိုင်းအတွင်း ဘုရားသုံးဆူ နယ်စပ်ဘက်ကသာ ကုန်သွယ်မှု အဓိက ပြုလုပ်နေတာဖြစ်တယ်လို့ ပြောကြပါတယ်။

“အခုက နယ်စပ်မှာ ဘယ်လမ်းပန်းဆက်သွယ်ရေးမှ အဆင်ပြေတာမဟုတ်ဘူးလေ။ ဒါပေမယ့် ဝမ်းရေးကလည်း ရှိသေးတော့ ရှိတဲ့ လမ်းကြောင်းတွေကပဲ အဆင်ပြေသလို အလုပ် လုပ်နေရတယ်။ တခုပြီးတခု ပိတ်ကုန်တော့လည်း ဘာမှ မတတ်နိုင်ဘူးပေါ့။ ဂိတ်တွေပိတ်ထားတော့ ကုန်စည် စီးဆင်းမှုတွေကတော့ ရပ်တန့်သွားတာပေါ့။ ပိတ်တာ ရက်ကြာလာရင်တော့ ကုန်ပစ္စည်း ပြတ်လတ်မှုတွေ၊ ဈေးတက်တာတွေ ထပ်ပြီး ဖြစ်လာနိုင်တယ်” လို့ ကုန်သည်တယောက်က ပြောပါတယ်။

ထိုင်း – မြန်မာနယ်စပ်ရှိ ဘုရားသုံးဆူ နယ်စပ်ဂိတ်အပါအဝင် တရားမဝင်နယ်စပ် ကုန်သွယ်ရေးဂိတ် ၂၂ ခုကို ထိုင်း – မြန်မာ ဒေသအာဏာပိုင်တွေ အချင်းချင်း နားလည်မှုနဲ့ ညှိနှိုင်းဖွင့်လှစ်ထားကြပြီး အခြေအနေအရ မကြာခဏ ပိတ်ခြင်း၊ ပြန်ဖွင့်ခြင်းတွေ လုပ်ဆောင်လေ့ရှိတယ်လို့ သူက ပြောပါတယ်။

နှစ်နိုင်ငံ ကုန်သွယ်မှုအနေနဲ့ မြန်မာနိုင်ငံဘက်မှ ဆန်၊ ကြက်သွန်နီ၊ ရေထွက်ကုန် စတဲ့ ကုန်ပစ္စည်းတွေ တင်ပို့နေသလို ထိုင်းနိုင်ငံဘက်ကနေ အလှကုန်ပစ္စည်းတွေ၊ အိမ်ဆောက်ပစ္စည်းတွေနဲ့ စားသောက်ကုန်တွေ တင်သွင်းနေတာဖြစ်တယ်လို့ သူက ပြောပါတယ်။

လက်ရှိမှာ ထိုင်း- မြန်မာ နယ်စပ်ကုန်သွယ်ရေးဖြစ်တဲ့ မြဝတီနယ်စပ်ဂိတ် အပါအဝင် တာချီလိတ်၊ မယ်ဆိုင်၊ မြဝတီ- မဲဆောက်၊ ထီးခီး -နမ့်ဖုရော်နဲ့ ကော့သောင်း-ရနောင်း စတဲ့ နယ်စပ်ဂိတ်တွေမှာ တိုက်ပွဲ အခြေအနေနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် ကုန်စည်စီးဆင်းမှု နှောင့်နှေးလျက်ရှိတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

#voiceofmyanmar #VOM #ထိုင်း #မြန်မာ #နယ်စပ် #ဘုရားသုံးဆူဂိတ် #ယာယီပိတ် #ပို့ကုန် #သွင်းကုန် #အခက်ကြုံ

Related posts

Leave a Comment

VOM News

FREE
VIEW